Friday, December 26, 2008

+ စစ်ဖြစ်လျင်

စစ်ဖြစ်လျင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။

စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။

စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။


ကဗျာလေးကို ကြိုက်နှစ်သက်၍ သာကီနွယ် ဘလော့မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။


စာအပြည့်အစုံသို့….

Sunday, December 21, 2008

+ ကျွန်တော်နှင့် သူမ၏ကိုယ်ပွား


မိန်းကလေး အရွယ်စုံတော်တော်များများသည် အရုပ်များကို နှစ်သက်ကြသည်။ ထိုအထဲတွင် ကျွန်တော့်ချစ်သူလေးကလည်း အပါအ၀င်ဖြစ်သည်။ မွေးနေ့တိုင်းမှာ မကြီးမငယ်နှင့် အရုပ်များကို ခုံမင်စွာ လက်ဆောင်တောင်းလေ့ရှိသော သူမ။ တစ်ခုသော ညနေခင်းတွင် RP ရဲဘော်က အဆောင်ကို ရောက်လာကာ ကျွန်တော့်ဧည့်သည် ဂိတ်တွင်ရောက်နေကြောင်း လာပြောလေသည်။ သူမပဲဖြစ်နိုင်ချေရှိသည်ကို တွေးမိကာ ယူနီဖောင်းလဲမည့် အစီအစဉ်ကို ဖျက်ကာ RP နောက်မှ ခပ်သွက်သွက်လေးလိုက်ခဲ့သည်။ သူမကားလေးက RP ဂိတ်တဲနားတွင်ထိုးရပ်ထားလေသည်။ ကျွန်တော်ကားအနားရောက်တော့ သူမ ကမန်းကတမ်းဆင်းလာကာ..
"ကိုကြီး....မီးငယ်..ခရီးသွားရမယ်။ ၅ရက်လောက်ကြာမယ်။"
"ဒါများ မီးငယ်ရယ်..ဖုန်းဆက်လိုက်လည်းရသားနဲ့။ အဝေးကြီးလိုက်လာရတယ်လို့။"
သူမ ဘာမှမပြောပဲ ကားတံခါးတစ်ဖက်ခြမ်း(lover seat)ဖက်ကို ပြေးသွားကာ ကားထဲမှ ပစ္စည်းတစ်ခုထုတ်နေလေသည်။ သူမ..ကျွန်တော့်နားပြန်ရောက်လာချိန်တွင် ဘာပြောရမှန်း မသိနိုင်လောက်အောင် ကျွန်တော်ဆွံအသွားသည်။

သူမလက်ထဲတွင် ကျွန်တော့်ခါးလောက်အမြင့်ရှိသော ၀က်ဝံရုပ်တစ်ခု၊ ပြီးတော့ ကျွန်တော့်လက်ထဲသို့ ထိုးထည့်လေသည်။
"ကိုကြီး..ဒီဝက်ဝံရုပ်ကို ယူသွားနော်။ မီးငယ်ခရီးသွားနေတုန်း..မီးငယ်ကိုယ်ပွား ဒီကောင့်ကို ထားခဲ့မယ်။ ဒါပဲ"
သူမစကားက ပြတ်သားလှသည်။ ဘေးကျပ်နံကျပ်။
"မီးငယ်..ကိုယ်ကစစ်သားနော်..မီးငယ်။ ဒီအရုပ်ကြီးက ဘာလုပ်ရမှာတုန်း။ မီးငယ်ကို သတိရရင်ဖုန်းဆက်လိုက်မယ်လေ။ ဒါကြီးကို မထားခဲ့နဲ့ကွာ။"
သူမ မျက်နှာက ငိုတော့မယောင်။ သြ..မိန်းကလေးတွေများ တယ်လည်းတတ်နိုင်ကျသကိုး။ နောက်ဆုံးတွင်တော့ အမောင်ယောကျာ်းကြီးကပဲ သဘောထားကြီးရတော့သည်။ သူမက ၀မ်းပန်းတသာဖြင့် ပြန်ရန်ကားပေါ်သို့တက်သွားလေသည်။ တပ်ဂိတ်တံခါးဖွင့်သံကြောင့် နောက်ဖက်ကိုလှည့်ကြည့်မှ တပ်ရင်းမှူး၏ကားဝင်လာလေသည်။

ပြသနာက စပါပြီ။ ၀တ်ထားတာ ယူနီဖောင်း။ လက်တစ်ဖက်မှာက ၀က်ဝံရုပ်တစ်ကောင်။ အလေးကပြုရတော့မည်။ အရုပ်ကလည်း ပစ်ချမရ။ အလေးကလည်း မပြု၍မရ။ နောက်ဆုံးတွင်တော့ အရုပ်ကို ဘေးကပ်လျက်ပိုက်ကာ အလေးပြုလိုက်ရသည်။ သူမကတော့ အဖြစ်အပျက်များအားလုံးမြင်ကာ လျှာလေးသာထုတ်ပြကာ ထွက်ခွာသွားလေသည်။ ကျွန်တော်လည်း ရှက်ရှက်ဖြင့် အခြားသူများ ထပ်မမြင်ခင် အရုပ်ကို ရင်ဝယ်ပိုက်ကာ အဆောင်သို့ပြေးရလေသည်။

ဝက်ဝံလေးရောက်ပြီး ၂ရက်မြောက်နေ့တွင် ရင်းမှူးကလိုင်းတွေစစ်မယ်ဆိုတော့ ပြသနာက စပါပြီ။ ဒီအကောင်ကိုက ဘယ်နားသွားထားရမည်မသိ။ သေတ္တာကလည်း ဟမ်ဘာကာဖြစ်နေပြီ။ အိမ်သာထဲကလည်း ထည့်လို့မကောင်း။ နောက်ဆုံးတွင်တော့ ကတင်ပေါ်တွင်သာ နံရံကိုမှီ၍ အခန့်သားထိုင်ခိုင်းထားလိုက်တော့သည်။ ကျွန်တော့်အခန်းဝသို့ ရင်းမှူးရောက်ချိန်တွင် ဘာမှမပြောဘဲ ခပ်ပြုံးပြုံးဖြင့်သာ ကျွန်တော့်ပခုံးကိုပုတ်ကာ ပြန်ထွက်သွားလေသည်။ ထိုမှသာ ကျွန်တော်အသက်၀၀ရှူနိုင်တော့သည်။ ကျွန်တော့်အဖြစ်ကို ညီတော်များက ပြောပြောကာ အောချနေကြလေသည်။

သြ..ချစ်သူ၏ ကိုယ်ပွားလေး...ချစ်သူ၏ကိုယ်ပွားလေး။ ကျွန်တော့်ချစ်သူအပါအ၀င် မိန်းကလေးများကို အကြံပေးချင်တာကတော့ ယောကျာ်းလေးများနှင့် အရုပ်ဆိုတာ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကျွန်တော့်ချစ်သူလေးကိုလည်း ဒီဘလော့လေးကို ဖတ်ပြီး သိစေချင်တယ် (ကိုယ်တိုင်တော့ မပြောရဲဘူး။) ကျွန်တော့်၏ ချစ်သူကိုယ်ပွားလေး...........နားလည်ပေးနိုင်ပါစေ။

စာအပြည့်အစုံသို့….

Friday, December 19, 2008

+ ထားတတ်ရင် ကုသိုလ်၊ ယူတတ်ရင် ကုသိုလ်ပါ


မိုင်ပေါင်းများစွာဝေးကွာပြီး ရက်လပေါင်းများစွာ မတွေ့ရတဲ့ချစ်သူနှင့် ပြန်ဆုံခွင့်ရရင် ထိုနေ့လေးမှာ ဘာတွေဘယ်လိုလုပ်မယ်ဆိုတာကို လူတိုင်း လူတိုင်း စိတ်ကူးယဉ် ပုံဖော်ကြည့်ကြမည်သာဖြစ်သည်။ ကျွန်တော်လည်းထိုနေ့လေးကို စိတ်ကူးယဉ်မှုပေါင်းများစွာဖြင့် ရက်လပေါင်းများစွာ တွေ့ခွင့်မရခဲ့သော သူမနှင့် ပြန်ဆုံမည့်နေ့တွင် ချိန်းဆိုထားသော နေရာသို့ စိတ်အလျင်စောစွာရောက်ရှိလာခဲ့သည်။ စစ်သားတို့မည်သည် ပိတ်ရက်ဆိုတာ မရှိ။ စနေ၊ တနင်္ဂနွေဆိုတာ ဝေး။ အလျင်းသင့်သလို တာဝန်ပါးသော ရက်လေးများတွင် မိဘမောင်ဖွားများဆီသွားလိုကသွား၊ ချစ်သူသက်ထားဆီ ချစ်တေးဆိုရန် ပြေးလိုကပြေး.. ကျွန်တော်လည်း တာဝန်လေးပါးတုန်း သူမနှင့်တွေ့ရမည့်အရေးကို အပြေးလာခဲ့ခြင်းဖြစ်သည်။ ချိန်းဆိုထားသောနေရာသို့ သူမရောက်လာပါသည်။ ရက်ပေါင်းများစွာ ဝေးကွားနေသော ချစ်သူကို ရင်ခွင်ခြားတွင် ထွေးပွေ့ထားကာ ကောင်းကင်ပြာကြီးကို ကြည့်ရင်း အနာဂတ်အရေးများကို ဆွေးနွေးမည်ဆိုသော ကျွန်တော့်စိတ်ကူးများသည် တတ်တတ်စင်အောင်လွဲခဲ့ရသည်။ သူမပြောလိုက်သော စကားက လှည်းကူးသွားမယ်တဲ့။ ဒီနေ့ကလေးတွေကို လာခဲ့မယ်ပြောထားလို့တဲ့။ အလှူငွေထည့်စရာလည်းရှိလို့ပါတဲ့။ သူမပြောလိုက်ကတည်းက ဘယ်နေရာဆိုတာသိလိုက်သည်။ သူမနှင့်ဖုန်းပြောတိုင်း ကြားဖူးနေသော လှည်းကူးမြိုနယ်ရှိ မိဘမဲ့ဂေဟာတစ်ခုဖြစ်သည်။

ထိုမိဘမဲ့ဂေဟာသည် ချင်းတိုင်းရင်းသားများအများစုကို လက်ခံထားသော နေရာလေးတစ်ခုဖြစ်သည်။ ဦးစီးဦးဆောင် ကမကထလုပ်သူများနှင့် ဂေဟာမှူးကတော့ ချင်းတိုင်းရင်းသားများဖြစ်ကြသည်။ ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့ရွာများနှင့် ဝေးလံခေါင်ဖျားသော ဒေသများမှ ကလေးငယ်များကို ပညာသင်ကြားပေးရန်အတွက် မိဘမဲ့ကလေးများသာမက၊ မိဘများရှိသော်လည်း ကလေးပညာရေးအတွက် လာရောက်အပ်နှံထားသော ကလေးများကိုပါ စနစ်တကျလက်ခံထားရှိပါသည်။ သို့သော်လည်း လူမှုဝန်ထမ်းဦးစီးဌာနမှ ချမှတ်ထားသော ကလေးပြုစုစောင့်ရှောက်ရေးဂေဟာတစ်ခုရှိသင့် ရှိထိုက်သော အဆောက်အအုံ၊ မြေအနေအရာအကျယ်အ၀န်းတို့နှင့် မကိုက်ညီသေးသောကြောင့် တရားဝင် Media များမှ တဆင့် အလှူငွေကောက်ခံခြင်းများ မပြုလုပ်နိုင်သေးချေ။ သို့သော်လည်း လက်ဆင့်ကမ်းပြောကြားမှုများမှ တဆင့် ရရှိသော အလှူငွေများဖြင့် ကလေးများပညာသင်ကြားရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုပါသည်။ အထက်တန်းပိုင်းများကိုသာ သီးသန့်စာကျက်ဝိုင်းများသို့ ပို့ကာ သင်ကြားစေပြီး အလယ်တန်းနှင့် အငယ်တန်းကျောင်းသားများကို ဂေဟာမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းလူငယ်များက သင်ကြားပေးကြပါသည်။ ကျွန်တော့်ချစ်သူလေးကလည်း အပါအ၀င်ပေါ့။ သို့သော်လည်း ဒီနေ့ကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပြန်ဆုံစည်းခွင့်ရသော ရက်လေးဖြစ်သောကြောင့် စိတ်ထဲတွင်တော့ စနိုးစနှောင့်ဖြစ်မိသည်။ သို့သော်လည်း သူမခေါ်ရာ ထိုမိဘမဲ့ဂေဟာသို့ ရောက်ရှိလာခဲ့ပါသည်။

သူမကတော့ရောက်ကတည်းက ကလေးတွေကို ပါလာတဲ့မုန့်တွေနဲ့ စည်းရုံးရေးဆင်းကာ စာသင်ရန်ပြန်ဆင်နေပါတော့သည်။ ပထမတော့ ကျွန်တော်လည်း သူမဘေးတွင် ငုတ်တုတ်။ နောက်တော့လည်း မနေသာတော့ အငယ်တန်းကျောင်းသားအချို့ကိုပါ ခေါ်၍ ကျွန်တော်ပါ စစ်သားဘ၀မှ ကျောင်းဆရာဘ၀သို့ပြောင်းရတော့သည်။ မနက် ၉နာရီလောက်ကစသင်လိုက်တာ နေ့လည်ထမင်းစားချိန်ရောက်တော့ တန်းဖြုတ်လိုက်သည်။ သူမဆီမှ အပြုံးနုနုလေးကို ရလိုက်သော်လည်း ကလေးများကျွန်တော့်ကို ထမင်းစားဆင်းချိန်လွှတ်ပေးလိုက်သောကြောင့် ပြုံးပြလိုက်ကျသော အပြုံးလေးများက ပိုချိုအေးသလိုခံစားရသည်။ ကလေးများထမင်းစားချိန်တွင် သူမနှင့်ကျွန်တော်တို့ လှည်းကူးဈေးဘက်ထွက်ခဲ့ကာ ဂေဟာအတွက်လိုအပ်သော အိမ်သုံးဆေးဝါးများနှင့် ပြီးခဲ့သော အပတ်က သူမသူငယ်ချင်းဆရာဝန်မှာခဲ့သော ကလေးများအတွက် လိုအပ်သော ဆေးများကို သွားရောက်ဝယ်ပေးခဲ့သည်။

ဈေးကပြန်လာပြီး သူမက ဂေဟာမှူးထံသို့ ဆေးများနှင့် အလှူငွေကိုလည်း ပေးနေပြန်သည်။ ထိုအလှူငွေကတော့ ရုရှားတွင် ပညာတော်သင်သွားရောက်နေသော တပ်မတော်ဆေးတက္ကသိုလ်အပတ်(၅)မှ အစ်ကိုကြီးတစ်ယောက်ဆီမှ ထည့်ဝင်လိုက်သော အလှူငွေ နှစ်သောင်းကျပ်ဖြစ်သည်။ သူမက စည်းရုံးရေးဆင်းတာတော့ တော်တော်ကောင်းသည် လွန်ခဲ့သော အပတ်ကလည်း သူမသူငယ်ချင်း စစ်ဆရာဝန်တစ်ယောက်ကို အကူအညီတောင်းကာ ကလေးများ၏ ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ရန် ခေါ်လာခဲ့သေးသည်။ အပြန်လမ်းတွင်သာ သူမနှင့်ကျွန်တော်အေးအေးဆေးဆေးစကားပြောနိုင်သည်။ ကျွန်တော်တို့က Bus ကားကို ဂိတ်စလောက်နီးနီးကစီးတာဆိုတော့ ထိုင်ခုံရသောကြောင့် တော်သွားသေးသည်။ နှစ်နာရီလုံးလုံးမတ်တပ်ရပ်ရလျှင် မချောင်ချေ။ ကားပေါ်ရောက်ပြီး သိပ်မကြာလိုက်ပါ..မှတ်တိုင်တစ်ခုတွင် ကလေးနှင့် မိန်းမတစ်ဦးတက်လာသည်။ သူမက မပြောမဆိုပင်နေရာထပေးလိုက်သည်။ ကျွန်တော်လည်းမနေသာတော့ ကျွန်တော့်နေရာကို သူမအားပေးလိုက်သည်။ သိပ်မကြာပါ..တပ်ကြပ်ကြီး ဆရာကြီးတစ်ဦးတက်လာသည် လက်တွင်လည်း အထုပ်အပိုးပေါင်းများစွာဖြင့် သူမထပေးပြန်သည်။ ကျွန်တော်လည်း သူမကို နားမလည်နိုင်အောင်ဖြစ်မိသည်။ နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက်လုံး မတ်တပ်ဖြင့် ရန်ကုန်ထိစီးလာခဲ့ရသည်။ သို့သော် ခရီးအဆုံးတွင် ကျွန်တော် ပျော်ရွှင်မိခဲ့သည်။ ထိုနေ့လေးသည် အလှပဆုံး ပြန်လည်ဆုံစည်းခွင့်ရခဲ့သော နေ့လေးဖြစ်ခဲ့သည်။

ကားပေါ်တွင် သူမပြောခဲ့သော စကားလေးများက....
"ကိုကြီး.. မီးငယ်ရဲ့မိဘတွေကြောင့် မီးငယ်ပညာတတ်ခဲ့တယ်။ မီးငယ်..ဆရာမ မဟုတ်ဘူး။ ဒါပေမယ့် မီးငယ်နိုင်တဲ့ ပညာရေးကူညီမှုနဲ့ မိဘမဲ့ကလေးတွေကို ကူညီတယ်။ မီးငယ်တို့က သူများတွေလို သိန်းပေါင်းများစွာ အလှူကြီးတွေ မလုပ်နိုင်ဘူး။ မီးငယ်တတ်နိုင်သလောက် ဆော်သြတယ်။ အထူးသဖြင့် ကိုကြီးတို့လို စစ်သားတွေ။ ကိုကြီးတို့က ရတဲ့လစာလေးနဲ့ တစ်ဦးတည်း အလှူကြီး အတန်းကြီးတွေကို မလုပ်နိုင်ဘူး။ ကိုကြီးတို့တတ်တဲ့ပညာလေးနဲ့ တတ်နိုင်သလောက်လေး ကူညီတာကလည်း ကုသိုလ်ပြုတာပါပဲ။ မီးငယ်သူငယ်ချင်း စစ်ဆရာဝန်ကို ခေါ်လာတယ်ဆိုတာလည်း သူတတ်တဲ့ ပညာလေးနဲ့ ကုသိုလ်ပြုနိုင်အောင်ပါ။ ခဏတုန်းက ခုံကို ထပေးတယ်ဆိုတာကလည်း သူတို့က သက်ကြီးရွယ်အိုနှင့် ကလေးအမေတွေ သူတို့ကို ခုံနေရာလှူဒါန်းလိုက်တယ်လို့ စိတ်ထဲက ထားတတ်ရင်လည်း ဒါကုသိုလ်ပါပဲ။ မီးငယ်တို့က လူငယ်တွေပဲလေ မတ်တပ်ရပ်စီးလိုက်လို့ ဒုက္ခရောက်သွားတာမှ မဟုတ်တာ။ ဒါကတော့ လမ်းသွားရင်း ယူတဲ့ကုသိုလ်ပေါ့..ကိုကြီးရယ်။"

ဝိတိုရိယကလေးများပြုစုစောင့်ရှောက်ရေးပဟိတဂေဟာ (Victoria Childcare Center-VCC)
အမှတ် ၇၁၉၊ နှင်းဆီလမ်း (ရုပ်ရှင်ရုံမှတ်တိုင်)
မြို့မတိုးချဲ့ ၈/၂
လှည်းကူးမြို့နယ်
Phone : 095178152
Email : info@vccmyanmar.org, vcc2003@gmail.com
Website: www.vccmyanmar.org
(ယခုအချိန်တွင် ကလေးများအတွက် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာများလိုအပ်နေပါသဖြင့် အသင်လည်း ကုသိုလ်ပြု ပါဝင်နိုင်ကျပါစေ။)

စာအပြည့်အစုံသို့….

Friday, December 12, 2008

+ အားငယ်သူ အားပေးပါ.. လဲနေသူ ထူပေးပါ

မနေ့က စခန်းစစ်ထွက်ရမည်ဆိုသောကြောင့် လှည်းကူးတစ်ဝိုက်ကို ရောက်ရှိခဲ့သည်။ အလုပ်တာဝန် ခဏနားချိန်တွင် သူငယ်ချင်းတစ်ယောက်ပြောဖူးသော မရမ်းချောင်းဆိုသော ရွာကလေးဆီသို့ ဆိုင်ကယ်လေးဖြင့် ထွက်ခဲ့လိုက်သည်။ ကတ္တာရာလမ်းမကြီးမဟုတ်သော်လည်း မြေသားသိပ်နေပြီဖြစ်သော ခြောက်လမ်းသွားလမ်းမဟောင်းကြီးသည် မည်သည့်နေရာမှ စ၍၊ မည်သည့်နေရာတွင် ဆုံးသည် မသိ။ သို့သော် ကျွန်တော်သွားလိုသော မရမ်းချောင်းရွာကလေးဆီကိုတော့ ချောချောမွေ့မွေ့ပင်ရောက်ရှိသွားခဲ့သည်။ ရွာအ၀င်နားလေးတွင်ပင် လမ်း၏ ဘယ်ဖက်အခြမ်းတွင် ပရဟိတ ကျွေးမွေးစောင့်ရှောက်ရေးဂေဟာဆိုသည် ဆိုင်းဘုတ်အပြာရောင်ကြီးပေါ်တွင် အဖြူရောင်စာလုံးများ ရေးထွင်းထားသော ဆိုင်းဘုတ်ကြီးကို တွေ့မြင်ရသည်။

ဂေဟာလေးကတော့ ဘားတိုက်ပုံစံ “ဂ”ငယ်ပုံဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ပြီး အလည်မြေလွတ်တွင် သက်ကယ်မိုးထားသော မြေတလင်းကို ခန်းမအသွင် ပြုလုပ်ထားပါသည်။ ထိုဂေဟာလေးသည် အနာကြီးရောဂါသည်များကို ကျွေးမွေးပြုစုစောင့်ရှောက်သော နေရာလေးတစ်ခုဖြစ်သည်။ ရောဂါဝေဒနာများ ပျောက်ဆုံးသွားကြပြီ ဖြစ်သော်လည်း၊ ဝေဒနာဖြစ်ပွားစဉ်က ရရှိခဲ့သော ဆိုးကျိုးများဖြစ်သည့် ခြေလက်များ ကွေးကောက်ခြင်း၊ နှာခေါင်းရိုးများတိုဝင်သွားခြင်း၊ လက်ချောင်းခြေချောင်းများမရှိတော့အောင် ဆိုးရွားခဲ့သည့် လူ့ဘ၀အကျည်းတန်မှုများကို ခံစားနေကြရသော သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်း အသက်၄၅ နှစ်ပိုင်းလောက် လူများကို တွေ့ရသည်။ ဂေဟာစည်းကမ်းအရ မြို့ရွာများသို့ သွားရောက်ကာ တောင်းရမ်းစားသောက်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားကာ နိုင်ငံတော်အစိုးရက မတည်ငွေနှင့် စေတနာရှင် အချို့၏ လှူဒါန်းမှုများ၏ အတိုးအညွန့်များဖြင့် ဂေဟာရှိ ရောဂါဝေဒနာခံစားခဲ့ရသော ဝေဒနာရှင်များကို ကျွေးမွေးစောင့်ရှောက်ထားပါသည်။

တစ်နိုင်တစ်ပိုင်အနေဖြင့်လည်း သက်ငယ်သော ဝေဒနာရှင်များက ရွာတွင်းရှိ ဆိတ်ကျောင်းခြင်း၊ တောင်းယက်ခြင်း၊ အင်္ကျီချုပ်ခြင်းစသည်များကို လုပ်ကိုင်၍ အခြားဝေဒနာရှင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်လျက်ရှိပါသည်။ ကျွန်တော်လည်း ထိုအကြောင်း အခြင်းအရာများကို တွေ့ရသော် စိတ်မကောင်းဖြစ်မိသည်မှ တပါးအခြားမတတ်နိုင်။ ကျွန်တော့်ရသည့် လစာလေးထဲမှ ဖဲ့လှူသော်လည်း အရာမရောက်။ တပ်သို့ပြန်ရောက်သည်အထိ စိတ်မကောင်းဖြစ်မိသည်။ နောက်ဆုံးသူငယ်ချင်းမလေးဆီသို့ ဖုန်းဆက်ပြီး ထိုအကြောင်းအရာများကို လက်ဆင့်ကမ်းလိုက်မိသည်။ မကြာလိုက်ပါ.. နောက်နှစ်ရက် မြောက်သောနေ့ တစ်ခုသော မနက်တွင် ကျွန်တော့်ကို ရဲဘော်လေးတစ်ယောက်က ရိပ်သာသို့ ပြေးလာခေါ်သည်။ သူငယ်ချင်းမလေးဆီကဖုန်းလာသည်တဲ့ ပြန်ဆက်မယ်တဲ့..

သူမ ပြန်ဆက်လာပါသည်။ မနက်ဖြန် သူမမိသားစုနှင့်တကွ သူငယ်ချင်းအချို့နှင့်အတူ မရမ်းချောင်း ပရဟိတသို့ လာရောက်မည်ဖြစ်ကြောင်း လမ်းတ၀က်မှ စောင့်နိုင်လျှင်စောင့်ပေးပါဆိုတဲ့အကြောင်းပြောလာသည်။ ကျွန်တော်အလွန်တရာ ၀မ်းသာမိသည်။ မိမိမလှူဒါန်းနိုင်သော်လည်း နတ်လမ်းညွှန်ဖြစ်ခဲ့သည်။ ဖြစ်ချင်တော့ မနက်ဖြန်စခန်းစစ်ကရှိပြန်သည်။ သို့သော်လည်း တပ်ရင်းမှူးကို အကြောင်းစုံရှင်းပြပြီး မရမ်းချောင်းမှ အပြန်စခန်းစစ်ဝင်ခဲ့ပါမည့်အကြောင်း တင်ပြကာ သူငယ်ချင်းမလေးတို့လာမည့်လမ်းတွင် အပြေးသွားစောင့်ရပါသည်။ သူငယ်ချင်းမလေးတို့နှင့် အတူ ပရဟိတဂေဟာသို့ ဒုတိယအကြိမ်ရောက်ရှိခဲ့ပြန်ပါသည်။ သူမတို့ယူဆောင်လာသော လှူဒါန်းမည့် ပစ္စည်းများက တစ်ယောက်အိပ်ကိုးရီးယားစောင် တစ်ယောက်တစ်ထည်နှုံးဖြင့် စောင်(၅၄)ထည်၊ ဒန်ပေါက်ပွဲ(၆၀)နှင့် ငွေသားတစ်ဦးကို (၁၀၀၀)ကျပ်နှုံးဖြင့် လှူဒါန်းသွားကြပါသည်။ ကျွန်တော်ကတော့ ငွေကြေးအားဖြင့် မပါဝင်နိုင်ခဲ့သော်လည်း ကာယအားဖြင့်သာ ပါဝင်ကူညီနိုင်ခဲ့ပါသည်။ ဂေဟာတွင်နေထိုင်သူ ဝေဒနာရှင် စုစုပေါင်း(၅၀)ဦးရှိပါသည်။ ရွာထဲတွင် မိသားစုဖြင့်အတူတကွနေထိုင်သူ ဝေဒနာရှင် စုစုပေါင်း(၃၀)ဦးရှိပါသည်။ မရမ်းချောင်းရွာလေးတွင် အနာကြီးရောဂါဝေဒနာခံစားခဲ့ရသော လူဦးရေ(လက်ရှိစာရင်းများအရ) စုစုပေါင်း (၈၀)ဦးရှိပါသည်။

ထိုသို့သွားရောက်လှူဒါန်းချိန်တွင် အနာကြီးရောဂါဝေဒနာခံစားခဲ့ရသော ဝေဒနာရှင်တစ်ဦးက ဆွမ်းခံကြွသော ကိုရင်လေးနှစ်ပါးကို ဆွမ်းလောင်းလှူနေသော မြင်ကွင်းသည် ကျွန်တော့် မျက်စိထဲတွင် မထွက်နိုင်ပါ။ ရောဂါ၏တိုက်ခိုက်မှုများကြောင့် လက်ချောင်းလေးများကွေးကောက်နေသော်လည်း ကြိုးစားပြီး မြေပြင်တွင် ၀ပ်ဆင်းကာ ထိခြင်းငါးပါးဖြင့်ကန်တော့နေသော…. ဝေဒနာရှင်တစ်ဦး။ ။

အနာကြီးရောဂါဝေဒနာရှင်များကို လူ့ဘောင်လောကမှ ပစ်ပယ်ထားခြင်းမပြုပဲ……အားငယ်သူများကို အားပေးခြင်းဖြင့် လူ့ဘောင်လောကကြီး သာယာလာအောင် ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။



ဆက်သွယ်လှူဒါန်းရန်လိပ်စာ
ပရဟိတကျွေးမွေးစောင့်ရှောက်ရေးကော်မတီ
မရမ်းချောင်းကျေးရွာ
လှည်းကူးမြို့နယ်။ ဖုန်း - ၆၀၀၂၆၁

ဦးမောင်မြင့်
ဒုတိယညွှန်ကြားရေးမှူး
လူမှုဝန်ထမ်းဦးစီးဌာန။ ဖုန်း - ၆၆၃၃၉၂

တိုင်းဦးစီးအရာရှိ
ရန်ကုန်တိုင်း လူမှုဝန်ထမ်းရုံး
အမှတ်(၁၉၄)၊ ဗိုလ်တစ်ထောင်ဘုရားလမ်း။ ဖုန်း -၂၉၂၆၁၁

ဥက္ကဌ
မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ
လှည်းကူးမြို့နယ်။ ဖုန်း - ၆၂၉၀၃၈

[အထက်ဖော်ပြပါလိပ်စာများသည် ထိုဂေဟာမှပေးလိုက်သော လက်ကမ်းစာစောင်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ ]

စာအပြည့်အစုံသို့….

Tuesday, December 9, 2008

+ ၁၇ ဒီဇင်ဘာနှင်း


နှင်းတွေမှုန်မှိုင်း
ရှစ်ခွင်တိုင်းလည်း
မှုန်ရီေ၀၀ါး...
သို့သော်ငြားလည်း
ငါတို့ပခုံး
ကြယ်နှစ်လုံးက
မိုးရံထက်သို့
လွှမ်းခြုံခဲ့သည့်
ဆောင်းရာသီ..။

"နှစ်ထောင့်ရှစ်ခု
ဒီဇင်ဘာလ
တစ်ဆယ့်ခွန်တွင်"
လေးဆယ့်ခွန်တို့
ပခုံးပြောင်းပြီး
တိုးမြှင့်တာဝန်
ထမ်းကြရမည်...။

ညီနောင်များတို့
သစ္စာလေးချက်
ဦးထိပ်ရွက်လို့
ပေးအပ်တာဝန်
ထမ်းဆောင်ကြမည်
ရှေ့သို့ချီ...။

၁၇၊ ဒီဇင်ဘာလ၊ ၂၀၀၈ ခုနှစ်တွင်ကျရောက်မည့် စစ်တက္ကသိုလ်အပတ်စဉ်(၄၇)တို့၏ ကျောင်းဆင်းပွဲအထိမ်းအမှတ်နေ့ကို ဂုဏ်ပြုရေးသားရင်း ညီမလေးDream Tag ထားတဲ့ "အကြိုက်ဆုံးကဗျာ"လေးအဖြစ် ဖော်ပြလိုက်ပါတယ်။
+ ကျောင်းဆင်းပွဲမှတ်တမ်းသတင်းစာဖော်ပြချက်

စာအပြည့်အစုံသို့….

Sunday, December 7, 2008

+ နယ်မြေခြားသော မတူညီသောဓလေ့


နိုင်ငံခြားပညာတော်သင်ကျောင်းသားဘ၀အတွေ့အကြုံလေးပေါ့ဗျာ။ နောင်လာနောက်သား ညီနောင်များလည်း ဖတ်ရှုပြီး ကျွန်တော်တို့လို အဖြစ်မျိုးနဲ့ မကြုံရလေအောင်ပေါ့။ တာဝန်ပေးချက်အရကျွန်တော်တို့ နောင်တခေတ်၏အောင်စစ်သည်တော်လေးများလည်း Qatar လေယာဉ်ကြီးကိုစီးပြီး အမိမြေက မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ရုရှားနိုင်ငံကို ရောက်ရှိလာပါသည်။ ဒေသစံတော်ချိန်က ညအချိန်လောက်ရောက်သွားတော့ ကျွန်တော်တို့တွေကို ဟိုတယ်တစ်ခုမှာ နေစရာစီစဉ်ပေးပြီး ညစာဖြင့်တည်ခင်းဧည့်ခံပါသည်။ ညစာစားခန်းက စားပွဲကြီးမှာ တစ်ဝိုင်းကိုလေးယောက်။ ကျွန်တော်တို့လည်း ပေကြောင်ပေကြောင်နဲ့ ၀င်ထိုင်လိုက်သည်။ အဲဒီအချိန်မှာ စားပွဲပေါ်မှာ တစ်ယောက်ကို ချိစ် တစ်ဗူး၊ ပေါင်မုန့် နှစ်ချပ်၊ ပျားရည်ဗူးတစ်ဗူး၊ အချိုရည်တစ်ဗူး စီချထားပေးသည်။ အလယ်မှာ ဆားတစ်ဗူး၊ ငရုပ်ကောင်းတစ်ဗူး။ (ပထမတော့ ဘာအတွက် မှန်း နားမလည်သော်လည်း နောင်တွင် ဤဆားဗူးလေးသည် ကျွန်တော်တို့လေးယောက်လက်တွင် သွက်သွက်ခါအောင် မချနိုင်အောင်ဖြစ်ခဲ့ရသည်။)
လေယာဉ်ကလည်း အကြာကြီးစီးလာရတာတစ်ကြောင်း လေယာဉ်ပေါ်တွင် စိတ်လှုပ်ရှားနေသောကြောင့် ကောင်းကောင်းပင် မစားခဲ့တာတစ်ကြောင်းကြောင့် ကျွန်တော့် အစာအိမ်ထဲတွင် စစ်ရေးပြကျင့်နေပြီ…...

မျှော်လင့်နေစဉ်အတွင်းမှာပဲ စွပ်ပြုပ်တစ်ပန်းကန်စီလာချပေးပါသည်။ ပန်းကန်ကြီးက အကြီးကြီးနဲ့ စွပ်ပြုတ်ရေတွေ အများကြီးပဲ။ လောလောဆယ်စားပွဲပေါ်မှာကလည်း လျှာပေါ်အရသာရှိနိုင်တာဆိုလို့ စွပ်ပြုတ်ပဲရှိလေတော့ ကျွန်တော်မြည်းကြည့်လိုက်တယ်။ အားပါး... သွားပါပြီ့။ ဘာနဲ့တူလည်းဆိုတော့ ကျွန်တော်တို့ဆီက ချဉ်ဟင်းကို ဆားပေါ့နေတဲ့အရသာနဲ့တူတယ်။ အမြဲသာဒါကိုကျွေးရင်တော့ပြဿနာပဲလို့။ ဒီလိုနဲ့ ခဏစောင့်နေလိုက်သေးတယ်။ ပြဿနာပဲ...

ဘာမှလာမချတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့ စွပ်ပြုပ်လာချတဲ့ အန်တီကြီးကို လှည့်ကြည့်လိုက်တော့ ရုရှားလို လိုပြောကာ အမူအရာဖြင့်လည်း စားလို့လုပ်ပြသည်။ အင်း... ဒါနဲ့ပဲ စားမှရတော့မယ်ပေါ့။ ဒီလိုချည်းသာအမြဲကျွေးရင် လူတော့”၀”လာမှာမဟုတ် ကြာရင်အားပြတ်တော့မှာပဲလို့စိတ်ထဲကတွေးရင်းနဲ့ ဆားနည်းနည်းထည့်လိုက်တယ်။ ကျန်တဲ့လူတွေကြည့်တော့လည်း ကိုယ့်လိုပဲ။ ဒီလိုဆိုရင်တော့ မချောင်ဘူးဟေ့တဲ့။ ကျွန်တော်လည်းအပေါ့အငန်မြည်းရင်းနဲ့ ဆားဗူးလေးလည်း စားပွဲပေါ် ပြန်မရောက်နိုင်လောက်အောင်ကို ရောင်းကောင်းသွားသည်။ အင်း... ဒီလိုဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။

ပေါင်မုန့်နဲ့ပျားရည်နဲ့ကို အရင်စားလိုက်အုံးမယ် ဆိုပြီး ပေါင်မုန့်ကို ကိုင်ကြည့်လိုက်တယ်။ အိုး.... ပြောမနေပါနဲ့တော့ ကျွန်တော့်တစ်သက်ဒီလောက်မာတဲ့ပေါင်မုန့်တစ်ခါမှ မမြင်ဖူးဘူး။ မြန်မာနိုင်ငံမှာ ဘယ်မှာမှ ရှာလို့မရနိုင်တဲ့ ပေါင်မုန့်။ ကိုက်ကြည့်လိုက်တယ်။ ဘယ်လိုမှအဆင်မပြေ။ အင်း….ကျောင်းတုန်းက ညညခေါက်ဆွဲခြောက်ခိုးစားတုန်းက ခေါက်ဆွဲခြောက်မာမာကို စားရလေခြင်းဆိုပြီး ၀မ်းနည်းခဲ့တာကိုတောင် ပြန်သတိရလိုက်သေး။

ထားလိုက်ပါတော့ ဆိုပြီး စောစောက စွပ်ပြုတ်ကိုပဲ တစ်ဝက်နီးပါးလောက် သောက်လိုက်တော့တယ်။ ဇာတ်လမ်းက ပြီးပြီလားဆိုတော့မပြီးသေးပါဘူး။ ချဉ်ဟင်းလိုလို စွပ်ပြုပ်လိုလို အရည်ကို တစ်ဝက်လောက်သောက်ပြီး ဗိုက်ကပြည့်ကာ အစာမကျေသလိုလို နေလို့ထိုင်လို့မကောင်းဖြစ်သွားသည်။ ဒါနဲ့ ပဲ စွပ်ပြုပ်ပန်းကန်ကို ဘေးနည်းနည်းတိုးပြီး အချိုရည်သောက်ဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ… စောစောကအန်တီကြီး ရောက်လာပြီး ကြက်ပေါင်ကြီးနဲ့ (ကြက်ပေါင်က တော်တော်ကြီးပါတယ် ကြက်တစ်ကောင်ရဲ့ လေးပုံတစ်ပုံလောက်ရှိတယ်) ခေါက်ဆွဲ တစ်ပွဲလာချပေးပါသည်။ ကြက်ပေါင်ကလည်း မြင်လိုက်တာနဲ့ စားချင်စရာပါ။ ဒါပေမယ့် ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး မစားနိုင်ကြတော့ပါဘူး။ အရင်လာချတဲ့ စွပ်ပြုပ်ကို မ၀မှာစိုးလို့ဆိုပြီး နင်းကန်အောက်အီးပြီး သောက်ထားကြတာလေ။ ကျွန်တော်တို့တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တက်တစ်ခေါက်ခေါက်ဖြင့်ပဲ အခန်းဆီသို့ ပြန်လည်ချီတက်လာခဲ့ရသည်။

မြန်မာတွေရဲ့ဓလေ့က ဟင်းပွဲအားလုံးဆုံပြီးမှ စားကြသော်လည်း အနောက်တိုင်းဓလေ့ကတော့ First Plate စွပ်ပြုတ်၊ second plate အသားတစ်မျိုးမျိုး သို့ pasta တစ်မျိုးမျိုး၊ ပြီးတော့မှ အသီးအရွက်လေးတွေကို salad ဆော့လေးဖြင့်ဆမ်းစားပြီး အချိုပွဲဖြင့် အပြီးသတ်တတ်တဲ့ ဓလေ့လေးကိုတော့ ကျွန်တော်တို့တွေ ကြက်ပေါင်တစ်လုံးကို ရင်းကာ သိလိုက်ရသော ပထမဆုံးသော မတူညီသော စားသောက်ပုံ ဓလေ့လေးကို ရရှိခဲ့ပါသည်။

မေတ္တာဖြင့်
Servena

စာအပြည့်အစုံသို့….

Saturday, December 6, 2008

+ ဝေလည်းမွှေး ကြွေလည်းမွှေး


၅-၁၂-၂၀၀၇ တွင် နိုင်ငံတော် ကာကွယ်ရင်း ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံးသွားသော ဗိုလ်ကြီးစိုးလွင်ဦး (DSA-44)

ကွယ်လွန်ဆုံးပါးသွားခဲ့တာ တစ်နှစ်ပြည့်ခဲ့သော်လည်း တနေ့မှ မေ့မရသေးပါ။

အမြဲတမ်းပြုံးနေတတ်တဲ့ အစ်ကို...

ကျွန်တော်တို့အပေါ်မှာ စေတနာထား ဆုံးမခဲ့တဲ့ အစ်ကို...

ကျွန်တော်တို့ စစ်သားတွေဘ၀ဆိုတာ နိုင်ငံတော်ကာကွယ်ရင်းနဲ့ ဘ၀ကို ဖြတ်သန်းနေကျသူတွေပါ။ အစ်ကို့လို ဝေလည်းမွှေးကြွေလည်းမွှေးဘ၀ကို ဂုဏ်ယူမိရင်း...

ကျဆုံးသွားသော အစ်ကိုကို သတိရလျက်...အလေးပြုရင်း။ ကောင်းရာသုဂတိလားပါစေ။

ညီနောင်များ..

စာအပြည့်အစုံသို့….

Saturday, November 29, 2008

+ သူတို့ အမြင်နှင့် အတွေး

ဖားစည်သံတွေ မြည်ဟိန်းနေတဲ့ သံလွင်မြစ်ကြီးဘေးကမြို့လေးဆီကို ဆေးမှူးတာဝန်နဲ့ ကျွန်တော်တာဝန်ကျရာ တပ်မတစ်ခုကိုရောက်ရှိလာပါတယ်။ ရောက်ရောက်ချင်းတော့ တပ်မိသားစုနဲ့စပြီး မိတ်ဆက်တဲ့အနေနဲ့ ပွဲလေးတစ်ခုလုပ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်လေးကလည်း ဒီပွဲလေးဆီက ရလာတဲ့ အတွေးအမှင်စလေးပါ။


ကျွန်တော်တို့ သမားဇာနည်များရဲ့ တာဝန်ထမ်းဆောင်မှုများကတော့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသော အောင်စစ်သည်များ၏ ကျန်းမာရေးကို စောင့်ရှောက်မှုအပြင် ၄င်းတို့၏ မိသားစုများ၏ ကျန်းမာရေးကိုပါ ပြုစုစောင့်ရှောက်ပေးရသော သမားဇာနည် အောင်စစ်သည်များဖြစ်ပါသည်။ တပ်တွင်း အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များကိုလည်း ကျန်းမာရေးဗဟုသုတများကိုလည်း အချိန်နဲ့တပြေးညီ ပြောကြားအသိပညာပေးရမည့် တာဝန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။

ထိုနေ့ပွဲလေးမှာတော့ ကျွန်တော်တင်ဆက်ဆွေးနွေးတဲ့ အကြောင်းအရာလေးကတော့ သားဆက်ခြားခြင်း အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ သားဆက်ခြားသည့် ဆေးကို လိမ့်ပတ်လည်အောင် ပုံမှန်သောက်ခြင်းဖြင့် သားဆက်ခြားနိုင်သကဲ့သို့ ဆေးသောက်ရန်ပျက်ကွက်တတ်သူတွေ အတွက် အလွယ်ကူဆုံးသားဆက်ခြားခြင်းကတော့ ကွန်ဒုံးကို အသုံးပြုခြင်းဆိုတဲ့ အကြောင်းအရာလေးကို သေသေချာချာ တင်ပြဆွေးနွေးခဲ့ပါသည်။ ကျွန်တော့်တင်ပြဆွေးနွေးမှု အဆုံးမှာ စစ်သည်များဖက်မှ မရှင်းလင်းတာလေးများမေးနိုင်တယ် ဆိုတဲ့ စကားလေးအဆုံးမှာတော့ စစ်သည်တစ်ဦးက ကွန်ဒုံးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အရာတစ်ခုကို သူ့အတွေးလေးဖြင့် ပြောလိုက်ပုံက
"ဗိုလ်ကြီးတင်ပြတာကို လက်ခံပါတယ်။ တကယ်တော့ ဗိုလ်ကြီးတို့ပြောတဲ့ ကွန်ဒုံးကို အသုံးပြုရတာ အဆင်မပြေပါဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ ပူအိုက်လို့ရေချိုးပါတယ်ဆိုကာမှ မိုးကာဝတ်ပြီး ရေချိုးနေရသလိုပါပဲ" တဲ့ခင်ဗျာ။ စကားအဆုံးမှာတော့ ကျောင်းဆင်းကာစ အရာရှိပေါက်စ လူပျိုလေး သမားဇာနည်ကျွန်တော်သည် ခန်းမအရှေ့တွင် မည်သို့ပြောရမည် မသိအောင် ဆွံ့အသွားပါတော့သည်။ ခန်းမတစ်ခုလုံးလည်း ရယ်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

စာအပြည့်အစုံသို့….

Saturday, November 22, 2008

+ စစ်သည်တော်လေး... ကျွန်တော်ကြားချင်တဲ့စကား

စားပွဲပေါ်က လက်ကိုင်ဖုန်းလေးကို ကောက်ယူ၍ နံပါတ်တစ်ခုကို ကောက်နိုပ်လိုက်မိသည်။ တဖက်က ထူးသံသဲ့သဲ့ပြန်ကြားရချိန်တွင် ကျွန်တော့်ရင်အစုံ အေးသွားသလိုခံစားလိုက်ရသည်။


"xxxx ပါ"

တဖက်က ကောင်မလေးက ရယ်ပြုံးပြုံးလေးဖြင့်ပင် လောက၀တ်စကားများကို ပြောဆိုနေလေသည်။ သူမရဲ့ ရယ်သံလေးတွေကို မရပ်စေချင်ဘူး။ ရယ်သံလေးတွေက ကျွန်တော့်ရဲ့ ရင်ခုန်သံတွေဆိုတာကို ကျွန်တော်ကလွဲရင် ဘယ်သူများက သိနိုင်မှာတုန်း။ သို့သော်လည်း ပြောရမည့်စကားကိုတော့.....ပြောရမည့်အချိန်ကိုရောက်လာခဲ့ပြီ။

"မီးငယ်.... ကိုယ် ရှေ့တန်းထွက်ရတော့မယ်။ ဘော်စဲကို နားကိုပါ။"

ရယ်သံလေးသည် လုံးဝတိတ်ဆိတ်သွားကာ ကျွန်တော့်အခန်းအတွင်းဝယ် အပ်ကျသံကိုတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

"ဘယ်တော့သွားရမှာတုန်း...... မနောက်ရဘူးနော်။ မီးငယ် က အသည်းငယ်တယ်။"
ကြောက်ရွံ့မှုတစ်ခုကို ဖုံးကွယ်ကာ ဟန်ဆောင်မေးလိုက်သော ကောင်မလေး၏တုံ့ပြန်မှု။ ကောင်မလေးရယ် ဘာလို့များအရာရာကို ဟန်ဆောင်ချင်ရတာတုန်း။ မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးတွေက ဟန်ဆောင်မှုတွေကို သရော်နေသလိုပါပဲ။

"နောက်လသွားရမှာ မီးငယ်။ ဒီနေ့ အစည်းအဝေးမှာ သွားဖို့တာဝန်ပေးလိုက်ပြီ။ ဟိုမှာတစ်နှစ်လောက်စခန်းထိုင်ရမယ်။ အဲဒါ......"
ကောင်မလေးဖက်က သက်ပြင်းလေးချသံနှင့်အတူ.......

"ရှေ့တန်းမသွားခင် ဆောင်ရန်ရှောင်ရန်တွေ သိတယ်မလား..ကိုကြီး။ "
"သိပါတယ်..မီးငယ်။ ဒါပေမယ့် ကိုယ် တိုက်ပွဲမှာ ကျသွားခဲ့မယ်ဆိုရင်တောင် မီးငယ်ဆီက ချစ်တယ်ဆိုတဲ့ စကားလေးတော့ ကြားသွားပါရစေကွာ။"
ကောင်မလေးဆီက တိတ်ဆိတ်မှုများ ပြန်လည်စတင်သွားလေသည်။ ကျွန်တော့်၏ နှလုံးခုန်သံများသည်လည်း တိတ်ဆိတ်သော ညအမှောင်မှာ ကျယ်လောင်နေသလို ခံစားနေရသည်။ သိပ်မကြာလိုက်ပါ.........

"တီ......... Low Battery....Turn Off Your Phone Now"

ကောင်မလေးဆီက ပြန်ဖြေလိုက်တာကို ကျွန်တော်မကြားနိုင်တော့ပါ။ ကောင်မလေးရယ် ငါတိုက်ပွဲမှာ ကျသွားရင်တောင် ငြိမ်းအေးဇရပ်ကို လာပေးပါကွာ။ မင်းရဲ့ အသံလေးကို ကြားချင်နေသေးတယ်။ ကိုယ်တို့စစ်သားတွေဘ၀မှာ ချစ်သောသူကို အသက်ပေးချစ်မယ်ဆိုတဲ့စကား မဆိုနိုင်ပါဘူး..ကောင်မလေးရယ်။ ကိုယ်တို့အသက်တွေက နိုင်ငံတော်ကို ကာကွယ်ဖို့အတွက်ပါ။ ကိုယ့်ကိုယ်ကို မပိုင်တဲ့ ကိုယ်ဘ၀ထဲကို မင်းလေး လျှောက်လှမ်းလာမယ်ဆိုတဲ့ အဖြေကို ငါ့ခန္ဓာမြေမကျခင်မှာ ကြားချင်တာပါ.......

[ခံစားချက်များကို ပြောပေးသော စစ်တက္ကသိုလ်ဆင်းအစ်ကိုကြီးတစ်ယောက် ရှေ့တန်းစစ်မြေပြင်တွင် ဘေးအန္တရာကင်းပါစေ။]

စာအပြည့်အစုံသို့….

Tuesday, November 18, 2008

+ ရေကြည်တစ်ပေါက်


ခရီးကမသွားတာကြာတော့ မသွားချင်။ သို့သော်လည်း တစ်ခါတစ်လေလေး မိသားစုနှင့် သွားတာဆိုတော့လည်း ပါလာရသည်။ အိမ်သားများ အဆင်သင့်ထွက်ရန်ကို စောင့်ရင်းစောင့်ရင်းဖြင့် ခရီးစထွက်ချိန်က မိုးတောင်စင်စင်လင်းနေပြီ။ ကားလမ်းတွေကတော့ မိုးရာသီက နှိပ်စက်ထားမှုကြောင့် ပျက်တဲ့နေရာက ပျက်နေသည်။ သို့သော်လည်း အင်တိုက်အားတိုက်ပြန်လည် ပြင်ဆင်နေကြသောကြောင့် ကောင်းမွန်နေတာများကြောင့် ခရီးလမ်းက ဖြောင့်ဖြူးနေသည်။

နေမွန်းတည့်ကျော်လာသည်နှင့်အမျှ ဖန်ဝါနေမင်းကြီးသည် မာန်ဟုန်ပြင်းပြင်းနှင့် ပူလောင်လာသည်။ ပူလောင်မှုဖြင့် ပြင်ပလေကိုရှုသွင်းရန် ကားပြတင်းမှန်လေးကို ချကာ ကားလမ်းမတစ်ကြောကို လှမ်းကြည့်မိလိုက်သည်။ ရှေ့တွင်လမ်းပြင်နေသောကြောင့် ကားကအရှိန်နှေးလိုက်သည် ။လမ်းပြင်လုပ်သားများကလည်း နေရောင်ကို အံတုကာ ကတ္တရာပူပူလောင်လောင်များဖြင့် အလုပ်ရှုတ်နေကြပေသည်။ အတွေးတို့က တစ်စတစ်စနှင့် လွန်ခဲ့သော အတိတ်ဆီက ပုံရိပ်များကို ပြန်လည်မြင်ယောင်မိလာသည်။

ကျွန်တော်တို့စစ်သည်များသည် နိုင်ငံတော်ကာကွယ်ရေးတင်မကပဲ နိုင်ငံတော်တည်ဆောက်ရေးတွင်မှာပါ တတပ်တအားပါဝင်ကြရသည်။ ရထားလမ်းဖောက်၊ တံတားဆောက်စသည့် လုပ်ငန်းများတွင်လည်း ပါဝင်ခဲ့ရသည်။ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့သော တပ်ရင်းတစ်ခုသည်လည်း ထိုလုပ်ငန်းများ ဆောင်ရွက်မှုကို ပါဝင်လုပ်ဆောင်ပေးခဲ့ရသေးသည်။ ထိုစဉ်ကလည်း ဤကဲ့သို့ နေပူပြင်းပြင်းတွင် စစ်ယူနီဖောင်းတဖက်နွမ်းကို ၀တ်ကာ နေအပူကို အံတု၍ ကားလမ်းဖောက်မှုကို ပါဝင်ခဲ့ကြသည်။ ပူလောင်မှုကြောင့် အာခံတွင်းများပင် ခြောက်ကပ်လာသည်။ ယူလာသောရေဗူးလေးကလည်း ရေကုန်လို့ ခြောက်တောင်ခြောက်နေပြီ။ နောက်ဆုံးတွင်တော့ ဖြတ်သွားသော ကုန်ကားကြီးများဆီမှ ရေကျန်များရှိလျှင်ချခဲ့ဖို့တောင်းသောက်ရသည့် အနေအထားပင်ဖြစ်ခဲ့ရသည်။ နေ့လေးတစ်နေ့မှာတော့ အိမ်စီးကားလေးတစ်စီးသည် ကျွန်တော်တို့လမ်းပြုပြင်နေသော အနားသို့ဖြတ်ရင်း ဖြည်းညင်းစွာရပ်၍ ရေသန့်ဗူးလေးများကို ကမ်းပေးလေသည်။ ကျွန်တော်တို့အားလုံး ၀မ်းသာကြရသည်။ ကျွန်တော်တို့ စစ်သည်များကို စာနာနားလည်ပေးသော ထိုရေဘူးဝေပေးသော ကောင်မလေးကိုလည်း ယနေ့ထိတိုင် မြင်ယောင်ကာ ကျေးဇူးတင် ချီးကျူးမိသည်။

အတွေးများအဆုံးတွင်တော့ ကျွန်တော့်လက်အစုံသည် ရေသန့်ဘူးများဆီသို့ ရောက်သွားကာ ပြတင်းပေါက်မှတဆင့် လမ်းလုပ်သားများဆီသို့ ကမ်းပေးမိလိုက်သည်။




စာအပြည့်အစုံသို့….

Sunday, November 9, 2008

+ မိသားစုတွေဆုံချိန်မှာ တစ်ဦးတစ်ယောက်မရှိခဲ့သော်...


ယနေ့တော့ ရာသီဥတုက သာယာနေသေးသည်။ ဥတုရာသီတောကိုမှီဆိုသည်မှာ ဟုတ်မှန်ပေလိမ့်မည်။ ချင်းရိုးရာယဉ်ကျေးမှုလွှမ်းချုံနေသော ဖောင်းပြင်မြို့လေးတွင် မိန်းကလေးအရွယ်စုံများက ချင်းတပတ်လေးများကို ခြုံကာ ဆောင်းရာသီဖက်ရှင်ကို တွေ့မြင်နေရသည်။ မနေ့ကအထိ ချွေးတောက်တောက်ကျအောင် ပြေးလွှားလုပ်ကိုင် နေရသော ပင်ပန်းမှုများသည် လှေဆိုက်သို့ မော်တော်ဆိုက်ကပ်ချိန်တွင် နွမ်းနယ်မှုများ ပျောက်ကင်းသွားသလိုပင် ခံစားလိုက်ရသည်။ ကျွန်တော့်ဘ၀တွင် ဤကဲ့သို့သော ခံစားမှုမျိုးကို မကြုံလိုက်ရပါ။ နိုင်ငံတော်အလံကို လွှင့်ထူ၍ မော်တော်ပေါ်မှ ဆင်းသက်လာကျသော.....
ကျွန်တော်တို့တပ်မှ အရာရှိ၊အရာခံ၊ အကြပ်စစ်သည်များအားလုံး၏ ပြုံးပျော်ရွှင်သော မျက်နှာများကို မြင်ရသည်မှာ ရင်ထဲတွင် အေးမြလှသည်။ မြို့ခံလူထုကလည်း လက်ခုပ်သြဘာများတီးကာ ကြိုဆိုကြသောကြောင့် အားတက်ဖွယ်မြင်ကွင်းများပင်ဖြစ်သည်။ တပ်ရင်းမှူးကို အလေးပြုရင်း နောက်ဖက်မှ ဆင်းသက်လာသော စစ်သည်များကို လှမ်းကြည့်လိုက်မိသည်။ ရင်းမှူးက ခေါင်းကိုသာ တချက်ငြိမ့်ပြပြီး မော်တော်ယာဉ်များ ရပ်နားထားရာသို့ ဆက်လက်ချီတက်သွားလေသည်။

မော်တော်ယာဉ်များ တပ်ဂိတ်ဝကို မြင်နေရလောက်သည့်နေရာအရောက်တွင်ပဲ ရှေ့တန်းပြန်စစ်သည်များကို ကြိုဆိုစောင့်မျှော်နေကြသော အိမ်သူသက်ထားဇနီးမယားများနှင့် သားသမီးများက အိုးစည်ဗုံးမောင်းများ တီးခတ်၍ သပြေခက်များဖြင့် ကြိုဆိုကြလေသည်။ တပ်တွင်းသို လမ်းလျှောက်ဝင်ရောက်ချိန်တွင် ကျွန်တော်ငယ်ငယ်က ကြည့်ဖူးသော ဝေလည်းမွှေး၊ ကြွေလည်းမွှေးဇာတ်လမ်းထဲမှာသာ ဇာတ်ဝင်ခန်းအဖြစ်ကြည့်ခဲ့ရသော မြင်ကွင်းသည် ယခုအခါ ကျွန်တော့်ရှေ့တွင် ဖြစ်ပျက်နေသည်။ ငိုသူငို၊ ပျော်သူပျော်.. သားကဆွဲ သမီးကတွဲနှင့် မိသားစုပြန်လည်ဆုံစည်းပုံများသည် အေးမြသော မြင်ကွင်းများဖြစ်သည်။ သို့သော်လည်း....... လွန်ခဲ့သောနှစ်များ ဒီလိုအချိန်က ကျွန်တော်၏ သူငယ်ချင်းသည် ကျွန်တော့်ကို ဒီလိုနေရာတွင်ပင် ကျွန်တော့်ကဲ့သို့စောင့်စားနေခဲ့ပေလိမ့်မည်။ ယခုအချိန်တွင်တော့ ကျွန်တော်၏သူငယ်ချင်း ဗိုလ်အောင်ကိုမင်းထင် တစ်ယောက်သည်လည်း တပ်မတော်အရိုးရောဂါကုဆေးရုံ ကုတင်(၅၀၀)တွင် ကျွန်တော့်တုန်းကကဲ့သို့ပင် ပြတင်းပေါက်ဆီမှ လှန်းမြင်နေရသော ကျိုက္ကလို့စေတီတော်ကြီးကို ဖူးမျှော်ကောင်း ဖူးမျှော်နေလောက်ပြီ...

သြ... ကျွန်တော်တို့ဘ၀တွေက ကျရာတာဝန်ကို ကျရာနေရာမှာ ထမ်းဆောင်နေကျသော တပ်မတော်သားစစ်သည်များဘ၀ကို စဉ်းစားမိရင်း တပ်ရင်းရုံးသို့ အပြေးတစ်ပိုင်းထွက်လာမိခဲ့သည်။
(တိုက်ပွဲတွင် အသက်ကို ပဓါနမထားပဲ နိုင်ငံတော်ကို ကာကွယ်ခဲ့သော စစ်တက္ကသိုလ်အပတ်စဉ်(၄၇)ဆင်း သူငယ်ချင်းတစ်ယောက်သို့ အမှတ်တရပါ။)
သူငယ်ချင်း
ငါတို့အသက်တွေ မြေ၀ယ်မကျသ၍
ငါတို့တွေသည် တိုက်ပွဲဝင်မည်
ငါ့သက်ခန္ဓာ ဆုံးသော်ငြားလည်း
ငါထမ်းဆောင်မည်...
ငါတို့တွေသည်...
နောင်တစ်ခေတ်၏ အောင်စစ်သည်။ ။

စာအပြည့်အစုံသို့….

Tuesday, October 28, 2008

+ ဗိုလ်ကြီး မစားလိုက်ရသော ထမင်းတလုတ်


အစ်ကိုကြီးနေလွမ်းသူရဲ့ ဗိုလ်ကြီးမစားခဲ့သောငါးဟင်းတစ်ခွက် နှင့် ရဲမာန်ရဲ့ ကျွန်တော်မစားနိုင်ခဲ့တဲ့ ဟင်းတစ်ခွက်တွေဖတ်ပြီးချိန်မှာ တော်တော်စိတ်မကောင်းမှုတွေ ခံစားရတယ်။ ကျွန်တော့်ဆီမှာလည်း ထိုသို့သော အမှတ်တရလေးတစ်ခုကို စာဖတ်ပရိသတ်ကြီးကို တင်ပြလိုက်ပါတယ်။
ကျွန်တော်တာဝန်ကျရာတပ်မှာက အိမ်ထောင်မရှိသူ(လူပျိုလေး)များတော့ ရိပ်သာမှာပဲ စားဖြစ်ကြတယ်။ (ကြွားတာတော့မဟုတ်ပါဘူး။) အပြင်ထွက်စားရင်လည်း ပိုက်ဆံပိုကုန်မည့်အတူတူ အားလုံးစုပြီး တစ်ယောက်ဘယ်လောက်နှုံးနဲ့ဆိုပြီး စုပြီး ရိပ်သာကို ပေးပြီးချက်ခိုင်းပြီး စားကြတယ်။ အိမ်လောက်တော့ မကောင်းပေမယ့် ဖွယ်ဖွယ်ရာရာလေးတော့ဖြစ်တာပေါ့။
လရဲ့ ပထမရက်ပိုင်းတွေမှာဆို ဟင်းကပိုကောင်းတာများတယ်။ ဒီနေ့လည်း အထူးဟင်းလျာ (special menu)ဆိုသော အသံလေးကို ကြားကတည်းက ညက တာဝန်မှူးကျထားတာကိုတောင် ပြန်မအိပ်တော့ဘဲ။ ရေမိုးချိုးပြီး စာအုပ်တစ်အုပ်ကောက်ဆွဲပြီး ထမင်းစားချိန်ကို စောင့်နေလိုက်တယ်။ ထမင်းစားချိန်ရောက်တော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုတဲ့စကားပုံလေးအတိုင်းပင် စားရိပ်သာသို့ သွက်သွက်ထွက်ခဲ့တယ်...


ဒါတောင် ၄၉က ဘသားချောတွေက ရောက်နေကြပြီ။ စားသောက်ဟင်းလျာများရောက်လာတော့ ဘဲသားဟင်းဗျ။ ကျွန်တော်လည်း မစားရတော့ကြာတော့ ခံတွင်းတွေ့တွေ့နဲ့ အဆီအနှစ်များဖြင့် အားပါးတရနယ်ပြီး ပထမဦးဆုံးတစ်ဇွန်းကို ပါးစပ်တွင်းသို့ သွတ်သွင်းလိုက်ပါတယ်။ စက္ကန့်အနည်းငယ်သာကြာပါမည်။
'အား'
ပါးစပ်တွင်းမှ ထမင်းလုတ်ပြန်ထွက်လာပါတော့သည်။ ဘုရားဘုရား...သွားပါပြီ။ မဟာအံသွားတော့ ကြေမွကုန်သလိုတောင် ခံစားလိုက်ရသည်။ ထမင်းချက်ဆောင်မှ ရဲဘော် xxxxx ကလည်း ပြေးထွက်လာပါတယ်။
"ဟာ...ဗိုလ်ကြီး။ ဘာဖြစ်တာတုံး။ လျှာကိုက်မိတာလား"
သူကတော့ စိုးရိမ်ကြီးစွာဖြင့် ကျွန်တော့်မျက်နှာကို ကြည့်ကာ မေးနေလေတော့သည်။ ကျွန်တော်လည်း တရားခံကို ချက်ချင်းပင် ထမင်းလုတ်တွင်းမှ ရှာဖွေလိုက်ရာ ... ဘုရားဘုရား မူလီဝါရှာဖြစ်နေလေတော့သည်။ ချက်ချင်းဆိုသလိုပင် ရဲဘော် xxx ဆီမှ အသံထွက်လာတော့သည်။

"ဟာ...မူလီဝါရှာပါလား။ ပျောက်လို့ဆိုပြီး ကြိတ်ရှာနေတာ။ အိုးဆေးတုန်းကများ ပါသွားလားဆိုပြီး ပန်းကန်ဆေးတဲ့နေရာမှာ လိုက်ရှာနေတာ"

ကျွန်တော့်အဖြစ်က ငိုရခက်ရယ်ရခက်ဗျာ။

စာအပြည့်အစုံသို့….

Friday, October 24, 2008

+ သားနှင့် ဇနီးဆီမှ မမြင်နိုင်သော စွမ်းအား


ရှမ်းရိုးမ၏ ဆိတ်ငြိမ်လှသော တောတောင်သဘာဝများကို ဖြိုခွင်းလိုက်သော သေနတ်သံများနှင့် မိုင်းပေါက်ကွဲသံများသည် ကျေးငှက်လေးများ ဝေဟင်တွင် ပျံဝဲသွားကာ နေရာဌာနပြောင်းကြလေပြီ။ ယမ်းငွေ့တစ်ထောင်းထောင်းနှင့် ပစ်ခတ်မှုများကလည်း တစ်ဖက်နှင့် တစ်ဖက်မစဲနိုင်အောင် ဖြစ်နေကျသည်။

ပြေးရင်းလွှားရင်း ပစ်ရင်းခတ်ရင်းဖြစ်ပင် ခြေထောက်အောက်ဆီမှ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ကျွန်တော်လွင့်စင်သွားသလို ခံစားလိုက်ရသည်။ သွားပြီ.. အသိကလည်းသိနေသေးတယ်။ နာကျင်မှုကလည်းရှိနေသေးတယ်.. ငါမသေသေးဘူးဆိုတာသေချာသွားပြီ။ မသေချာတာကတော့ ငါ့ခြေထောက်နှစ်ဖက်လုံး ရှိ၊ မရှိဆိုတာပဲ.....

"ဗိုလ်ကြီး ထိသွားပြီ။ အနောက်ဘက်ကိုဆွဲ"
ကျွန်တော့်နားအစုံကလည်း ၀ီဝီ ဆိုသောအသံများနှင့်အတူ ပလုံးပထွေးနှင့် စကားသံများကြားနေရသေးသည်။ ကျွန်တော့်လက်မောင်းများကို ပင့်ပြီးမနေသော ရဲဘော်ကျော်သောင်းမျက်နှာကို မြင်နေရသည်။
"အား"
ထိုအော်သံနှင့်အတူ ကျွန်တော်၏ဘေးသို့ ရဲဘော်ကျော်သောင်းမှောက်လျက်ကျသွားသည်။ ကျွန်တော်သိလိုက်သောအသိသည် ထိုအချိန်တွင် အဆုံးသတ်သွားလေပြီ။ သတိပြန်ရသောအခါ ရှမ်းရိုးမကြီးသည် ပကတိငြိမ်သက်ကာ သစ်ခက်ဝါးတို့ ရိုက်ခတ်သံများကိုပါ ကြားနေရသည်။ ကျွန်တော်ရောက်ရှိနေသော နေရာလေးက မြေကျင်းကြီးတစ်ခု..

ခြေထောက်နားဆီက တစ်ဆစ်ဆစ်နာနေသည်။ ကျွန်တော့်ညာခြေတစ်ဖက်ကတော့ မြေပြင်ပေါ်တွင်ကျန်ခဲ့လေပြီ။ မိုင်းသည် နင်းမိုင်းဖြစ်သောကြောင့် ကျန်ခြေတစ်ဖက်ကိုပါ မိုင်းသံစများထိစင်ထားသောကြောင့် နာကျင်မှုဒဏ်သည် အရိုးအတွင်းမှပင် ခိုက်ခိုက်ကျင်လှသည်။ နာကျင်မှုဒဏ်ကို သက်သာရန်အလို့ငှာ ကျွန်တော့်ရင်ဘတ်အိတ်ကပ်ဆီမှ သားနှင့်ဇနီးပုံလေးကို ထုတ်ကြည့်မိသည်။ ပြည်လမ်းမကြီးတစ်လျှောက်ကို နောက်ခံထား၍ ပြုံးရွှင်နေသော မျက်နှာလေးဖြင့်သားလေးကို ချီထားသော ချစ်ဇနီးတို့၏ ဓါတ်ပုံလေးသည် ကျွန်တော်မရှိတော့လျှင် ဒီကျန်ရှိနေသေးသော ဘ၀ခရီးလမ်းကို မည်ကဲ့သို့လျှောက်လှမ်းမည်နည်း ဟု အားငယ်ခြင်းများဖြင့် ကြည့်နေသော အကြည့်အဖြစ်သို့ပြောင်းလဲသွားသည်။
ကျွန်တော်ဆုံးဖြတ်ချ တစ်ခုကို ချရတော့မည်။

"ဆရာကြီး XXXX ၊ ကျွန်တော့်ဆီ ခဏလာပါအုံး"
မိနစ်အနည်းငယ်အကြာတွင် ဆရာကြီးရောက်လာသည်။ ကျွန်တော့်စကားအဆုံးတွင်..

"ဟာ.. မဖြစ်နိုင်တာ ဗိုလ်ကြီးရာ။ ကျွန်တော်မလုပ်ပရစေနဲ့။ မိုးလင်းရင် ရဟတ်ယာဉ်ရောက်လာတော့မှာပါ။ စက်တွေကနေလှမ်းပြော ပြီးပါပြီ။ ဗိုလ်ကြီး ထိ သွားတယ်ဆိုလို့ အဘက ချက်ချင်းလွှတ်လိုက်တာ။ ရာသီဥတုအခြေအနေကြောင့်သာ ကြန့်ကြာနေတာပါ။ ကျွန်တော် မလုပ်ပရစေနဲ့ ဗိုလ်ကြီးရာ၊ ကျွန်တော် မလုပ်ရက်လို့ပါ"
"ဆရာကြီး.. ဆရာကြီးဟာ ကျွန်တော့်အစ်ကိုဆိုလည်းဟုတ်တယ်။ ရဲဘော်ရဲဘက်ဆိုလည်းဟုတ်တယ်။ ကျွန်တော့်ကို အားကိုးပြီး နေနေတဲ့ ကျွန်တော့်သားလေးနှင့် ဇနီးကလည်းရှိသေးတယ်။ ဒီနာနေတဲ့ ဒဏ်ကို ကျွန်တော်မခံနိုင်တော့ဘူး။ ဒီဒဏ်နဲ့ပဲ ကျွန်တော်အသက်ပါသွားနိုင်တယ်။ ခြေထောက်တစ်ချောင်းတောင် ပြတ်ပြီးသွားပြီပဲ။ နောက်တစ်ချောင်းထပ်ပြတ်လည်း ဘာမှမထူးဘူး။ ကျွန်တော် မသေရင် ပြီးတာပါပဲ။ ထုတ်လိုက်ပါ ဓါးကို"

ဆရာကြီးသည် နောက်ဆုံးတွင်တော့ ခါးတွင်ပါလာသော စစ်သုံးဓါးဘတ်နက်ကို ထုတ်လိုက်သည်။ ဇနီးသည်လေးကိုယ်တိုင် ပြဲလေတိုင်းချုပ်ချုပ်ပေးနေသော အကျီ င်္လက်မောင်းနားအစကို ဆွဲဖြဲကာ ကျွန်တော်ပါးစပ်တွင် ကိုက်လိုက်သည်။ ဆရာကြီးကလည်း မျက်စိအစုံကို ပိတ်၍ မိုင်းစစင်၍ အသားများလှိုက်စားနေသော နေရာအထက်နားမှ ဘတ်နက်ဖြင့် ခုတ်လေတော့သည်။ ဘတ်နတ်တန်ခိုးကလည်း စွမ်းပါသည်။ အသားများသာ ကျေမွကုန်သည် လူအရိုးကို တစ်ခါတည်းမပြတ်နိုင်။ နာကျင်မှုကတော့ ပြောပလောက်မတတ်လောက်အောင်ပင်။ လက်တစ်ဖက်ကတော့ သားနှင့်ဇနီးသည်တို့၏ ဓါတ်ပုံလေးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားရင်း..

"ဟာ........ ဗိုလ်ကြီး၊ ဒါ ဘာလုပ်တာလည်း။ မင်းကွာ အဓိပ္ပါယ်မရှိတာတွေလုပ်နေတယ်။ ရဟတ်ယာဉ်လာတော့မှာပါကွာ။ သည်းခံစောင့်ပါကွာ။ မင်း ခံစားနေရတာကို ငါလည်းကိုယ်ချင်းစာပါတယ်ကွာ...ညီလေးရာ...မင်းကွာ..လုပ်ရပ်လိုက်တာ"
"ဗိုလ်မှူး... ကျွန်တော်မခံစားနိုင်တော့ဘူး။ ဒီဒဏ်နဲ့ အသက်ပါပါနိုင်တယ်။ ပြတ်သွားတာကမှ ဘာမှ လောလောဆယ်ထပ်မခံစားရတော့မှာ..တောင်းပန်ပါတယ် ဗိုလ်မှူးရာ..ကျွန်တော့်ကို ခွင့်ပြုပါ။"
မျက်ဝန်းအိမ်တွင် မျက်ရည်စများဖြင့် ကျွန်တော့်ကို တင်းတင်းဖတ်ထားရင်း...
"ညီ.. အစ်ကို့ကို ယုံပါ။ မင်း ဘာမှ မဖြစ်စေရဘူး။ စိတ်ချ..မင်းရဲ့မိန်းမနှင့် မင်းရဲ့သားကို ဆေးရုံမှာတွေ့ရမှာသေချာတယ်။"
"ဗိုလ်မှူး... ကျော်သောင်းတစ်ယောက်ရော.."
"သူကတော့ ရတဲ့ဒဏ်ရာက မပြင်းပါဘူး။ ဒါပေမယ့် ကြောက်စိတ်နှင့် သွေးထွက်လွန်ပြီး ခဏကမှဆုံးသွားပြီ"
"ဗျာ"
ကျွန်တော်စွံအသွားသည်။ ကျွန်တော့်ကို တတ်ဆွဲသော ကျွန်တော့်အချစ်ဆုံးကျော်သောင်း ကျသွားပြီတဲ့။ မိနစ်ပိုင်းအကြာတွင် ရဟတ်ယာဉ်သံများကြားရသည်။ ကျွန်တော်ရင်အစုံဆီသို့ သားလေးနှင့် ဇနီးသည်လေး ဓါတ်ပုံကို ဖိကပ်ရင်း.........


(အဖေ..သားသမီးတွေ အပေါ်မှာထားတဲ့ အဖေ့ရဲ့မေတ္တာသည် ဒီဘ၀ဆပ်လို့မကုန်နိုင်ပါဘူး။ အဖေ..ဒီပို့စ်လေးကို ဖတ်မိချိန်မှာ အဖေ့အကြောင်းတွေကို ရေးရလားလို့ မေးလာရင် .. ဖြေဖို့အဆင်သင့်ပါအဖေ။ မင်္ဂလာဒုံကုတင် ၅၀၀မှာ မိုင်းထိလို့ ဒုက္ခိတဘ၀ကို ရောက်ရတဲ့ အဖေတို့လိုစစ်သည်တွေ များလာပြီအဖေ။ သူတို့ကို အဖေ့ရဲ့စိတ်ဓါတ်နဲ့ ခံယူချက်တွေကို ပြောပြပေးရင်း.. သူတို့ဘ၀တွေဟာ မသန်ပေမယ့် စွမ်းသေးတယ်ဆိုတာကို သိစေချင်လို့ပါ..အဖေ။ အဖေ..နားလည်ပေးနိုင်ပါစေလို့ဆုတောင်းရင်း....)

စာအပြည့်အစုံသို့….

Thursday, October 23, 2008

+ ရှေ့တန်းတစ်နေရာမှ သူငယ်ချင်းများသို့

ပြည်စစ်သားသို့ 

တောကြိုတောင်ကြား ၊ ပြည့် စစ်သားတို့ 
မနားခဏ ၊ တာဝန်ကျစဉ်
မခိုမကပ် ထမ်းရွက်ကြ။
နယ်ချဲ့ သူများ ၊ စော်ကားလာလျှင်
မားမားမတ်မတ် တိုက်ထုတ်ကြ။
ပြည်တွင်းပြည်ထဲ ၊ လမ်းစဉ်ကွဲကို
သူပဲတဖန် တိုက်ခိုက်ပြန်။
ဇာတိမာန်ထား ၊ ပြည့်စစ်သားမို့ 
အင်အားလုံ့ လ သူ့ ပြည့်ဝ၏။
မိုးရေစိုရွှဲ ၊ တောနက်ထဲတွင်
မိခွဲဖခွဲ ၊ ချစ်သူခွဲလျှက်
တိုက်ပွဲဝင်ပြီ ရဲဇာနည်။
နွေမိုးရယ်ဆောင်း ၊ ရာသီပြောင်းလဲ
လုံ့ လမပြောင်း ၊ သူရဲကောင်း။ ။

သထုံ - သန်းသန်းနွယ်

ကိုထိပေ့သျှင်ဆီက ခွင့်ပြုချက်တောင်းယူ၍ တင်ပြထားခြင်းပါ။ ခွင့်ပြုချက်ပေးသော အစ်ကိုကို အထူးပင်ကျေးဇူးပါ။ တိုက်ပွဲများတွင် ဒဏ်ရာရရှိသွားသော သူငယ်ချင်းစစ်သည်များသို့ အမှတ်တရပါ။

စာအပြည့်အစုံသို့….

Friday, October 17, 2008

+ မုန်တိုင်းကြားမှ စစ်သည်


အင်တာနက်ဆိုတာကြီးက ဆန်းကျယ်တယ်။ နည်းပညာမြင့်မားတယ်။ ဒီလိုကျော်ကြားမှုတွေကြောင့် ခွင့်ရလို့အိမ်ကို ပြန်တဲ့ ခဏမှာ ဒီအင်တာနက်ဆိုတာကို ၀င်ရောက်မွှေနှောက်ကြည့်တယ်။ ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်။ ပြီးခဲ့ပြီဖြစ်သော်နာဂစ်မုန်တိုင်းနဲ့ ပတ်သတ်ပြီး ရေးသားတင်ပြထားချက်တွေ။ မရောက်ဘူးတဲ့နေရာကို အကြားမျိုးစုံ၊ အမြင်မျိုးစုံဖြင့် ရေးသားထားချက်တွေ။ ထိုဒေသမှ တာဝန်ပြီးဆုံး၍ပြန်လာရသော ကျွန်တော်တောင် ကြောင်တောင်တောင်ဖြစ်သွားရတယ်။ နာဂစ်မုန်တိုင်းဖြစ်ပြီး ကျွန်တော်တို့နယ်မြေမှ တပ်အချို့ကို မုန်တိုင်းသင့်ဒေသများ ကို တာဝန်ချထားပေးပါသည်။ တာဝန်ကျရာဒေသသို့မသွားမီ ...
ညီမလေးကိုနှုတ်ဆက်မိလိုက်တော့။ ညီမလေးက နောက်တစ်နေ့မှာ နှာခေါင်းအုပ်ပိတ်စ (mask)တွေ၊ ၀မ်းပိုက်ဆေးတွေရယ်နဲ့ ဓါတ်ဆားခဲပြားများကို လာပို့သွားတယ်။ မိုးလေ၀သ သတင်းသိရအောင်ဆိုပြီး ရေဒီယိုလေးတောင်ပါသေး.. အကွက်စိပါ့။

တာဝန်ကျရာမုန်တိုင်းသင့်ဒေသများသို့ ရောက်သွားသောအခါ အတော်ပင်စိတ်မကောင်းစရာမြင်ကွင်းတွေ ပြိုပျက်မှုတွေကလည်း မြင်လို့မကောင်း၊ မြင်သာသော အလောင်းတွေကိုတော့ ဖြစ်ဖြစ်ပြီးခြင်းမှာ မြို့ခံတွေကရှင်းထားတော့ အလောင်းတွေကို မတွေ့ရပေ။ သို့သော်ကျွန်တော်တို့တာဝန်က စပါပြီ.. ပြိုပျက်နေသော အဆောက်အအုံများကို ရှင်းလင်းရန်နှင့် ကျန်ရှိအဆောက်အအုံများနှင့် ဒေသခံနယ်မြေလုံခြုံရေးယူရန်။ အဲဒီမှာစတွေ့တာပဲ.. ညီမလေးကို အကြိမ်ကြိမ်ကျေးဇူးတင်မိသည်။ သူပေးလိုက်သော mask လေးများကို ကိုယ့်ရဲဘော်များအားလည်း ဝေခြမ်းပေး။ အလောင်းတွေက ရက်ကြာနေပြီဆိုတော့ ပုတ်ပွနေပြီ။ အပြိုအပျက်များကြားမှ မြင်မကောင်းတော့သော အလောင်းများကို ဆွဲထုတ်။ အနံ့အသက်များက မကောင်း.. mask လည်းနှစ်ရက်သုံးရက်ထပ် ပိုမခံနိုင်။ နောက်ဆုံးလည်စီးပ၀ါများကိုပဲ အကာအကွယ်ထားပြီး ပတ်ဝန်းကျင် ရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်ရတော့သည်။

မုန်တိုင်းသင့်ဒေသများကို စေတနာရှင်များက ရေများ၊ အစားအသောက်များလှူဒါန်းကြပါသည်။ ကျွန်တော်တို့ကလည်း လူတွေပါပဲဗျာ.. ရေငတ်တတ်တာ မဆန်းပါဘူး။ သို့သော်လည်း ရေဘူးကိုယ်တာကိုလည်း ၀င်မယူရက်ပါဘူး။ စခန်းချရာနေရာကတည်းက ထည့်ယူလာသော် ရေဘူးလေးများကိုသာ ချွေတာသောက်ခဲ့ရတာပါ။ ဒါတောင် အင်တာနက်သတင်းတွေမှာက တစ်မျိုးရေးထားတာတွေ့တော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ နိုင်ငံကိုကာကွယ်ရန်ဆိုပြီး အမိကျောင်းတော်ကြီးက သင်ပေးလိုက်တဲ့ပညာတွေမှာ သေသောအလောင်းများကို ရှာဖွေရေးပညာမပါခဲ့ပါဘူး။ "သစ္စာလေးချက်သံမှိုနှက်" သကဲ့သို့ အထက်ကပေးအပ်တဲ့ တာဝန်ကိုလိုက်နာရမယ့် သစ္စာစကားအတိုင်း ကျွန်တော်တို့ကို ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နေကြသူများသာ ဖြစ်ပါကြောင်း.........


စာအပြည့်အစုံသို့….

Wednesday, October 8, 2008

+ တွေ့ကြုံခဲ့ရ လူ့ဘ၀ (နမော်နမဲ့)


"နမော်နမဲ့"ဟူသော စကား၏ အဓိပ္ပါယ်ကို မြန်မာတိုင်းလိုလိုနားလည်ကြမည်ဖြစ်ပါသည်။ လူတိုင်းသည်လည်း ကလေးဘ၀မှစ၍ ယခုအရွယ်အထိ "နမော်နမဲ့"လုပ်ရပ်တစ်ခု မဟုတ်တစ်ခုတော့ လုပ်ဖူးကြမည်ထင်ပါသည်။ စာရေးသူသည်လည်း လုပ်ခဲ့ဖူးပါသည်။ သို့သော်လည်းကိုယ့်ကိုယ်ကို နမော်နမဲ့ မလုပ်မိစေရန် ဆုံးမသတိပေး ပြုပြင်သွားပါက တနည်းအားဖြင့် အရာရာကို အသေးစိတ် သတိထားပြီး၊ အမြဲအသိစိတ်ဖြင့် လုပ်ဆောင်သွားပါက "နမော်နမဲ့" ဖြစ်စဉ်လေးများ တစ်ဖြေးဖြေးလျော့သွားနိုင်ပါသည်။ ကျွန်တော့်တွင် သူငယ်ချင်းတစ်ဦးရှိပါသည်.......

ကလေးဘ၀မှစ၍ နမော်နမဲ့၊ လူလတ်ပိုင်းတွင်လည်း နမော်နမဲ့၊ ဘာပဲလုပ်လုပ် အရာရာနှင့် အကြောင်းကြောင်း၊ သို့သော်ဝန်ထမ်းဘ၀တွင် အတန်အသင့်အောင်မြင်ခဲ့ပြီး ကံအားလျော်စွာ အရာရှိကြီးတစ်ဦး၏ ကိုယ်ရေးအရာရှိအဖြစ်ရွေးချယ်ခံရပါသည်။ သို့သော် ထိုနမော်နမဲ့ဖြင့် တစ်နံနက်သာခံပြီး ကိုယ်ရေးအရာရှိဘ၀မှ စုတေခဲ့ရပါသည်။
အကြောင်းမှာ ကိုယ်ရေးအရာရှိ တာဝန်စတင်ထမ်းဆောင်ရွက်မည့်မနက်၊ အသေအချာ ၀တ်စားပြီး အရာရှိကြီးအိမ်သို့ ရောက်နေခဲ့ပါသည်။ ကားကြီးကို ဆင်ဝင်အောက်တွင် အသင့်ရပ်ထားပြီး အရာရှိကြီးထွက်အလာကို သေသေချာချာ စောင့်နေခဲ့ပါသည်။ အိမ်ထဲမှ ထွက်လာပါပြီ၊ ဇနီးကလည်း လက်ပြ 'တာ့တာ'လုပ်ရန် ကြည်လင်ရွှင်ပြုံးသော မျက်နှာလေးဖြင့် အရာရှိကြီး၏ နောက်က ကျော့ကျော့လေးကပ်ပါလာပါပြီ။
ပထမဆုံးနေ့ဖြစ်ရာ ကျွန်တော့်တို့၏ ဇာတ်လိုက်ကြီးလည်း မျက်နှာကို အချိုသာဆုံး၊ အယဉ်ကျေးဆုံး ပုံသဏ္ဍန်ဖြင့် ရုပ်ရှင်ကားများထဲမှကအတိုင်း လူကြီးထိုင်မည့်ဘက်၊ ကားနောက်တံခါးကို စမတ်ကျကျဖွင့်ပေးလိုက်ပါပြီ။ လူကြီးကလည်း ရာဇအိနြေ္ဒလေးဖြင့် တင်ပုလွှဲလေးဝင်ထိုင်ပြီးချိန်တွင် ကျွန်တော့်သူငယ်ချင်းလည်း နောက်တံခါးကို ဆောင့်ပြီးပိတ်လိုက်ရာ အရာရှိကြီး၏ ညာခြေကျင်းဝတ်ကြီးက တံခါးကြားတွင် ညှပ်မိသွားပါတော့သည်။ လူကြီး၏ နာကျင်စွာအော်လိုက်သံ၊ 'တာ့တာ'လုပ်နေသော လူကြီးကတော်ထံမှ အလန့်တကြားအော်သံများသည် ကျွန်တော့်သူငယ်ချင်းအတွက် ကိုယ်ရေးအရာရှိဘ၀ နောက်ဆုံးအချိန်အဖြစ် အမိန့်ချမှတ်သံများ ဖြစ်ခဲ့ရပါတော့သည်။

မေတ္တာဖြင့်
စွန်ရဲ

စာအပြည့်အစုံသို့….

Thursday, October 2, 2008

+ တွေ့ကြုံခဲ့ရ လူ့ဘဝ


တနေ့တွင် ကျွန်ုပ်၏ဆရာက သူ ဗိုလ်ကြီးဘ၀တွင် တွေ့ကြုံခဲ့ရသော တပ်သားတစ်ယောက်အကြောင်း ရယ်မောဖွယ်ရာ ပြောပြခဲ့ပါသည်။ ထိုစဉ်က ဆရာတို့တပ်ရင်း ပြန်လည်ဖွဲ့စည်းလေ့ကျင့်နေခဲ့ပါသည်။

တပ်ရင်းဋ္ဌာနချုပ်၏ အနောက်ဘက်တောအုပ်လေး၏ အရိပ်အာဝါသကောင်းသောနေရာတွင် နေ့လည်ခင်း ထမင်းစားချိန်၊ ပဲ ဆိပ်လေးတက်နေစဉ်၊ စစ်မြေပြင်၌ လှုပ်ရှားနေသော ပစ်မှတ်ကို မှန်အောင်ပစ်ခတ်နည်းကို နည်းပြတပ်ကြပ်ကြီးက ပို့ချနေပါသည်။

လှုပ်ရှားနေသော ပစ်မှတ်အား ပထမသေနတ်ပြောင်းဖြင့် တစ်တန်းတည်း ထိုး "ချိန်"၊ နောက် "လိုက်ချိန်"၊ ထို့နောက် "ကြိုချိန်"၊ နောက်ဆုံးမှ ခလုတ်ဆွဲပစ်ရမည်ဖြစ်ပါသည်။ ထိုအဆင့်(၄)ဆင့်ကို နည်းပြဆရာက သင်တန်းတပ်စုတစ်ခုလုံးကို လိုက်ဆိုစေပါသည်။ "ချိန်" "လိုက်ချိန်" "ကြိုချိန်" "ပစ်" သင်တန်းသားများကလည်း လိုက်သာဆိုနေရသည် တစ်ချို့က မျက်လုံးများမဖွင့်နိုင်အောင် "ပဲ" ဆိပ်တက်နေကြပြီး မနက်ပိုင်းသင်တန်းက တပ်စုတိုက်စစ် "ကျား" အကြိမ်ကြိမ်ထိုးထားခဲ့ရပြီး နေ့လည်စာထမင်းကိုလည်း တနင့်တပိုးစားခဲ့ကြသည်။ မျက်ခွံနှစ်ခုက ကမ္ဘာပေါ်တွင် အလေးဆုံးသော အရာဝတ္ထုနှစ်ခု ဖြစ်လာကြပြီ။

ထို့ကြောင့်လည်း ဆရာက သင်ခန်းစာ အတိုကောက်ကို လိုက်ဆိုစေခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးအတန်း ဘယ်အစွန်က ရဲဘော်သိန်းတိုး လိုက်ဆိုတာမတွေ့။ မျက်လုံးပင်မဖွင့်နိုင်တော့။ ထို့ကြောင့် ဆရာက မတ်တပ်ရပ် သတိဆွဲထားစေပြီး "ရဲဘော်သိန်းတိုး" ခဏက အားလုံးဆိုသွားတဲ့ အချက်(၄)ချက်ကို အားလုံးကြားသွားအောင်၊ တပ်ရင်းရုံးကပါ ကြားရအောင် အသံကျယ်ကျယ်နဲ့ "အကျယ်ကြီး သုံးခါအော်လိုက်စမ်းကွာ" ဟုအမိန့်ပေးလိုက်ပါသည်။

ရဲဘော်သိန်းတိုးကလည်း "ဟုတ်" ဟုတစ်ခွန်းအစပျိုးပြီး အကျယ်ကြီး "သုံးခါ" အော်လိုက်ပါသည်။
"အကျယ်ကြီး"
"အကျယ်ကြီး"
"အကျယ်ကြီး" တပ်စုတစ်စုလုံး ဟားတိုက်ရယ်မောကြသည်မှာ အိပ်ချင်စိတ်များပင် ပျောက်သွားကြပါတော့သည်။

မေတ္တာဖြင့်
စွန်ရဲ

စာအပြည့်အစုံသို့….

Tuesday, September 30, 2008

+ မေ့သားလူတော် ပညာကျော်



ရင်ဝယ်သားကို
ပြုစုပျိုးထောင်
ဤလူ့ဘောင်၌
သွန်သင်ဆုံးမ
ငါပြုခဲ့၏ ။

အရွယ်တစ်ပါး
ရောက်ရှိလာသော်
နိုင်ငံကာကွယ်
သူရဲကောင်းသို့
ဖြစ်စေလို့ငှာ
ယောကျာ်းကောင်းတို့
ပျော်စံရာမြေ
ချယ်ရီမြေသို့
ရင်နင့်သည်းချာ
ငါ၏သားကို
ပို့ခဲ့လေ၏ ။

မေ့သားလူတော်
ပညာကျော်လေး
နိုင်ငံရပ်ခြား
ပညာသင်သွား
အမေ့သားကို
ကြည်နူးမဆုံး
ဂုဏ်ယူမိသည် ။

အမေ့သားလေး
စစ်ရေးနှလုံး
ပြည့်ဝကုံလုံ
ပညာရည်စွမ်း
လူပုံတင့်တယ်
ရောက်ခဲ့လေပြီ ။

ရင်ဝယ်ပီတိ
ဖြစ်ရပါသည်
အမေ့ရွှေသွေး
မောင်လူကလေး ။ ။

လွန်ခဲ့သောရက်တစ်ရက်က ရုရှားနိုင်ငံရောက်စစ်သည်တစ်ယောက်ရဲ့ blogကို ၀င်ဖတ်လိုက်တာ သံပတ်လူသားဆိုတဲ့ ကဗျာလေးကို တွေ့လို့ ဒီကဗျာလေးနဲ့ ပြန်လည်အားပေး ရေးစပ်လိုက်တာပါ။

စာအပြည့်အစုံသို့….

Thursday, September 25, 2008

+ ပုခက်လွှဲပေးသော လက်တစ်စုံ


ဝီစီသံတညံညံ၊ သီချင်းသံတကြော်ကြော်ဖြင့် ကျွန်တော်တို့တွေသည် နေပြည်တော်ဆီ... နွေဦးဥသြအော်မြည်သံနှင့်အတူ တပေါင်းလသို့ ကူးပြောင်းလာပါပြီ။ ကျွန်တော်တို့တပ်မတော်၏ ရက်မြတ်တစ်ခုဖြစ်သော မတ်လ(၂၇)ရက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ရန် သွားနေကြသော စစ်ကားတန်းကြီး၏ ရှည်လျားမှုသည် ဒေါင်းကတောင်ကြောတန်းပေါ်တွင် ပုရွက်ဆိတ်တန်းကြီး သွားနေသကဲ့သို့ ကြည့်ကောင်းလှသည်။ ခရီးစဉ်မစတင်ခင် ရက်ကတည်းက အိပ်ရေးကမ၀လှ ကားပေါ်တွင် အိပ်ချင်သော်လည်း ကျွန်တော်တို့ စစ်သားတွေရဲ့ ကားက လေအိပ်ကားမဟုတ်။ နောက်ဆုံးတွင်တော့..

ကားအမိုးကိုင်းတွင် ပုခက်လုပ်၍ အိပ်လိုက်သည်။ ပုခက်တွင်းသို့ ၀င်အိပ်လိုက်ချိန်တွင် မေမေ့မျက်နှာလေးကို ပြေးမြင်မိသည်။ ကျွန်တော်တို့ ငယ်စဉ်ဘ၀က ပုခက်တွင်းမှနေ၍ မိခင်တေးဆိုသံကို နားထောင်ကာ အနားယူအိပ်စက်ကြသည်။ ပုခက်တွင်းမှ ကျွန်တော့်မျက်စိအစုံပိတ်၍ အိပ်ပျော်သည်အထိ မေမေက တေးဆိုသိပ်ကာ အနားတွင် နေပေးခဲ့ပါသော်လည်း ....
မေမေမျက်စိအစုံပိတ်၍ ထာဝရအိပ်စက်ကာ ကျွန်တော်တို့ကို ခွဲခွာသွားချိန်တွင် ကျွန်တော်သည်အနားတွင် ရှိမနေ နိုင်ခဲ့ပါ။ ကျည်ပစ်ခတ်သံများ၊ ဗုံးပေါက်ကွဲသံများကြားတွင် မျက်ရည်ကျရင်း မေမေ့မျက်နှာကို မြင်ယောင်ရင်း ရက်လတွေကုန်ဆုံးခဲ့ပါပြီ။
မေမေ... ကျွန်တော်အခု ပုခက်အတွင်းမှာ အိပ်နေပြီ။ မေမေ့တေးဆိုသံ မကြားရပေမယ့် ကျွန်တော့်ရဲဘော်ရဲဘက်များရဲ့  တေးဆိုသံများက ကျွန်တော့်ကို ချော့သိပ်နေကြတယ် မေမေ။ ပုခက်လွှဲသော လက်များ အေးချမ်းစွာ ပုခက်လွှဲနိုင်အောင်... ပုခက်ထဲမှာရှိနေတဲ့ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တော်လေးတွေ အေးချမ်းစွာ အိပ်ပျော်နိုင်အောင်.. မေမေကိုယ်တိုင်ပုခက်လွှဲသိပ်ခဲ့တဲ့ မေ့မေ့သားက အသက်ပေးပြီး ကာကွယ်သွားရင်း.....

မေ့မေ့ကို သတိရလျက်။ ။

စာအပြည့်အစုံသို့….

Saturday, September 20, 2008

+ ချယ်ရီနန်းက တက္ကသိုလ်

တကယ်အတည်လွမ်းပါဘိ
ချယ်ရီနန်းက တက္ကသိုလ်
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်က
မနက်ဆို ပီတီပြေး
ပီဘိကလေးတွေလို
Senior တွေကြောင့်ဖြောင့်မတ်
Guardian တွေကစောင့်ကြပ်ထား
လူလားမြောက်ခဲ့ရတာ မှတ်မိပါသေး။ ။

”ဘယ်ညာ ဘယ်ညာ”နဲ့
တွယ်တာခဲ့ရတဲ့ စစ်ရေးပြကွင်းကြီး
”ဟုတ် မဟုတ်”နဲ့
အလုပ်ရှုပ်ခဲ့ရတဲ့ ဘ၀တွေ မှတ်မိပါသေး။

လမ်းမညီမညာမှာ စရိုက်ဆိုးတွေအတွက်
တန်းစီကာ ဒိုက်ထိုးခဲ့ရတာ
အခန်းထဲအိပ်ပျော်လို့
(ဆရာက………)
အရမ်းပဲ ပိတ်အော်ခဲ့တာတွေ မှတ်မိပါသေး။

တန်းစီခရာမှုတ်လိုက်တော့
လမ်းမညီညာမှာ ခလုတ်တိုက်မိခဲ့တာ
ညဘက်မှာ မနှပ်ဘဲ
ထလျက်သာ ဖိနပ်ပဲတိုက်ခဲ့ရတာတွေ မှတ်မိပါသေး။

အခါခါမရွေး အမြဲသတင်းမွှေးတဲ့
မကြာမကြာကျွေး ပဲဟင်းကလေးရယ်
အသည်းနုနုမှာ စွဲသွားလေတဲ့
ကြက်ဥနှင့် အမဲသားတွေကိုလည်း မှတ်မိပါသေး။

အိမ်လွမ်းစရာ တံဆိပ်ခေါင်း
စိန်ပန်းပြာနိမိတ်ကောင်းတွေနဲ့
သေလာတံတိုင်းတစ်လျှောက်
နေကြာရိုင်းပေါက်ခဲ့တာတွေလည်း မှတ်မိပါသေး။
……. မှတ်မိပါသေး …..
……. မှတ်မိပါသေး …..
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်ကပေါ့
သြော်
တကယ်အတည်လွမ်းပါဘိ
ချယ်ရီနန်းက တက္ကသိုလ်
ရွယ်ရည်မှန်းဆ ရက်ထိုထို။ ။

ဥသြ (ချယ်ရီမြေ)
၂၀၀၈ခုနှစ်၊ စစ်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြပါသည်။

စာအပြည့်အစုံသို့….

Saturday, September 13, 2008

+ စစ်မြေပြင်မှ နတ်သုဒ္ဓါ



(မိဘအိမ်တွင်..)
မိုးလင်းကျောင်းသွားခံနီး ဖြစ်နေကြကတော့

"အမေ ဘာဟင်းတုန်း ဒီနေ့" ...
" မနေ့က အမေ ဈေးမသွားအားလို့ ဘဲဥဟင်းလေးပဲ ချက်ပေးလိုက်တယ် သားရယ်"...
"ဟာ..ဒီဟင်းကြီး မစားချင်ပါဘူး။ တော်ပြီ..၀ယ်စားလိုက်တော့မယ်။ မယူသွားတော့ဘူး"။
(စစ်တက္ကသိုလ်ရောက်သောအခါတွင်...)

အိမ်ကပို့လိုက်တဲ့ အကြော်မနက်ဖြန်ရောက်မယ်တဲ့.. အတွေးလေးနဲ့တင် ပျော်နေသည်။ ဂျီးများ၍ မရတော့ အများတန်းတူ စားတတ်ရတော့သည်။ အရင်အချိန်ကအိမ်တွင် ကကျီကကြောင် ကျခဲ့သည်များကို ပြန်လည်မြင်ယောင်မိသည်။ အမေ...သားတောင်းပန်ပါတယ်။ စစ်တက္ကသိုလ်တွင် တော့ ဒီလိုပဲဖြတ်သန်းရင်းနဲ့ (၃)နှစ်ပြီးခဲ့ပါပြီ။ တာဝန်ကျရာ နေရာဒေသကိုလည်း ရောက်လို့လာပါပြီ။
(စစ်မြေပြင်တွင်....)

"ဗိုလ်ကြီး..ရိက္ခာကုန်ပြီ"....ကြားလိုက်ရသောစကားကြောင့် စိတ်မကောင်းအတော်ဖြစ်မိသည်။ မတတ်နိုင်၊ မရှိတော့လည်း ရှိတာရှာစားရတော့မှာပေါ့။
"ဗိုလ်ကြီး..ဒီမှာ စားစရာရပြီ"..
"ဘာတုံး ဆရာကြီးရ။ ငှက်ပျောအူတွေလား။ ဘာတုန်း" ..
"အီကုတ်.. ဗိုလ်ကြီး" ..
"အီကုတ်.. ဆရာကြီး ဟုတ်မှလည်း လုပ်နော်။ ရဲဘော်တွေ ဒုက္ခရောက်နေပါ့မယ်။"
"ဗိုလ်ကြီးတို့ကသာ မစားဘူးသေးလို့ပါ။ ကျွန်တော်တို့တွေက နောက်တန်းက ပေးအဖွဲ့ မရောက်သေးရင် ဒီအကောင်ကို စားနေကြ...စားကြည့်"

မြေကြီးထဲမှ နှိုက်ယူလိုက်သော အကောင်ရွစိရွစိများကို ကြည့်ပြီး... အမေ့မျက်နှာ နှင့် အမိကျောင်းတော်ကြီး သတိရမိသည်။ အိမ်မှာ ဂျီးများသမျှ ကျောင်းရောက်တော့ ကျွတ်သည်။ စစ်မြေပြင်ရောက်တော့ အမိကျောင်းတော်မှာ စားခဲ့ရသော ထမင်းတစ်နပ်ကို သတိရမိသည်။ အရှေ့ရောက်လာသော အကောင်မည်းမည်းကြော်ကို ကြည့်ပြီး ရင်ထဲအောင့်လာသည်။ မတတ်နိုင် မစားလျှင် ငတ်သေရုံသာရှိမည်။ စားရင်းနဲ့မှ တော်တော်စားကောင်းသည်။ ပင်ပန်းသည့် ဒဏ်ကြောင့်လား၊ ဘာလားတော့ မသိ စစ်မြေပြင်တွင် ရှိတာကို ရှာကျန်စားလိုက်ရသော ထမင်းတစ်နပ်သည် ကျွန်တော်တို့ စစ်သားများအတွက်တော့ နတ်သုဒ္ဓါတစ်ပွဲပင်ဖြစ်တယ်ဆိုတာ ကျွန်တော်ကိုယ်ချင်းစာမိလိုက်ပါတော့သည်။

[အစ်ကိုကြီးကိုအောင် ရဲ့အဖြစ်အပျက်လေးပါဗျာ။ ဘယ်လိုအရသာရှိတယ်ဆိုတာ သွားမေးနိုင်အောင် အမည်ဖော်ပေးတာပါဗျို့]

စာအပြည့်အစုံသို့….

Friday, September 12, 2008

+ ဒါနလေး ဝေငှပေး

ကျွန်တော်အထက်တန်းအောင်မြင်ပြီးသော် စစ်တက္ကသိုလ်တက်ရောက်ပြီး တပ်မတော်တွင် ၀င်ရောက်အမှုထမ်းခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်တာကာလကို ကျော်လွန်ခဲ့ပါသည်။ တာဝန်ကျရာဒေသ၊ စစ်မြေပြင်များသို့လည်း သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ခွင့်ရက်ရသော ရက်သတ္တပတ်တွင် မိဘများရှိရာ ရန်ကုန်မြို့သို့ ပြန်ရောက်လာခဲ့သော ကာလလေးတွင် ပြုလုပ်ခဲ့သော ဒါနလေးတစ်ခုကို ဝေငှလိုက်ပါသည်။ ခွင့်ရက်ရသောရက်များနှင့် တိုက်ဆိုင်စွာ ကျွန်တော့်မွေးနေ့ရက်ဖြစ်နေပါသည်။ အသက်နှင့်ရင်း၍ ရခဲ့သော လစာလေးကို အလှူဒါနလေးတစ်ခု လုပ်ချင်သောကြောင့် သူငယ်ချင်းတစ်ယောက် အကြံပေးချက်ဖြင့် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ ရောက်ရှိလာပါသည်......

ကျွန်တော့်လစာမှဖဲ့လှူရသောကြောင့် တစ်နေ့စာထမင်းစရိတ်လည်း ကျွန်တော်မတတ်နိုင်ခဲ့ပါ။ နောက်ဆုံးတွင် ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ကျွန်တော်ရှေ့တန်းစစ်မြေပြင်ရောက်နေခိုက် အလွန်စားချင်သော မုန့်မှာ J'Donut ဖြစ်သည်။ အခြားသော အစားအစာများကို ရရှိနိုင်သောလည်း Donut သည်မြို့ကြီးပြကြီးများရောက်မှသာ စားသောက်နိုင်သည်။ ကျွန်တော့်ဆန္ဒလေးဖြင့် Donut လေးများကို ကျောင်းသား (၁၁၀)ယောက်အတွက်ဝယ်ယူသွားကာ ကျောင်းရုံးအဖွဲ့ကို လှူဒါန်းပါသည်။ ကျောင်းအုပ်ဆရာမကြီးက ကိုယ်တိုင်ကိုယ်ကျလှူဒါန်းနိုင်ပါကြောင်းပြောကာ ကျွန်တော့်အား ခေတ္တမျှစောင့်ခိုင်းပါသည်။ ကျောင်းစင်ဝင်အောက်တွင် မုန့်များဖြင့်စောင့်နေရင်း ဘဲလ်သံတစ်ခုပေါ်ပေါက်လာပြီး (၂)မိနစ်မျှအကြာတွင် ကျောင်းဆောင်အသီးသီးမှ လူငယ်ကျားမအရွယ်စုံထွက်လာကြသည်။ သူတို့လျှောက်လှမ်းလာသော ခြေလှမ်းများကို ကြည့်ရင်း ကျွန်တော်စိုးရိမ်မိနေသည်။ ကျောင်းဆောင်များမှ ဖွင့်ထားသော တံခါးရွက်များအနားကိုဖြတ်တိုင်း၊ ရေမြောင်းများအနားမှသူတို့လျှောက်လာတိုင်း ရင်တလှပ်လှပ်မျှဖြစ်မိသည်။ ကျောင်းသူ၊ ကျောင်းသားများစုံသောအခါ မုန့်များကို ကိုယ်တိုင်ကိုယ်ကျ တစ်ဦးခြင်းစီ ဝေငှပေးလိုက်ပါသည်။ ဝေဌပေးပြီးသောအခါ ဆရာမတစ်ဦးက အလှူရှင်ကျွန်တော့်ကို ဆုတောင်းပေးရန်ပြောလိုက်သောအခါ... သူတို့ဆုတောင်းပေးလိုက်သော ဆုတောင်းသံများသည် ကျွန်တော်မျက်ရည်ဝဲမိသည်။ ကျွန်တော်ပေးလိုက်သောမုန့်လေးတစ်ခုအတွက် ဆုတောင်းပေးလိုက်သော ဆုတောင်းမှုများ....
ကျွန်တော်တို့သည်လည်း အမိနိုင်ငံတော်မှပေးသော လစာများဖြင့် ကျွန်တော့်တို့အသက်ကိုရင်း၍ ကာကွယ်စောင့်ရှောက်နေသော တာဝန်ထမ်းဆောင်နေမှုများသည်လည်း ပြည်သူပြည်သားများအတွက် ကျွန်တော်တို့၏ ဆုတောင်းပေးနေမှုများဖြစ်ပါသည်။ စက္ခုအာရုံမမြင်ရသော်လည်း ရဲရင့်စွာ သွားလာလှုပ်ရှားနေကြသော သူတို့လေးများကို ကြည့်ရင်း အာရုံခံစားမှုမရှိသော ကျွန်တော့်ခြေတုလေးများသည် အသက်ဝင်လာသကဲ့သို့ခံစားလိုက်ရပါသည်။

စာအပြည့်အစုံသို့….

+ တပ်မတော်သားကို အိမ်ထောင်ဖက်ရွေးရမှာလား.....


”စစ်သားလူထွက်၊ ဘုန်းကြီးလူထွက်လူကို အိမ်ထောင်ဖက်မရွေးမိစေနဲ့”
ငယ်စဉ်က ခေါင်းရင်းအိမ်မှ အဖွားပြော ပြောနေသော စကားများကို နားထဲကမထွက်အောင် ကြားယောင်နေသည်။ ရှေးလူကြီးတွေကတော့ မည်သည်ကို ကြည့်ကာပြောနေသည် မသိသော်လည်း ကျွန်တော်တို့ရပ်ကွက်ထိပ်တွင် ၀က်သားဒုတ်ထိုးရောင်းသော ဦးလေးကြီးသည် စစ်မှုထမ်းဟောင်း ခြေတစ်ဖက်ဖြတ်ထားသော သူဖြစ်သည်။ ညနေတိုင်းတွင် သူ၏ဇနီးကို စက်ဘီးနောက်တွင်တင်ကာ ခြေနင်းလေးကို တစ်ချက်ချက်ဖြင့်နင်းကာ ဆိုင်သိမ်းပြန်သွားသော ထိုဦးလေးကြီးတို့စုံတွဲကို မြင်ရသူအပေါင်းသည် အေးချမ်းစေသည်။ ကျွန်တော်တက္ကသိုလ်ဝင်တန်းအောင်၍ စစ်တက္ကသိုလ်တက်ရန် စိတ်ကူးကြောင်းကိုပြောသော အခါ ဦးလေးကြီးသည် လှိုက်လှိုက်လှဲလှဲပင် ထောက်ခံလေသည်။
“ကောင်းတယ်ငါ့တူ။ ဦးလေးကတော့ အားပေးတယ်။ တစ်ခါတစ်ခါ ဦးလေးစဉ်းစားတယ်။ စစ်ထဲဝင်ဖို့ စိတ်ကူးနေတဲ့ ကလေးတွေ ငါ့လိုဒုက္ခိတကိုများမြင်ရင် စိတ်ပျက်ကုန်ပြီး စစ်ထဲမ၀င်ချင်တော့မှာတောင် စိတ်မကောင်းဖြစ်တာ။ မင်းကတော့ ငါ့ကိုတောင် တိုင်တိုင်ပင်ပင် မေးလာတော့ ငါတော်တော်ပျော်တယ်ကွာ။“
ဦးလေးကြီးပြုံးကာ ပျော်ရွှင်နေသည်ကို ဦးလေးကြီး၏ အိမ်သူသက်ထားကလည်း အပြုံးလေးဖြင့် ထောက်ခံနေလေသည်။
ကျွန်တော်စစ်တက္ကသိုလ်သို့တက်ရောက်ခဲ့ကာ..............

ယခုဆိုလျှင် အရာရှိတစ်ယောက်ဘ၀သို့ ရောက်ရှိခဲ့ပါပြီ။ ကျွန်တော်ခွင့်ပြန်ရသော အိမ်ပြန်ချိန်ရက်များတွင် ကျွန်တော်အမြဲသွားတွေ့လေ့ရှိသော ဆွေမျိုးများအပြင် အခြားသူများမှာ ဦးလေးကြီးနှင့် ကျွန်တော့်ချစ်သူလေးသာဖြစ်သည်။ တစ်ခါတစ်ရံတွင် ကျွန်တော့်ချစ်သူလေးကိုပါ ထိုဝက်သားဒုတ်ထိုးဆိုင်လေးသို့ ခေါ်လာမိသည်။ သူမကို ကျွန်တော်မေးလေ့ရှိသော စကားလေးကတော့
”ကိုယ်ဒီလိုအခြေအနေဖြစ်သွားရင်ရော ဦးလေးကြီးတို့လင်မယားလို ပျော်နေနိုင်ပါ့မလား“
သူမပြန်ပြောလေ့ရှိတာကတော့ “စစ်သားလူထွက်၊ ဇွဲကထက်၊ ဘယ်တော့မှ ထမင်းမငတ်“တဲ့။

(၀က်သားဒုတ်ထိုးနှင့် ကွမ်းယာစသည်တို့ကို ရောင်းနေသော စစ်မှုထမ်းဟောင်းဒဏ်ရာရ စစ်သည်တော် ရဲဘော်တစ်ဦးအတွက် အမှတ်တရ။)

စာအပြည့်အစုံသို့….

Thursday, August 28, 2008

+ အိမ်အပြန်လမ်း


နေ၀င်ရီတရောအလှသည် မပူမအေးနှင့် နေသာရုံတော့ရှိနေသည်။ အိမ်ရှေ့လမ်းမဆီမှ ကားစက်သံများ ဆူညံနေသောကြောင့် သူမအိမ်ရှေ့သို့ ကဲကြည့်မိလိုက်ရာ ရှည်လျားသော စစ်ကားတန်းကြီးကို မြင်လိုက်ရသည်။ သူမမျက်စိအစုံသည် ကားပေါ်သို့ပါ ဆက်တိုက်ကြည့်မိလိုက်သော် ညစ်ပတ်ပေကျံနေသော ယူနီဖောင်းများနှင့် ဆံပင်ရှည်သူများရော၊ မုတ်ဆိတ်ကျင်စွယ် ရှည်လျားများနှင့် စစ်သားများဖြစ်သည်။ အချို့သော စစ်သည်များက စစ်ကားများအနီးရှိ သစ်ပင်အောက်များ၊ ကားများအောက်တွင် အဆင်ပြေသလို နားနေကြသည်။
သူမတို့မောင်နှမတစ်စုလည်း ရေဘူးလေးများနှင့်အတူ စစ်ကားများအနီးသို့ လျှောက်လာကြသည်။

ကလေးများအနားသို့ရောက်လာသောကြောင့် မော့ကြည့်လာသော စစ်သားတစ်ဦးသည် သူမတို့ကမ်းပေးသော ရေဘူးလေးနှင့် စနိုးတာဝါလေးကို လှမ်းယူရင်း မုတ်ဆိတ်ကျင်စွယ်များကြားမှ အပြုံးတစ်ပွင့်..
”ကျေးဇူးပါပဲကွာ..ဦးလေးတို့က အရမ်းညစ်ပတ်ပေကျံနေတော့ အိမ်တွေမှာ ရေတောင်းရမှာ အားနာလို့ တခြားသူတွေ တောင်းလာအပြီးကို စောင့်နေတာကွ”
ရေဘူးထဲမှ ရေအချို့ကို ဟန်းကောချိုင့်လေးထဲ အနည်းငယ်ထည့်ကာ ကားဦးပိုင်းသို့ထသွားလေသည်။
”ဗိုလ်ကြီး....ကလေးတွေက ဗိုလ်ကြီးအတွက် လာပေးတယ်”
ဗိုလ်ကြီးဆိုသော အစ်ကိုကြီးသည် ဖျော့တော့သောအပြုံးလေးတစ်ခုဖြင့် သွေးများစွန်းထင်းနေသောလက်ဖြင့် ဟန်းကောချိုင့်လေးကို လှမ်းယူလိုက်ပြီး..
”ကျေးဇူးပါပဲ...ငါ့ညီနှင့် ညီမရာ”

x x x x x x x x x x x x x x x x x x x x x x x x x x x


သူမ၏အတွေးတို့သည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်က အဖိုးတို့အဖွားတို့ရှိရာ ကျေးရွာလေးဆီသို့ သွားလည်စဉ်က အဖြစ်အပျက်လေးဆီသို့ ရောက်ရှိသွားသည်။ နှစ်တွေကြာလာသည်နှင့် အမျှ လမ်းပန်းဆက်သွယ်ရေး စနစ်များလည်းတိုးတက်လာပါပြီ။ ယခုဆိုလျှင် ရှေ့တန်းပြန်စစ်သည်များသည် မိမိတို့ အိမ်သို့ပြန်ရာလမ်းသည် သီချင်းတကြော်ကြော်နှင့် ပျော်ရွှင်စွာ ခရီးမထောက်ပဲ ပြန်လာကြသည့် တပ်ဂိတ်ဝမှ မြင်ကွင်းကို ကြည့်ရင်း သူမလက်ထဲမှ အောင်သပြေပန်းလေးသည် တစ်စုံတစ်ယောက်သောသူကို စောင့်မျှော်နေပါသည်။

စာအပြည့်အစုံသို့….

Monday, July 14, 2008

+ ကျွန်တော်ဖြစ်ချင်သော စစ်ဗိုလ်ကြီး


အေးမြသော ဆောင်းရာသီအချိန်လေးတွင် ကျွန်တော်သည် ချယ်ရီမြေဟုတင်စားခေါ်ကြသော တောင်ပေါ်မြို့ကလေးဖြစ်သည့် ပြင်ဦးလွင်မြို့ကို ရောက်ရှိလာပါသည်။ ကျွန်တော် အနှစ်နှစ်အလလ စိတ်ကူးရင်ခဲ့ရသော ကျောင်းတော်ကြီး၏ ပရ၀ုဏ်သည် ထင်ထားသည်ထက်ပင် ကျယ်ပြောကာ အလွန်တရာ ကြည့်ကောင်းလှသည်။ ကျွန်တော့်လို အခြားသော သူများသည်လည်း ရည်ရွယ်ချက်ပေါင်းစုံဖြင့်သာ ဤကျောင်းတော်ကြီးကို ရောက်ရှိလာကြသည်။ စစ်တက္ကသိုလ်ဝင်ခွင့်ရသော အပျော်သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော အခါပျော်သော အပျော်ထက်များစွာသာခဲ့ပါသည်။ ထိုသို့သော အပျော်များဖြင့်.......

ဒေါက်မတင်ရသေးသော ပထမနှစ်ကျောင်းသားလေးများ ကျွန်တော်တို့သည် အထက်မှ ညွန်ကြားချက်များအတိုင်း နေထိုင်ကျင့်ကြံလိုက်နာ စားသောက်ရသည်။ ဗိုလ်လောင်းအစစ်မဟုတ်သေးသော ဖားတစ်ပိုင်းငါးတစ်ပိုင်းဘ၀တွင် အိမ်ကိုသာ လွမ်းမိသည်။ ကျွန်တော့်အိမ်လေးသည် ရတခတိုင်းဒေသတွင်ပါဝင်သော ကျေးရွာလေးတွင်ဖြစ်သည်။ ဆက်သွယ်ရေးလိုင်းများက အများသုံးတယ်လီဖုန်းကိုသာ အားထားရသော ဒေသလေးဖြစ်သည်။ ဖေဖေနှင့် မေမေသည်လည်း ကျွန်တော် စစ်ဗိုလ်ကြီးဖြစ်လာအောင် အားပေးမှုတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ ကျွန်တော့်ထံသို့ ရလျှင်ရသလို ရက်ခြားနီးပါး ဖုန်းဆက်အားပေးကြသည်။ မနေ့ကအဖြစ်အပျက်လေးသည် ကျွန်တော့်ဘ၀တွင် မှတ်မှတ်ရရဖြစ်ခဲ့သည်။

ကျွန်တော်အပြစ်ပေးခံထိသော အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်တွင် အမေ့ဆီကဖုန်းလာသည်တဲ့.... ကျွန်တော်စကားမပြောနိုင်အောင် ၀မ်းနည်းမှုတွေ လည်ချောင်းဝတွင် ဆို့နေသည်။
"ဟယ်လို....ပြောပါ။"
"သား...အဆင်ပြေရဲ့လား။ မေမေပါကွယ်။ သားကို သတိရလို့ကွဲ့။ သား..ဒေါက်တင်ပွဲက xxxxx ရက်ဆို။ အမေတို့ဒေါက်တင်ပွဲကို မလာတော့ဘူး...လာလို့ကုန်မယ့်ပိုက်ဆံကို သား..သုံးလို့ရအောင် အမေတို့ပို့ပေးလိုက်မယ်နော်။ သား...ချောင်ချောင်လည်လည်လေးသုံးရတာပေါ့။"
ကျွန်တော်...ဘာမှ ပြောမထွက်ပါ။ မေမေ..မလာတော့ဘူးဆိုတာကြားကြားခြင်းပင် ငိုချင်စိတ်က ထိန်းမရတော့ ကျွန်တော် မေမေ့ကို တွေ့ချင်ပါသည်။ မေမေ့လက်လေးဖြင့် ကျွန်တော့်ခေါင်းလေးကို သပ်ပေးကာ သား အရာရာအောင်မြင်ပါစေလို့...ဆုတောင်းပေးတာလေးများကို ခံချင်ပါသည်။
"မေမေ......"
"သား........ငိုနေတယ်...ဟုတ်လား။ သားရယ်..ဘာဖြစ်တာတုန်း။ သား...နေမကောင်းလို့လား။ သား....."
မေမေ့ဆီမှ စိတ်ပူသံဖြင့် ဖုန်းထဲမှ ပလုံးပထွေးကြားနေရသည်။ ကျွန်တော် ပျော့ညံ့မိပါသည်...
"သား..."
"ဟုတ်...ဖေဖေ။"
"မင်း...ယောကျာင်္းမဟုတ်ဘူးလား။ မင်းဖြစ်ချင်လှပါတယ်ဆိုတဲ့လမ်းကို ရွေးပြီးတော့မှ မင်းက နောင်တမျက်ရည်ကျတာလား။ စစ်သားလုပ်မည့်သူက ဒီလောက်မပျော့ညံ့သင့်ဘူးလေးကွာ။"
"ဟုတ်ဖေဖေ..သား..အပြစ်လုပ်မိလို့ ဒါဏ်ပေးခံထိထားလို့ပါ။"
"မင်း မှားလို့..မင်း အပြစ်ပေးခံထိတာပဲ။ ဒါကို မျက်ရည်မကျနဲ့လေကွာ။ ဒီမှာ မင်းငိုလို့မင်း အမေက ဖုန်းတောင်မပြောနိုင်တော့ဘူး။ ငိုနေပြီ.. မင်းရဲ့ ဒေါက်တင်ပွဲကို အဖေတို့လာခဲ့ပါတော့မယ်ကွာ။ ဒီမှာက စပါးမရောင်းရသေးတော့ ငွေမပေါ်သေးဘူးကွ။ ဒါပေမယ့် စိတ်ချ..သား။ အဖေတို့ အရောက်လာခဲ့မယ်..ဟုတ်ပလား။ တိတ်တော့။ ယောကျာင်္းက မျက်ရည်ကျတာ ပျော့ညံ့လို့ကွ။ ဖေဖေတို့မျိုးရိုးမှာ မင်းက ပထမဆုံးစစ်ဗိုလ်ကြီးဖြစ်မယ့်ကောင်ကွ။ အားတင်းထားစမ်းပါကွာ။"
"ဟုတ်...ဖေဖေနှင့် မေမေ ကျန်းမာရေး ဂရုစိုက်နော်။"

ဖုန်းလေးကျသွားပါပြီ...ကျွန်တော်လည်း အပြစ်ဒါဏ်ကို လုပ်ဆောင်ရန်သွားရပါတော့မယ်။ သို့သော် ဖုန်းမလာခင်ကခြေလှမ်းနှင့် ယခုခြေလှမ်းတို့မှာ ကွာခြားသွားလေသည်။ ဖေဖေနှင့် မေမေသည် ကျွန်တော်ဗိုလ်လောင်း ပထမနှစ်ကျောင်းသားဘ၀ကို အားပေးခဲ့ကြသော နောင်တစ်ခေတ်၏အောင်စစ်သည်၏ သားကောင်းမိဘများဖြစ်သည်။ ယခုဆိုလျှင် ကျွန်တော့်၏ကျောင်းသားဘ၀သည် ပျော်ရွှင်မှုများဖြင့်သာ ခုတ်မောင်းနေပါသည်။

(ညီလေးဗိုလ်လောင်း အပတ်စဉ်[၅၃] ပထမနှစ်ကျောင်းသားလေး ... အောင်မြင်စွာဖြင့် ထူးချွန်ဆုတစ်ခုကို ရယူနိုင်ပါစေလို့ ဆုတောင်းရင်း ညီလေးရဲ့ အမှတ်တရညလေးအကြောင်းကို တင်ပြရေးသားမှုကို နားလည်ပေးပါ။)

စာအပြည့်အစုံသို့….

+ အရာရှိကတော်လောင်းများကို မှာချင်တာကတော့


အောက်တိုဘာလရဲ့ တစ်ခုသော သောကြာနေ့တွင် ပျော်ရွှင်မှုများဖြင့် မမောနိုင် မပန်းနိုင် မင်္ဂလာကိစ္စများကို ဆောင်ရွက်နေသော ဆံပင်ကုတ်ဝဲလောက်လေးကို ဖါးလားလေးချကာ ကွာတာဘောင်းဘီတိုလေးဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်....

စနေနေ့၏ မင်္ဂလာရက်မြတ်ချိန်လေးတစ်ခုတွင် မြန်မာ့ကျက်သရေ ထိုင်မသိမ်းလေးကို ၀တ်ဆင်ထားကာ ပြုံးစိစိမျက်နှာလေးဖြင့်ကောင်မလေးနှင့် Service Suit ၀တ်ဆင်ထားသော ကောင်လေးတို့ ယှဉ်တွဲကာ မင်္ဂလာခမ်းမအတွင်းသို့ ၀င်လာကြသည်.......

တနင်္ဂနွေနေ့တွင် မိဘဆွေမျိုးမောင်နှမများကို နှုတ်ဆက်ကာ ခင်ပွန်းတာဝန်ကျရာဒေသသို့လိုက်သွားရန် ပြင်ဆင်နေသော ဆံပင်လေးကို စည်းနှောင်ထားကာ ကွာတားဘောင်းဘီလေး ၀တ်ဆင်ထားသော ကောင်မလေး...

တနင်္လာနေ့တွင်...
"ငယ်ရေ.. မပြီးသေးဘူးလား။ ဒီမှာ အစ်မတို့ကတောင်စောင့်နေရပြီ။" "လာပါပြီ..ကိုကိုရယ်။ ငယ်ဆံပင်ဖြီးနေလို့ပါ။" "ဟောဗျာ.. ဘယ်လိုလုပ်လိုက်တာလည်း..ငယ်။ ဘောင်းဘီတိုနှင့် စပို့ရှပ်နဲ့။ ဒါကဘယ်လိုဖြစ်တာလည်းကွာ" "ဟာ..ကိုကို ကလည်း လယ်ထဲလိုက်ကြည့်ရမှာဆို.. ဒါကြောင့်လွတ်လွတ်လပ်လပ်ရှိအောင်လို့ပါ။" " ငယ်......ငယ်က လွန်ခဲ့သော..သောကြာနေ့က ငယ် မဟုတ်တော့ဘူး။ အရာရှိကတော်ဖြစ်သွားပြီ။ ငယ်..လက်အောက်မှာ ရဲမေတွေရှိတယ်။ အခြားအရာရှိငယ် ကတော်တွေရှိတယ်လေကွာ.. ငယ် ဒီလိုဝတ်တော့ ဘယ်လိုလုပ်မလည်း.. ထမီလေးနှင့်ရင်ဖုံး သို့မဟုတ် ရင်စိ အင်္ကျီလေးဝတ်ခဲ့နော်.. မြန်မြန်လှဲခဲ့ အစ်မတို့ စောင့်နေရတာ အားနာစရာ။"
မျက်နှာလေးပျက်ပျက်ဖြင့် အခန်းထဲသို့ပြန်ဝင်သွားသော ကောင်မလေးတစ်ယောက်တွေးနေတာကတော့.....
"ညီမတို့ အစ်မတို့များ... တပ်မတော်ထဲဝင်ရင်လေ.. သူ့ကိုပြောလိုက်စမ်းပါ... ရင်ဖုံး၊ ရင်စိနှင့် ထမီတွေသာ များများချုပ်ယူလာကြပါလို့" ညီမလေးကတော့ ဒီနေရာကနေ..မှာချင်ပါတယ်။ "

စာအပြည့်အစုံသို့….

+ ကျွန်တော် အရာရှိဖြစ်ပါပြီ


မနက်နေရောင်အောက်တွင် ခြေအစုံသည် သချိုင်းအ၀တွင် ရပ်မိရင်း... အတွေးတွေကလည်း တစ်ချိန်တုံးက အတိတ်ဆီသို့ရောက်ရှိသွားတော့သည်။ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်သော ကျွန်တော့်ကို ဖေဖေနှင့် မေမေက တပ်မတော်ထဲသို့ဝင်ရန် အားပေးကြသည်။ သားကြီးက အရာရှိဝတ်စုံလေးနဲ့ ကျက်သရေရှိမှာပဲလို့ မေမေက တဖွဖွပြောလေသည်။ ကျွန်တော် တပ်မတော်ထဲ မ၀င်ချင်ပါ။ အများနည်းတူ မြကျွန်းညိုညိုတက္ကသိုလ်ဟူသော ရောင်စုံပန်းများဖူးပွင့်နေသော တက္ကသိုလ်ကိုသာ တက်ချင်ပါသည်။ သို့သော်လည်း မိသားစုထဲတွင် အကြီးဆုံးသားဖြစ်သော ကျွန်တော်က မိဘစကားကို ရှေ့ဆောင်လမ်းပြ လိုက်နာမှသာလျှင် ညီငယ်၊ ညီမငယ်တို့က ဆုံးမနိုင်မည်သာဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော် တပ်မတော်နည်းပညာတက္ကသိုလ်သို့ရောက်ရှိလာပါတော့သည်။

ပထမနှစ်ကျောင်းသားတို့၏ဘ၀သည် ကျောင်းစတက်ကာစ သူငယ်တန်းကျောင်းသားလေး ကျောင်းစတက်သလို မချိုမြိန်ပါ။ အကြီးအငယ်အုပ်ချူပ်ရသောစနစ်ဖြစ်သောကြောင့် အချို့အချို့သော ကိစ္စများတွင် ပြန်ပြောခွင့်မရအောင်ကို အမိန့်နာခံရသည်။ ယောကျာ်းတန်မဲ့ မျက်ရည်ကျသလားမေးလျှင်..ကျွန်တော်မျက်ရည်ကျပါသည်။ ခါးသည်းမှုတွေကို ကြုံရတိုင်း ဖေဖေနှင့်မေမေကို ကျေးဇူးဆပ်ချင်သောစိတ်ကြောင့်သာ စစ်ထဲဝင်လာတာပဲဟု ကိုယ့်ကိုယ်ကို အားတင်းရင်းမျက်ရည်များဖြင့် အိပ်စက်ခဲ့ရသော ညတွေသည် တတိယနှစ်အရောက်တွင် ခန်းခြောက်စပြုလာပါသည်။

ကျွန်တော်ချစ်ရပါသော မေမေသည် ကျွန်တော့်တို့ကို လောကကြီးထဲတွင်ထားခဲ့တော့သည်။ မေမေ့ဈာပနကို အမှီပြန်ခွင့်တော့ ကျွန်တော်ရခဲ့ပါသည်။ အထီးကျန်မှုတွေဖြင့် ကျွန်တော် တစ်နှစ်ကျော်ဖြတ်လာနိုင်ချိန်.... စတုတ္ထနှစ်လယ်တွင် ရန်ကုန်သို့ကွင်းဆင်းလေ့လာရေးသွားရပါသည်။ လေ့လာရေးပြီး၍ ကျောင်းသို့ပြန်ရောက်သော အခါတွင် ကျွန်တော်ရူးသွပ်သွား မတတ်ခံစားရပါတော့သည်။ ဖေဖေ့ရက်လည် ဆွမ်းသွတ်သောနေ့ကိုသာ ကျွန်တော်မှီလိုက်ပါတော့သည်။ ကျွန်တော် ဘာဆက်လုပ်ရတော့မလည်း မည်သူ့ကို ကျေးဇူးဆပ်ဖို့ စစ်ထဲဝင်လာတာလည်း ကျွန်တော်မေးခွန်ပေါင်းများစွာဖြင့် ဖေဖေနှင့်မေမေအုတ်ဂူတို့ကို ကန်တော့ကာ ကျွန်တော်ကျောင်းတော်ကြီးသို့ပြန်လာရပါတော့သည်။

ဒီဇင်ဘာနှင်းမှုန်လေးတွေကြားမှာ ကျောင်းဆင်းပွဲဟူသော နေ့တစ်နေ့ထိတိုင် ကျွန်တော် ဤကျောင်းတော်ကြီးတွင် ဆက်လက်ရှိနေခဲ့ပါသည်။ လစ်လပ်နေသောမိဘထိုင်ခုံလေးက ကျွန်တော့်ရင်ထဲတွင် ဖေဖေနှင့်မေမေပြုံး၍ကြည့်နေသည်ဟု ခံစားမိသည်။
"ကိုကြီး...ဘာတွေရပ်ပြီး စဉ်းစားနေတာတုံး.. ၀င်ရအောင်လေ" ညီမလေးက ကျွန်တော့်လက်ကို ဆွဲရင်းသချိုင်းထဲသို့ဝင်လာခဲ့ကြသည်။ ညီငယ်သုံးယောက်နှင့် ညီမလေးကိုကြည့်ရင်း ကျွန်တော်မျက်ရည်ကျမိသည်။ ဖေဖေနှင့်မေမေ သားကာကွယ်စောင့်ရှောက်ရမှာ ညီလေးတို့ ညီမလေးတို့တင် မဟုတ်တော့ပါဘူး...နိုင်ငံတော်တစ်ခုလုံးကိုပါ ကာကွယ်စောင့်ရှောက်ရတော့မှာပါ။

ဖေဖေနှင့်မေမေ... သားအခု အရာရှိတစ်ယောက်ဖြစ်ပါပြီ။ မေမေမြင်ချင်တဲ့ အရာရှိဝတ်စုံနဲ့သား မေမေတို့ရှေ့ကိုရောက်နေပါပြီ။
"ဖေဖေနှင့်မေမေတို့ကျေးဇူးကို ဆပ်ဖို့သားတပ်မတော်သားကောင်းတစ်ယောက်ဖြစ်လာအောင် ဆက်ကြိုးစားပါ့မည်။" ဖေဖေနှင့်မေမေ ကြားနိုင်ကြပါစေ။ ။

(အားငယ်နေတဲ့သူတစ်ယောက်ကို ဒီအကြောင်းအရာလေးဖြင့် အားပေးခဲ့တဲ့ တပ်မတော်နည်းပညာတက္ကသိုလ် အပတ်စဉ်-၈ မှ အစ်ကို့ကို အထူးပင်ကျေးဇူးတင်ပါတယ်။ )

စာအပြည့်အစုံသို့….

+ သို့ ..... အဖေ


သူငယ်ချင်းတစ်ယောက်ရဲ့ခံစားချက်တစ်ခုပါ။
အဖေသိနိုင်ပါစေ...
သားစာမေးပွဲအောင်တယ် အဖေ. ဒါကို အဖေ မသိနိုင်တော့ဘူးနော်။ သား စစ်တက္ကသိုလ်တက်မယ် အဖေ။ အဖေဖြစ်စေချင်တဲ့ စစ်ဗိုလ်တစ်ယောက်ဖြစ်အောင် သားကြိုးစားမှာပါ။ အဖေကို မြင်စေချင်တယ် အဖေရာ.. သားကျောင်းဆင်းပွဲမှာ အဖေ့ကို ရှိစေချင်လိုက်တာ။ အမေကတော့ အပြုံးတွေက မျက်ရည်တွေနဲ့။ သားတာဝန်ကျတဲ့နေရာက သားတို့မြို့လေးကနေ သဘောင်္တစ်တန်၊ ကားတစ်တန်ပေါ့။ အဖေရေ...သား ရှေ့တန်းထွက်ရတော့မယ်။ သား ရင်ထဲမှာ အဖေကို ပြောချင်နေတယ်။ အဖေဖြစ်စေချင်တဲ့ အရာရှိတစ်ယောက်သားဖြစ်လာပြီ။ အဖေရေ ရှေ့တန်းမှာကတော့ အဆင်ပြေလားလို့မေးရင်တော့ ဒီလိုပါပဲပြောရမှာပေါ့။ ရက်တွေလတွေ ကုန်လာပြီ အဖေ။ သားတာဝန်ချိန်ပြီးဆုံးလို့ သား သင်တန်းတက်ဖို့ကြေးနန်းဝင်လာပြီ။ သားအရမ်းပျော်တာပဲ အဖေရာ.. အမေနှင့် ညီထွေးကို သားတွေ့ရတော့မယ်။ သား အပြန်လမ်းမှာ အပျော်တွေနဲ့ ရန်ကုန်မှာ သင်တန်းတက်ရမယ်တဲ့။ သား သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံရတော့မယ်။ မြို့လေးတစ်မြို့ကိုရောက်ဖို့ မိုင်(၂၀)ပဲလိုတော့တယ်။ သား uniform ကတော့ ညစ်ပတ်နေပြီ အဖေရာ မတတ်နိုင်ဘူးလေ ဒီလိုပဲ မြို့ထဲကို ၀င်ရတော့မှာပေါ့။

အဖေ.. သားမျက်လုံးတွေ ပြာသွားတယ် အဖေ..
အဖေ..သားဘေးကိုရောက်လာတာလား။ သား သိလိုက်တဲ့အချိန်မှာ သားရောက်ချင်တဲ့ ရန်ကုန်ကိုတော့ရောက်နေပြီ အဖေ။ အမေကတော့ သားဘေးမှာ မျက်ရည်တွေနဲ့။ သား ဘေးမှာ သားတွေ့ချင်တဲ့ သားသူငယ်ချင်းကျောင်းဆင်းဖက်တချို့ကိုတွေ့တယ်။ ဒါပေမယ့် သံလွင်ရောင် Uniform နဲ့တော့ မဟုတ်ဘူး အဖေ။ ပြာဖျော့ဖျော့ ၀တ်စုံလေးတွေနဲ့။ စောင်ဖုံးထားတဲ့နေရာက ကုတင်နဲ့တိုက်ရိုက်ထိနေတာ အဖေ။ သားကိုယ့်ကိုယ်ကိုတောင် ပြန်မကြည့်ရဲတော့ဘူး။ အမေကတော့ သားနဖူးလေးကို ပွတ်ပြီး ဘုရားစာတွေရွတ်နေပြီ။ သားမျက်ရည်တစ်ချက်ကျမိတယ်။ ဒါပေမယ့် သား ဒီလိုခံစားနေရပေမယ့် သား ၀မ်းမနည်းတော့ ပါဘူး။

သား တာဝန်ကို သား တာဝန်ကျေအောင် သားလုပ်ခဲ့ပါတယ်။ သား ဒီလိုခံစားနေရပေမယ့်... အရာရှိတစ်ယောက်ပါ အဖေ။ သားအသက်နှင့် ခန္ဓာကို သား ပေးထားပြီးမှ သား စစ်ထဲဝင်လာတာလေ။ အဖေ... သားတာဝန်ကျေပါတယ်နော်။ သားကို ပြုံးပြနေမယ်လို့ သားမျှော်လင့်ပါတယ်။

စာအပြည့်အစုံသို့….

+ ရင်ကိုယားစေသော စာလေးတစ်စောင်


ကရင်ပြည်နယ်ဒေသလေးတစ်ခုတွင် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေရချိန် ချစ်သူ၊ ခင်သူ၊ မိဘဆွေမျိုးမောင်နှမများ နဲ့ဝေးကွာနေသော ကာလလေးသည် လွမ်းဆွေးမှုတွေနှင့် တာဝန်ဟူသော အရာနှစ်ခု ပြည့်နှက်နေသော ရက်များဖြစ်သည်။ နောက်တန်းမှရောက်လာသော စာလွှာလေးများသည်သာ တစ်နေ့တာ ပင်ပန်းနေမှုများကို အဝေးသို့ လွှင့်စင်စေပါသည်။ အကြင်ချစ်သူမရှိသော ကျွန်တော့်ဘ၀အတွက် စာဆိုသည်မှာ တော်တော်စဉ်းစားရသည်။ ကံကောင်းချင်သောရက်လေးကို ရောက်လာပါသည်။ ရဲဘော်တစ်ဦးက ကျွန်တော့်နာမည်နဲ့ စာလေးတစ်စောင်ကို ယူဆောင်လာပေးပါတယ်။
ပေးပို့သောစာလွှာရှင်လေးနံမည်လေးက မကြာသေးမီက ခင်မင်ခွင့်ရလိုက်သော ညီအစ်မနှစ်ယောက်... ကျွန်တော်ဝမ်းသာမှုများနှင့် ရင်ခုန်မှုတွေပါ စာလေးကို ဖွင့်လိုက်မိသည်။.....

စာထဲကအကြောင်းအရာလေးတွေကို ဖတ်ရင်းနဲ့ ရင်ထဲမှာ ယားကျိကျိဖြစ်လာတယ်။ တော်တော်ကို ဆွဲဆောင်မှုကောင်းတဲ့စာလေးပေါ့ ယားကျိကျိတောင် ခံစားရတယ်ဆိုတော့။ နောက်တော့ လက်တွေပါယားလာတာ။ တစ်ကိုယ်လုံးကို ယားလာတော့တာပါပဲ။ နောက်ဆုံးမှာတော့ ရေပြေးချိုးလိုက်ရတော့တယ်။ စာလေးကို သေချာစွာဖတ်ကြည်တော့မှ အောက်ဆုံးတွင် သတိပေးစကားပါ ပါတယ်။ "ခွေးလျားသီးမှုန့်ပါသည်" တဲ့လေ။ ဘယ်လိုမှကို အပြစ်မြင်လို့မရဘူး။ သူတို့ရဲ့စာလေးကြောင့် ပင်ပန်းနေသော ကျွန်တော်တင်မက ကျွန်တော့်တပ်ခွဲတစ်ခုလုံး တသောသောရယ်နိုင်တော့သည်။ ညီမလေးနှစ်ယောက်ကို ဒီအကြောင်းရာလေးကို စဉ်းစားမိတိုင်း ကျေးဇူးတင်ပါတယ်။

စာအပြည့်အစုံသို့….

+ မီးအိမ်ပိုင်ရှင်လေးကျွန်တော်

တစ်ခါတုန်းက မိတ်ဆွေတချို့က "မင်း ကတော့ ကံကောင်းတယ်ကွာ ကျည်ဝေးရာ တိုင်းတပ်မှာ ပန်ကာလေးနဲ့ ကောင်းလိုက်တာတဲ့ "စစ်သားတွေဆိုရင် လူတွေက စုတ်စုတ်ပြတ်ပြတ်.. ချို့ချို့တဲ့တဲ့ပဲ မြင်ချင်တယ်ထင်တယ်။ ကောင်းကောင်းလေးနေရရင် ပြောချင်လာတယ်။ ကျွန်တော်ပိုင်ဆိုင်တာကတော့ အမေပေးတဲ့ မီးအိမ်အိုလေးနှင့် ရေဒီယိုတစ်လုံးပါ။ အခု ကျွန်တော် စခန်းစစ်ထွက်လာတာ တစ်ပတ်ကျော်ပြီ.. စခန်းအားလုံးလည်း ပြီးသလောက်ရှိပါပြီ။ ပြန်ရတော့မယ်ဆိုတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ပေါ့။ စခန်းစစ်ဆိုပေမယ့် ကျော့ကျော့လေး စစ်ရတာတော့ မဟုတ်ပါ။ စစ်ဆင်ရေးထွက်သကဲ့သို့ အစစအရာရာ တစ်စခန်းပြောင်း တစ်စခန်းသတိထားရပါသည်။ ကျွန်တော်နောက်ဆုံးသွားရမယ့် နေရာကတော့ ကဗျာစာချိုးလေးနဲ့ နေရာပါပဲ... ၁၉ ဖာပွန် တမလွန် ဆိုသော..နေရာလေးပေါ့

အသွားမှာပေါ့ ကလေးတွေပြောသလို နိုး ပလုံ ပလုံပေါ့။ အပြန်မှာပေါ့ အဲဒီမှာ စတွေ့တာပဲ ဆိုတဲ့အတိုင်းပါပဲ ပစ်ခတ်မှုနဲ့ဆုံပါသည်။ ကံကောင်းချင်တော့ အမေ့သားလေး.. အမေပို့သသော မေတ္တာကြောင့် ဘေးမသီရန်မခ အေးဆေးစွာ ပြန်ရောက်လာခဲ့ပါသည်။ တပ်ရောက်သည်နှင့်လည်း မိန်းမယူရန် ဆုံးဖြတ်လိုက်သည်။ အခြားတော့ မဟုတ်ပါ.. ကျွန်တော့ ညီမလေးပြောသော ငှက်ပျောတုံးဖက်ရမှာကို စိုးပါသည်။

ဒါပေမယ့်လည်း ညီမလေးရယ်... အစ်ကိုတို့က စစ်သားတွေပါ။ အစ်ကိုတို့ဘ၀ကို နားလည်ပေးမယ့် အိမ်သူသက်ထားကို ရဖို့ဆိုတာ မဟူရာညမှာ အပ်ပျောက်ရှာရတာပါ။ ဖူးစာဆိုတာ ဦးရာလူ ဆိုတော့ အစ်ကိုတို့စစ်သားတွေက တာဝန်တွေဆိုတာ နေ့ရောညပါလေ.. ဘယ်နားမှာ ဦးချိန်ရမှာတုန်းကွာ။ မိန်းမယူထားသော သူငယ်ချင်းများရဲ့ အိမ်သူသက်ထားများကိုလည်း လေးစားမိတယ်။ သူငယ်ချင်းတွေ ဘ၀ကိုလည်း အားကျရင်း ဘာရယ်မဟုတ် ကျွန်တော့်ဖူးစာရှင်လေးကို ရေဒီယိုလေးကို နားထောင်ရင်း အမေပေးတဲ့ မီးအိမ်အိုလေးဖြင့် မီးခွက်ထွန်းရှာနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

[ရတခမှ အစ်ကိုတစ်ယောက်အကြောင်း တစေ့တစောင်း]

စာအပြည့်အစုံသို့….

+ ပြန်ဆုံချင်မိသော ပန်းကုံးပိုင်ရှင် ညီမလေး


ပန်းကုံးလေးကမ်းပေးသော လက်လေးတစ်စုံကို တောင့်တမိသည်။ ကျေးဇူးပါပဲဟု မပြောခဲ့မိသော...လွန်ခဲ့သော အတိတ်နေ့တွေဆီက အကြောင်းအရာက မနေ့တစ်နေ့ကလိုလို.... ကျွန်တော် စစ်တက္ကသိုလ်ကျောင်းဆင်းပြီးလို့တာဝန်ကျရာတပ်ရင်းတစ်ခုကို ရောက်ရှိခဲ့ပါသည်။ ကံကောင်းချင်သော ကျွန်တော်..တော်လှန်ရေးချီတပ်လမ်းလျှောက်ခြင်းမှာ ပါဝင်ရမည်ဆိုသော ကြေးနန်းကြောင့် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့သည်။ သူမနှင့် ကျွန်တော်ဆုံစည်းရန် ဖြစ်ချင်လာတော့ ထိုဆိုင်ကလေးမှာ ကျွန်တော် ထမင်းစားရင်းက ဆုံစည်းခွင့်ရခဲ့သည်။ rehersal နေ့တွေမှာတော့ သူမလာလာကြည့်နေသည်ကိုတော့ အမှတ်မထင်တွေ့မိသည်။

ဤသို့ဖြင့်တပ်မတော်နေ့သို့ရောက်လာခဲ့ရာ ကျွန်တော်ချီတပ်လမ်းလျှောက်သော စစ်ကြောင်းကို သူမ လူအုပ်ကြားမှ ကြိုးစားပမ်းစားရှာနေပုံလေးကို ယနေ့ထိပြန်မြင်ယောင်မိသည်။ နောက်ဆုံး ကျွန်တော်တို့စစ်ကြောင်းကျော်ခံနီးလေးတွင် သူမ ကျွန်တော့်ကို ရှာဖွေတွေ့ရှိသွားပါသည်။ သို့သော်လည်း သူမ၏လက်ထဲမှ ပန်းကုံးကလေးသည် ကျွန်တော်ထံရောက်မလာနိုင်တော့ပါ...နောက်မှ စစ်ကြောင်းများက ဆက်တိုက်ပါလာသောကြောင့် သူမလူအုပ်ကြားထဲမှ ထွက်လာချိန်တွင် မမှီလိုက်တော့ပါ.... မျက်ရည်များဖြင့်ပြည့်လျှံနေသော သူမမျက်ဝန်းလေးကို ကျွန်တော့်မျက်စိဒေါက်မှသာ တွေ့လိုက်ရသည်။ စိတ်မကောင်းပါဘူး..ညီမလေးရယ်။

တော်လှန်ရေးနေ့ပြီး၍ တပ်ဆီသို့ပြန်ရမည့်နေ့တွင် ကားများနားသို့ သူမရောက်လာပါသည်။ ကျွန်တော့်ကို လှမ်းပေးလိုက်သော ဘူးလေးတစ်ခု..ထိုအချိန်က ကျွန်တော်သူ့ကို ဘာမှပြန်မပြောခဲ့မိပဲ...စွံ့အစွာပင် ဘူးလေးကို ယူထားလိုက်မိသည်။ တပ်ပြန်ရာလမ်းတစ်လျှောက် ရထားပေါ်တွင် ဘူးလေးကို ဖွင့်ကြည့်မိသောအခါ... ပန်းကုံးလေးတစ်ခုထွက်လာပါသည်...စာတစ်စောင်ကတော့..အစ်ကို့အတွက်ဟုသာ မင်နက်နက်လေးဖြင့်ရေးထားသည်။ သူမရေးပေးလိုက်သော မင်နက်နက်လေးသည် စက္ကူပေါ်တွင်သာ ထင်ရှားခြင်းမဟုတ်ပဲ..ကျွန်တော့်အတွေးအာရုံတွင်ပါ ထင်ရှားနေသည်ကို ကျွန်တော်နှင့်သူမ ကွဲကွာခဲ့ပြီး (၄)နှစ်လွန်သည်အထိ ရှိနေသေးသည်ကို..သူမသိနိုင်ပါစေ။ အမိမြေကို ပြန်လာချိန်မှာ ကျွန်တော့်ကို ပန်းကုံးလေးဖြင့် ရန်ကုန်လေဆိပ်တွင် သူမရှိနေခဲ့ပါလျှင်..မည်မျှကောင်းမည်နည်းဟု တွေးတောရင်းဖြင့် နံရံပေါ်ရှိ ပြက္ခဒိန်ရက်လေးကို တစ်ရက်ခြစ်လိုက်မိသည်....

[ခံစားချက်တစ်ခုကို အမှတ်မထင်ပြောပြပေးခဲ့သော MATIမှအစ်ကို ကိုကျေးဇူးတင်ပါတယ်။]

စာအပြည့်အစုံသို့….

+ ကျွန်တော်တို့သည် လူထဲကလူ.. လူထဲက စစ်သား


ကျွန်တော်တို့တပ် ရှေ့တန်းက ပြန်သိမ်းလာပြီ။ ရန်ကုန်မှာ စက်တင်ဘာအရေးအခင်း မငြိမ်မသက်ဖြစ်တာရော၊ ကျွန်တော်တို့တပ်ခွဲကို နောက်တပ်ခွဲတစ်ခုနဲ့လဲတာရောကြောင့် နောက်တန်းကို ပြန်ဝင်လာရတယ်။ အိမ်က ဇနီးနှင့် သမီးမျက်နှာကိုတောင် မတွေ့ရသေး...စခန်းရုံးက ထပ်မံပေးအပ်လိုက်တဲ့ နောက်တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ အသင့်ပြင်ရတော့မည်။ အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက် ကြားလိုက်ရသော အကြောင်းအရာတစ်ခုကြောင့် တော်တော်စိတ်မကောင်းဖြစ်မိသည်။

စစ်သားတွေကို ဘယ်ဂြိုလ်က ကျလာတာလည်း၊ သူတို့ကိုရော အဖေ အမေကမွေးတာ မဟုတ်ဘူးလား အစသဖြင့် ပြောဆိုနေတာတွေကို ကြားလိုက်ရတယ်။ ကျွန်တော်တို့ဟာ စစ်သားဆိုတဲ့ ၀န်ထမ်းတွေပါ။ အမိန့်ကို နာခံရမယ်။ နိုင်ငံကို ကာကွယ်ရမယ်။ ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက် ကျွန်တော်တို့ကတော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်ရမှာပါ။ ကျွန်တော်တို့မှာ ဗိုလ်လောင်းဘ၀ကတည်းက ထမင်းမစားခင်တောင် ရွတ်ဆိုရတဲ့ သစ္စာအဓိဌာန်(၄)ချက်အတိုင်း လိုက်နာဆောင်ရွက်နေသည်မှာ...

ဘယ်ဂြိုလ်က ကျလာတဲ့ အကောင်တွေဆိုတဲ့ စကားလုံးဘ၀အောက်ကို ရောက်ကုန်ပြီလား ... ရန်ကုန်မှာ ဒီအခြေအနေရောက်လာတော့မှ ကျွန်တော်တို့ ရှေ့တန်းစစ်မြေပြင်မှာ ချစ်သူ ခင်သူကို ခွဲခွာပြီး အသက်တွေ ချွေးတွေရင်းပြီး တိုက်ပွဲဝင်ခဲ့ရတာတွေက မြူမှုန်လို ပျောက်ကွဲသွားပြီလား။ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေစွန့်လွှတ်လိုက်ရသော စစ်သားတွေနှင့် ကျွန်တော်တို့တွေက ဘယ်ဂြိုလ်က ကျလာတဲ့ အကောင်တွေလည်းဆိုတဲ့ ခေါင်းစဉ်အောက်မှာလား ?????

အတွေးတွေနဲ့လျှောက်လာရင်း အိမ်ရှေ့အရောက်တွင်...ကျွန်တော်အသက်မသေပဲ ပြန်လာတာကို အိမ်ဝမှာ စောင့်နေတဲ့ မျက်ရည်စက်လက်မျက်နှာလေးနဲ့ ကျွန်တော့်ဇနီး၊ လောကကြီးအကြောင်းကို ဘာမှသေချာမသိသေးတဲ့ ကျွန်တော့်သမီး ...
ညစ်ပတ်ပေကျံနေသော ကျွန်တော့်ယူနီဖောင်းရင်ခွင်ဆီကို ဖေဖေ ဟုအော်ကာပြေးဝင်လာသော သမီးလေးမျက်နှာကိုကြည့်ရင်း ဒေါသတရားများကွယ်ပျောက်သွားသည်။ ဘယ်လိုပင်ခံစားနေရပါစေ ကျွန်တော့်တာဝန်ကို ဆက်လက်ဆောင်ရွက်နေရမှာပါ။ စိတ်ဓါတ်စစ်ဆင်ရေးကို မကျဆုံးရအောင် အားပေးနေသော ကျွန်တော့်သမီးနှင့် ဇနီးကတော့ အကောင်းဆုံး အားဆေးတစ်ခွက်ပါ..

စာအပြည့်အစုံသို့….

+ မွန်မြတ်သော ပေးဆပ်မှု


တိတ်ဆိတ်နေသော မနက်ခင်းတစ်ခုတွင်...
"လုံးဝသဘောမတူနိုင်ဘူး။ မင်းအဓိပ္ပာယ်မရှိတာမပြောနဲ့ ...မင်းက မေမေတို့ရဲ့တစ်ဦးသော သား။ မင်းကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး " မေမေကတော့ ပြတ်သားစွာပင်ပိတ်ပင်နေပြီ။ ဖေဖေ ဆီမှနောက်ဆုံး အသက်ကယ်ဆေး အနေနဲ့ လျှမ်းကြည့်လိုက်မိသည်။
"သား...စစ်သားဘ၀ဆိုတာ မင်းထင်သလို မလွယ်ဘူးနော်။ မင်းဆင်းရဲဒုက္ခခံနိုင်လို့လား။ မင်းစစ်ထဲဝင်ချင်တင်ဆိုရင်တောင် တပ်မတော်စစ်ဆေးကို ၀င်ပေါ့။ မင်းအဖေနှင့် အမေက ဆရာဝန်တွေဆိုတာ မမေ့နဲ့အုံး။ " ဖေဖေထံမှရလိုက်သော စကားကတော့ အားပေးမှုမပါ။
"ဖေဖေကတောင် စစ်သားတွေဘ၀ကို ဆင်းရဲဒုက္ခလို့မြင်ရင်.. အခုဝင်နေတဲ့သူတွေကို ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလည်း..သားကတော့ဆုံးဖြတ်ချက်ကို လုံးဝမပြင်ဘူး။" ထိုကဲ့သို့အတိုက်အခံများဖြင့်......

သူစစ်တက္ကသိုလ်သို့ရောက်ခဲ့သည်။ တစ်ဦးတည်းသောသားဟူသော ဘ၀တွင် ပျင်းစရာကောင်းခဲ့သော သူ့ဘ၀တွင် ချစ်ခင်လေးစားရသော အစ်ကိုတွေ၊ ညီတွေရခဲ့ပါတယ်။
(၃)နှစ်ပြည့်မြောက်လို့ကျောင်းဆင်းပွဲနေ့တွင် မေမေကတော့ မျက်ရည်များဖြင့်သာ ထွက်ဖို့ကို တတွင်တွင်ပြောနေသေးသည်။
"သားရယ်.. မေမေစိတ်မချဘူး။ ထွက်လိုက်ပါလား"
"မေမေ.. သေမယ့်သူချင်း အတူတူ မြတ်သော သေခြင်းနဲ့သာ သေချင်တယ်။ သားအသက်နှင့် ခန္ဓာကို သားပေးလှူထားပြီးသားပါ။ သား သေမှာမကြောက်တော့ပါဘူး။ သေရင်မြေကြီး၊ ရှင်ရင်ရွှေထီးပါ..မေမေ"

ကျောင်းဆင်းပြီးသောအခါ တာဝန်ကျရာနေရာသို့သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နောက်ပိုင်းတွင် စာရေးသူထံသို့ သူအဆင်ပြေကြောင်း၊ သူ့ဘ၀ကို သူကျေနပ်ကြောင်း စာလေးများရောက်ရောက်လာပါသည်။

မိုးအကုန်ဆောင်းအကူးကာလလေးမှာတော့ မမျှော်လင့်သော သတင်းတစ်ခုကြားလိုက်ရသည်။ စာရေးသူ၏ သူငယ်ချင်းတိုက်ပွဲတွင် ကျဆုံးသောသတင်းကရောက်ရှိလာပါသည်။ သူ၏ဈာပနကို မအားသည့်ကြားက ရောက်အောင်သွားလိုက်သည်။ သူငယ်ချင်းရေ... မင်းပြောတဲ့ မြတ်သော သေခြင်းပါပဲ။ မင်းကို ဂုဏ်ပြုတဲ့ သေနတ်ပစ်ဖျောက်သံတွေကို မင်းကြားရ ရဲ့လားကွာ။ မင်းပြောခဲ့ဘူးတဲ့ လူရယ်လို့ဖြစ်လာရင် မြတ်သောသေခြင်းနဲ့ သေဆုံးခြင်းသည် အကောင်းဆုံးဆိုတာကို မင်းက သက်သေပြသွားတာလား..

[တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးသွားသော စစ်တက္ကသိုလ်သင်တန်းအမှတ်စဉ်-၄၇ မှ သူငယ်ချင်းကိုရည်စူးရင်း..]

စာအပြည့်အစုံသို့….

+ ပညာတော်သင်ကျောင်းသားတစ်ဦး၏ စစ်မြေပြင်ကာလ


ညီမလေးစကားကိုကြားတော့ စိတ်မကောင်းဖြစ်မိသည်။ အစ်ကိုလေးတို့က နိုင်ငံခြားမှာ ပညာတော်သင်ကို အေးအေးဆေးဆေးသင်နိုင်ချိန်မှာ တောထဲမှာဒုက္ခရောက်နေတဲ့ စစ်သည်တွေကို ဘယ်သူတွေကမှ မသိဘူး....
ညီမလေးရယ် အစ်ကိုတို့တွေလည်း ဒီဘ၀ကနေ ကျော်ဖြတ်လာသူတွေပါကွာ။ တစ်ချိန်တုံးက မင်းအစ်ကိုဟာလည်း.... သေမင်းတမန်လမ်းက ပြန်လာတဲ့သူတစ်ယောက်ပါ။

၂၀၀၆ ခုနှစ် ဇူလိုင်လ.... မိုးတွေရယ် ဘာငြိုးကြောင့်များ ဒီလောက်ရွာနေရတာလည်းကွာ။

မနေ့ကဖြစ်ပွားသောတိုက်ပွဲတွင် ဒဏ်ရာရလူနာများကို နောက်တန်းပြန်ပို့ပေးရမယ့် အဖွဲ့တွင် ကျွန်တော်က တပ်စုမှုးအဖြစ်လိုက်ပါလာရသည်။ မိုးက သည်းမည်းစွာ ရွာသွန်းသောကြောင့် ထင်သလောက်ခရီးမပေါက်။ ဒဏ်ရာရလူနာများကိုလည်း မကြည့်ရက်၊ သယ်ဆောင် ထမ်းပိုးနေကြသော ရဲဘော်များကိုလည်း ကိုယ်ချင်းစာသည် မြန်မြန်သွားရန် အမိန့်ကိုလည်း မပြောရက်.. ဤသို့ဖြင့် လမ်းခရီးတွင် ရက်တော်တော်ကြာနား၍ ခရီးဆက်ရသောကြောင့် ရိက္ခာကမလောက်တော့ပြီ... မိုးတွေကသည်းသည်းမည်းမည်း အငြိုးကြီးစွာရွာစဲပင်.. ရဲဘော်လေးလာပေးသွားသော ထမင်းကို စားရန်ပင်တော်တော်အဆင်မပြေ မိုးကာခြုံထားသောလည်း လေအဝှေ့တွင် အဆင်ကသိပ်မပြေချင် ဟန်းကောချိုင့်လေးထဲမှ မြေပဲဆန်လေးနှင့် ထမင်းကို ငုံ့လိုက်ချိန်တွင် Jugle Hat ပေါ်မှ ရေများက ချိုင့်ထဲသို့ တလပောာစီးဆင်းသွားတော့သည်။ မြေပဲဆန်လေးတွေက ရေမြှုပ်နေသော ထမင်းပေါ်တွင် ပေါလောပေါလော။ ထမင်းကို လက်တဖက်ဖြင့် ရေပြန်စစ်ရင်း..... မြို့ပေါ်များတွင်တာဝန်ကျနေသော သူငယ်ချင်းများကို သတိရလိုက်သည်။ စစ်သားတွေဘ၀သည် ကျရာတာဝန်ကို ကျရာနေရာတွင် တာဝန်ထမ်းဆောင်ကြရသည်များကို တွေးရင်း ထမင်းအေးအေးလေးများကို ခပ်စားနေမိသည်။

အခုတော့လည်း ပြည်ပနိုင်ငံတွင် ပညာတော်သင်လာနေသော ကျွန်တော်တို့တွေသည် တစ်ချိန်ကလည်း ဒီလိုဘ၀တွေကို ဖြတ်ကျော်ခဲ့ရတယ် ဆိုတာ..ညီမလေး..သိပါစေကွာ။ ။

[ခံစားချက်တွေကို ပြောပြရုံတင်မက ကိုယ်တွေ့ဖြစ်ရပ်များကို ရေးသားနေသော အစ်ကိုကြီး နေလွမ်းသူ ကို အထူးပင်ကျေးဇူးတင်ပါသည်။]

စာအပြည့်အစုံသို့….

Sunday, July 13, 2008

+ ညီလေးသို့ ပေးစာ


ကျွန်တော်ဘ၀မှာ ပျော်စရာကောင်းသော ရက်တစ်ရက် ထပ်မံပေါ်ပေါက်လာပါပြီ။ ကျွန်တော်ရည်မှန်းချက်တွေ သေပြီလို့ထင်ခဲ့ရသောနေ့မှ (၂)နှစ်တိတိ ကျော်လွန်သောအခါ...
"ဗိုလ်ကြီး ....... ခင်ဗျားခြေထောက်က ပုံမှန်နီးပါးပြန်ဖြစ်နေပြီပဲ..အံ့သြစရာပဲဗျာ။ ဗိုလ်ကြီးဆေးဆင့်ချအုံးမှာလား..ဒီအတိုင်းဆို " " ဗိုလ်မှူး..တစ်ကယ်လား..၀မ်းသာလိုက်တာ။ ကျွန်တော်အရင်ကလိုတော့ ပြေးရင်မနာတော့ဘူးဆိုတာတော့ သိတယ်။ ဒီလောက်ကြီးထိကောင်းလိမ့်မယ်လို့ မထင်ထားတာ။ ဒီလိုသာဆိုရင်တော့ ကျွန်တော်ဆေးဆင့် မချတော့ပါဘူး။ ကျွန်တော့် အသက်သေသည် အထိ တပ်မတော်ထဲမှာပဲ တာဝန်ထမ်းဆောင်ချင်ပါတယ်။ " " ကောင်းပါတယ်။ ဒါဆို ဆေးမှတ်တမ်းရေးပေးလိုက်မယ်။ အရမ်းတော့ ပြင်းပြင်းထန်ထန်တော့မလုပ်သေးနဲ့ပေါ့ သင်တန်းတွေကတော့ တက်လို့အဆင်ပြေမှာပါ"
ဆရာဝန်ကြီးစကားတွေကို နားထဲမှ မထွက်နိုင်အောင် ပီတိများစွာဖြင့် ကျွန်တော့်ကုတင်ဆီသို့ပြန်လာမိသည်။ ကုတင်ပေါ်တွင်လှဲနေရင်း အတွေးနယ်များကို ချဲ့မိသည်..

"ကိုကြီး..ဒီနေ့ဆေးစစ်တာ အဖြေရပြီ..ညီလေးအောင်တယ်။ ဒါပေမယ့် ညီလေး မသွားချင်ဘူး။ အမေနှင့် ကိုကြီးကို မခွဲနိုင်ဘူး။ နောက်ပြီး ကိုကြီးခြေထောက်ကလည်းကောင်းတာမဟုတ်တော့ ကျွန်တော်အပြင်မှာပဲ စီးပွားရေးပြန်လုပ်ပေးတော့မယ်ဗျာ"
ကျွန်တော့်လက်သီးက မပြောမဆို ညီလေးနှာခေါင်းရိုးကို ထိမိရက်သားဖြစ်သွားသည်။ ညီလေးကတော့ ကျွန်တော့်အား တွေတွေကြီးသာ စိုက်ကြည့်နေသည်။
"မင်းမို့လို့ပြောရက်တယ် ကိုလေး။ ငါဒါဏ်ရာရတာက ခြေထောက်တစ်ခုတည်းပါကွ ငါမသေသေးပါဘူး။ မင်း..အဖေ့မှာတာတွေကို မေ့သွားပြီလား။ မင်းတိုင်းပြည်အတွက် ဘာတာဝန်ကျေအောင်လုပ်ခဲ့ပြီးပြီလည်း။ မင်း စစ်တက္ကသိုလ်မှာ (၃)နှစ်လုံးလုံးပညာသင်ခဲ့တဲ့ ကျေးဇူးတရားကို မမေ့နဲ့။ ပညာတော်သင်သွားရတာကိုတောင် မင်းက ဂုဏ်ယူရမှာ။ ငါဒါဏ်ရာရလို့ ငါ့ခြေထောက်စွန့်လွှတ်ရရင်တောင် ငါကျေနပ်တယ်။ အမေနှင့်ငါအတွက်.မင်းစိတ်ပူမနေပါနဲ့ကွာ ...ငါလည်း ခွင့်ရတိုင်း အမေ့ဆီ အမြဲဝင်မှာပါ။ အဖေနှင့် အမေဖြစ်စေချင်တဲ့ ထူးချွန်တဲ့သူတစ်ယောက်ဘ၀ကို မင်းရအောင်ဆက်ကြိုးစားပါ။ "

ညီလေးကတော့ ကျွန်တော့်အား ခေါင်းသာညိတ်ပြပြီး နှုတ်ဆက်ကာပြန်သွားလေသည်။ ကျွန်တော်စိတ်မကောင်းတော့ဖြစ်မိသည်။ ညီလေးက အမေနှင့်ကျွန်တော့်အတွက် စိတ်ပူတာကို ကျွန်တော်ဘာကြောင့်များ ထိုးမိပါသနည်း။ ညီလေးအတွေးကလည်းမမှားပါ။ အမေသည် သား(၃)ယောက်ကို လူ့လောကအလယ်တွင် အဖေ မရှိတော့သည့်တိုင် လူတန်းစေ့နေနိုင်အောင် ထားပေးခဲ့သည်။ လူလားမြောက်သော သားနှစ်ယောက်လုံးသည် စစ်ထဲသို့ဝင်ခဲ့သည်။ ကျွန်တော့်ဒါဏ်ရာရသည့်တိုင် အမေကတော့ အပြုံးမပျက်သူ့သားများအတွက် ဂုဏ်ယူနေဆဲ....

ကျွန်တော်ခြေထောက်ပြန်ကောင်းလျှင်တောင် စစ်ထဲမှာပဲဆက်လက်အမှုထမ်းချင်သည်ဟု အမေ့ဆီသို့ဖုန်းဆက်ပြောသောအခါ .. သားတို့အတွက် အမေ အမြဲဂုဏ်ယူနေမှာပါဟုပြောရင်း ချောင်းများဆိုးကာ စကားပင်ဆက်မပြောနိုင်တော့သည့် အမေ့အသံကို ကြားရချိန်မှာတောင် ကျွန်တော်စစ်တပ်ကထွက်ဖို့ စိတ်ကူးပင်မရှိခဲ့ပါ။ ကျွန်တော်တစ်ကိုယ်ကောင်းဆန်နေပြီလားဟု နောက်တနေ့တွင် ဖုန်းပြောသောအခါမေးမိလိုက်ရာတွင်...
" သားရယ်..မင်းတို့ အဖေသွေးတွေက မင်းတို့ကိုယ်မှာ စီးနေတာပါ... မင်းတို့ အဖေတိုက်ပွဲမှာဒါဏ်ရာရပြီး မဆုံးခင်ဆေးရုံမှာ နောက်ဆုံးပြောခဲ့တဲ့ စကား သားးမှတ်မိမှာပါ။"
အဖေ့သားတွေ..မွန်မြတ်သော သေခြင်းကိုသာ လုပ်ဆောင်နိုင်ပါစေ ..... အဖေ့စကားက နားထဲတွင် ပဲ့တင်ထပ်နေသည်။
အဖေ.. သားညီလေးကိုထိုးလိုက်မိတာဟာ စေတနာဒေါသောနဲ့ပါ။ ညီလေးတစ်နေ့နားလည်လာနိုင်မယ်လို့ ကျွန်တော်ယုံကြည်ရင်း..ညီလေးဆီသို့.....

စာအပြည့်အစုံသို့….

+ ကျွန်တော့်ချစ်သူတောင်းသောဆု


ပျောက်ကွယ်သွားသော အလင်းရောင်တန်းတစ်ခုကို ကြည့်ရင်း လစ်လပ်သွားသော နှလုံးသားလေးကို ရင်နာနာဖြင့်သာ လက်ခံလိုက်ရတော့မယ်။ ဘေးဝဲယာမှ ကျွန်တော့် သူငယ်ချင်း၊ ရဲဘော်ရဲဘက်များကတော့ တိတ်ဆိတ်စွာပင် ၀င်ခံနီး နေမင်းကြီးကိုသာ ငေးမောကြည့်နေကြသည်။ ကျွန်တော်တို့ဘ၀တွေက နေ၀င်ချိန်ရောက်နေပြီလား.....
တိုက်ပွဲတွင် ရလိုက်သော ဒါဏ်ရာကြောင့် ကျွန်တော်ဒီဆေးရုံကို ရောက်လာခဲ့တယ်။ ရက်တွေလတွေသာ ပြောင်းလာပေမယ့် ကျွန်တော်မျှော်လင့်ထားတဲ့ သူမ ရောက်မလာခဲ့ပါဘူး။ အကျည်းတန်နေတဲ့ ကျွန်တော့်ဘ၀ထဲကို သူမကို မခေါ်ရက်ပါဘူး။ ဒါပေမယ့်လည်းဗျာ... နှစ်ကိုယ်တူ ထားခဲ့တဲ့သစ္စာတွေကို မသိစိတ်က တောင့်တနေမိပေါ။ နေ့လေးတစ်နေ့မှာတော့ ကျွန်တော်မျှော်လင့်တာ ဖြစ်လာပါတယ်။ သူမရောက်လာပါပြီ..

ကျွန်တော့်ကိုပြုံးပြနေတဲ့ အပြူံးလေးက အေးစက်စက်လေး... သူမပြောလိုက်တာကတော့
"ကိုလေး ကို ကန်တော့ပါရစေ"
ဘာပြန်ပြောရမှန်း မသိအောင်ကို ကျွန်တော့်ချစ်သူလေးက ထူးဆန်းတာတွေကို လုပ်နေပြီ။ ကြမ်းပြင်မှာ ပုံ့ပုံ့လေးထိုင်ချကာ ကျွန်တော်ကို ကန်တော့နေတော့သည်။ ကန်တော့ခြင်း အဆုံးမှာ သူမပြောလိုက်တာလေးက "ပြစ်မှားမိတာများရှိခဲ့ရင် ခွင့်လွှတ်ပါ။ ကိုလေး.. ငယ့် ကို မေ့လိုက်ပါတော့" တဲ့။

သြကာသလောကသား အပေါင်းတို့ခင်ဗျာ.. ကျွန်တော်ဘာဆုပေးရမတုံး ???? "လိုအင်တောင့်တမှုတွေပြည့်ပါစေ" လို့ပြောရမှာလား။
ကျွန်တော်ချစ်သူကောင်မလေးကတော့ အဆန်းထဲကမှ အဆန်းဆုံးကို လုပ်ပြသွားပါပြီ။
သူကျောခိုင်းသွားပြီ.. နေမင်းကြီးကလည်း ၀င်သွားပါပြီ။ ကျွန်တော်ချစ်သောမြေအတွက် ကာကွယ်ပေးရင်း ကျွန်တော်ခန္ဓာတင်မက၊ ကျွန်တော်ချစ်သောကောင်မလေးပါ စွန့်လွှတ်လိုက်ရပြီ။ ကျွန်တော်လို "တောင်းတဲ့ဆုတွေပြည့်ပါစေ" အဖြစ်မျိုးနဲ့ မကြုံကြပါစေနဲ့.... ညီတို့၊ အစ်ကိုတို့
[ခံစားချက်ကို ရေးသားခွင့်ပြုသော စစ်တက္ကသိုလ်အပတ်စဉ်(၄၆)မှ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။]

စာအပြည့်အစုံသို့….

+ ရှမ်းပြည်နယ်ဒေသလေးတစ်ခု


အေးမြသောရှမ်းပြည်နယ်ဒေသတစ်ခုကို ကျွန်တော်အလည်အပတ် ပြန်လည်ရောက်ရှိလာချိန် လွန်ခဲ့သော ဆယ်စုနှစ်အလွန်မှ အဖြစ်အပျက်များကို ပြန်လည်သတိရမိလိုက်သည်။ ဒီမြေကြီးဟာ ကျွန်တော်ခန္ဓာအစိတ်အပိုင်းတစ်ခုတင်မကပဲ ကျွန်တော့်၏ သူငယ်ချင်းများ၊ ကျွန်တော့်၏ ရဲဘော်ရဲဖက်များအသက်ကို မြှုပ်နှံခဲ့ရတယ်ဆိုတာ အခုတော့ ဘယ်သူတွေသိနိုင်တော့မှာလည်း။ အေးချမ်းနေသော ဒီဒေသလေးကို ရောက်တိုင်း ခံစားမိတာတဲ့ ပေးဆပ်လိုက်ရသော အရာများအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က စစ်သားတွေလေ... ကျွန်တော်တို့အသက်၊ ကျွန်တော်တို့ ခန္ဓာကို ပေးဆပ်ရဲလို့သာ တပ်မတော်သားဆိုတဲ့ ရာထူးကို ရခဲ့ကြတာပါ။ အသက်ခန္ဓာပေးဆပ်လိုက်ရသော သူငယ်ချင်းတို့.. မင်းတို့ ဒီဒေသလေး အေးချမ်းနေပြီဆိုတာ မြင်နိုင်ကြပါစေ..

မိုင်းယန်းမြေကို အလည်တစ်ခေါက်ရောက်စဉ်...

စာအပြည့်အစုံသို့….

+ ကိုယ်ချင်းစာပြီး အားပေးပါ


နေရောင်ခြည်ပူပြင်းမှုသည် ဆောင်းတွင်းဟု ယုံနိုင်ဖွယ်မရှိအောင်ကို ပူပြင်းနေသည်။ လူကုံထန်တွေသာ နေထိုင်သော တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်တွင် ကားများကတော့ ဥဒဟိုသွားလာနေကြသော်လည်း အရိပ်ကင်းမဲ့သော ထိုလမ်းမပေါ်တွင် လမ်းလျှောက်သွားလာနေသူ မရှိသလောက်ကို ရှားပါးသည်။ သူမတို့ သူငယ်ချင်းတစ်စုသည်လည်း ထိုဥဒဟိုသွားလာနေကြသော ကားများထဲမှ တစ်စီးအပါအ၀င်တွင် လိုက်ပါလာကြသည်။ သူမ ကားမောင်းနေရင်းမှ လူတစ်စုသည် ပူပြင်းသော နေရောင်ခြည်အောက်တွင် အရိပ်ကင်းမဲ့သော ထိုလမ်းတစ်လျှောက် သွားနေကြသည့် မြင်ကွင်းလေးဝင်လာသည်။ လူတွေလမ်းလျှောက်တာ မဆန်းသော်လည်း ဆန်းနေသည်မှာ ထိုလူစုထဲမှ တစ်ယောက်သောသူတွင် သစ်သားချိုင်းထောက်တစ်ခုပင်ဖြစ်သည်......

ထိုလူစုသည် သံလွင်ရောင်ဝတ်စုံကို ၀တ်ဆင်ထားကြသော်လည်း ထိုချိုင်းထောက်နှင့်သူကတော့ သံလွင်ရောင်အင်္ကျီလက်ရှည်လေးနှင့် ပုဆိုးကိုသာ ၀တ်ဆင်ထားသည်။ သူမ ကားကို ထိုလူစုအကျော်တွင် ထိုးရပ်လိုက်သည်။ သူမသူငယ်ချင်းသည် ကားကိုထိုးရပ်သော် သူမကို "ဟာ..နင်ကတော့ စစ်ဝတ်စုံမြင်တာနဲ့ကို ဘာထဖြစ်ရတာတုံး"
သူမသူငယ်ချင်း ပြောလိုက်သောစကားကို စိတ်မကောင်းတော့ဖြစ်မိသည်.. သူမတစ်ခွန်းထဲသာ ပြန်ပြောနိုင်ခဲ့သည်..
"ခဏ..စောင့်ကြည့်လိုက်ပါ..ကားရပ်ရတဲ့အကြောင်း ဘာဆိုတာသိရမှာပါ"
ထိုလူတစ်စု သူမကားနားမှ ဖြတ်သောအခါ သူတို့လက်ထဲတွင် စာအုပ်လေးများကို ကိုင်ဆောင်ထားကြသည်။
"ဦးလေးတို့.. စာအုပ်ရောင်းတာလား"
"အေးကွယ့်..သမီးကစိတ်ဝင်စားလို့လား"
"ဟုတ်ကဲ့ သမီး ၀ယ်ချင်လို့ပါ။"
သူမ စာအုပ်တစ်အုပ်ကို ယူ၍ ငွေချေသောအခါ သူမပိုက်ဆံအိတ်ထဲမှ စစ်ဝတ်စုံဖြင့် လူတစ်ယောက်ပုံကို ထိုလူတစ်စုထဲမှ တစ်ယောက်က မြင်သွားပုံရသည်။
"သြ..ညီမရဲ့ အစ်ကိုကလည်း အရာရှိတစ်ယောက်ပဲလား"
"မဟုတ်ပါဘူး..အစ်ကို။ ညီမအဖေကလည်း မိုင်းနင်းမိထားတဲ့ စစ်သည်တစ်ယောက်ပါ"

သူမလည်း ၀ယ်ခြမ်းပြီးသည်နှင့် ကားလေးကို တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဆက်မောင်းခဲ့သည်။ သူမ သူငယ်ချင်းဆီက ပြောလိုက်သံ စကားလေးကတော့
"နင့်ကို တောင်းပန်ပါတယ်... ဦးလေးကြီးတွေက ဘ၀ကို ဒီလိုဖြစ်သွားတာတောင် သူတပါးတွေလို တောင်းစားနေတာ မဟုတ်ပဲ မသန်ပေမယ့် ကိုယ်စွမ်းဆောင်နိုင်တဲ့ အားလေးဖြင့် သမာအာဇီဝနဲ့ မိသားစုကို လုပ်ကျွေးနေတာ ငါတို့တွေ...ကိုယ်ချင်းစာပြီး အားပေးသင့်တယ်.."
[အဖြစ်အပျက်လေးက ရိုးစင်းသော်လည်း စစ်သားတွေရဲ့ ပြင်းထန်ခိုင်မာသော စိတ်ဓါတ်ကို သူငယ်ချင်းမလေး..သိသွားတာကို ၀မ်းသာမိပါသည်။]

စာအပြည့်အစုံသို့….

+ အောင်ပွဲရစစ်သည်တော်၏ ငြိုးနွမ်းသွားသော သပြေခက်


ကျွန်တော်တို့စစ်သားဘ၀မှာ တွယ်တာစရာမရှိအောင်နေနိုင်ရင်တော့ ကောင်းတာပေါ့...
ကိုယ့်အသက်ခန္ဓာကို ပေးဆပ်ထားပြီး တိုက်ပွဲဝင်နေရသော မသေချာမရေရာသော ဘ၀ထဲကို ခင်မင်တွယ်တာရသောသူကို မခေါ်ရက်ပါ။
ဒါပေမယ့် ပုထုဇဉ်လူသားကျွန်တော်လည်းချစ်ခြင်း၊ မုန်းခြင်းကို ခံစားတတ်သောကြောင့် ကျွန်တော့်ရဲ့မသေချာမရေရာသော ဘ၀ထဲကိုချစ်သူကောင်မလေးကို ခေါ်ခဲ့မိပါသည်။
အိမ်ထောင်ကျပြီးကတည်းက ကျွန်တော်ပြောင်းရွှေ့ရသော ဒေသများကို မငြီးမငြူဖြင့် လိုက်လံနေထိုင်ပေးသော ကျွန်တော့်ဇနီးလေး....
ကျွန်တော်စိတ်ဓါတ်ကျနေသော အခါများတွင်လည်း အားပေးနိုင်ခဲ့သူ...
ကျွန်တော့်ရဲ့ခြောက်သွေ့ခဲ့သော နောက်တန်းပြန်ဝင်ရသော ရက်များကို တပ်ဝမှ သပြေပန်းလေးများဖြင့် သားလေးကိုပိုက်ကာ ကြိုဆို၍ ကျွန်တော့်နေ့ရက်များကို အရောင်ပြောင်းလဲပေးခဲ့သူ..........

တောင်ပြာတန်း စစ်စခန်းဆီသို့ သွားနေရသော ခြေလျှမ်းတို့သည် အိမ်သူသက်ထားလေးဆီသို့ စိတ်ကရောက်ရောက်နေသည်။ မီးဖွားရက်နီးနေသော ဇနီးသည်အနားတွင် နေချင်ပါသော်လည်း တာဝန်ဝတ္တရားအရ ခရီးထွက်ခဲ့ရသည်။ စိတ်ကမဖြောင့် သားလေးမွေးတုန်းကလည်း ကျွန်တော် မရှိခဲ့ပါ။ ဒီတစ်ကြိမ်တွင်လည်း ကံကမကောင်းချင်တော့ လုံခြုံရေးလိုက်ရသည်။ ရက်သတ္တပတ်လေးပတ်ကျော်တွင်တော့ ကျွန်တော် နောက်တန်းပြန်ဆင်းခွင့် ရသော်လည်း ကြေးနန်းရောက်လာသော အရေးပေါ်ကိစ္စကြောင့် ရန်ကုန်ကို ကျွန်တော်သွားခဲ့ရသည်။ ၀မ်းသာမှုတွေဖြင့် ကျွန်တော်ကံတရားကို ကျေးဇူးတင်နေမိသည်။ သို့သော် ဇနီးသည်နေထိုင်သည့်မြို့သို့ သွားရောက်ရန်ပင် အချိန်မရသောကြောင့် ကိုယ့်ကိုယ်ကိုပင် စိတ်မကောင်းဖြစ်မိသည်။ ဖုန်းအဆက်အသွယ်အမြဲ ရနေသောကြောင့် တော်သေးသည် ပင်ဆိုရမည်။ ဤသို့ဖြင့်ပင် လူ့လောကထဲသို့ ကျွန်တော့်သမီးလေးရောက်ရှိလာပါသည်။

ကျွန်တော့်ဇနီးသည်လေးက ကျွန်တော့်ဘ၀အတွက် ခင်တွယ်စရာသားလေးနှင့် သမီးလေးကို ကျန်းကျန်းမာမာလေးဖြင့် မွေးထုတ်ပေးခဲ့တယ်။ သို့သော်လည်း ကံတရားက ကျွန်တော့်ဖက်ရှိမနေတော့ပါ.....တစ်ခုသော မနက်တွင် ကျွန်တော့်ထံဝင်လာသော ဖုန်းသည် ကျွန်တော့်ဘ၀ကို ပြောင်းလဲပစ်စေခဲ့သည်ကို ကျွန်တော်ကြိုသိခဲ့ပါလျှင်...

မီးဖွားပေးပြီကတည်းက ကျန်းမာရေးမကောင်းသောကြောင့်ရန်ကုန်ဆေးရုံသို့တင်ရန် မနက်ဖြန်လေယာဉ်ဖြင့် ပါလာမည့်အကြောင်း ညီမဖြစ်သူကဖုန်းဆက်ပြောခဲ့သည်။ ကျွန်တော် တာဝန်တွေကြားကပင် ဇနီးသည်ကို ကြိုရန် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်... လေယာဉ်ပျံဆင်းသက်လာပါပြီ...
ခန်းမဆောင်ပြင်သို့ ထွက်လာသော လူများထဲမှ ကျွန်တော့်ဇနီးသည်လေးသည် ဘီးတပ်ကုလားထိုင်လေးပေါ်တွင် ဖျော့ဖျော့လေးသာပါလာပါတော့သည်။
ကျွန်တော်ယူလာသောကားလေးက ဂျစ်ကား... တက္ကဆီထပ်ငှားရန်လုပ်သော ကျွန်တော့်လက်လေးကို လှမ်းကိုင်လိုက်သော သူမလက်ချောင်းလေးများက အားမရှိလှ...ကျွန်တော်ယူလာသော ဂျစ်ကားလေးကို ပင်ရှေ့ခန်းတွင် ကျွန်တော့်ပခုံးလေးကို မှီကာလိုက်ပါလာသောသူမ....

ဆေးရုံသို့ရောက်ရောက်ချင်းတွင်ပင် အရေးပေါ်အခန်းတွင်းသို့ ရောက်ရှိသွားသော သူမ...။ ကျွန်တော် သတိပြန်ဝင်လာချိန်မှာ ကျွန်တော့်ပုခုံးထက်က သူမကိုယ်တိုင်တပ်ဆင်ပေးလေ့ရှိသော ကြယ်ပွင့်လေးများပေါ်တွင် သူမ မျက်ရည်တွေ.... နာရီပေါင်းများစွာအကြာတွင် ကြားလိုက်ရသော စကားတစ်ခွန်း..
သူမ ဆုံးပြီတဲ့...
[အမှတ်မထင်မြင်တွေ့ခဲ့ရသော ကြေကွဲဖွယ်တစ်ခုပါ။ အစ်မ ကောင်းရာသုခတိလားပါစေ။]

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us