Tuesday, September 30, 2008

+ မေ့သားလူတော် ပညာကျော်



ရင်ဝယ်သားကို
ပြုစုပျိုးထောင်
ဤလူ့ဘောင်၌
သွန်သင်ဆုံးမ
ငါပြုခဲ့၏ ။

အရွယ်တစ်ပါး
ရောက်ရှိလာသော်
နိုင်ငံကာကွယ်
သူရဲကောင်းသို့
ဖြစ်စေလို့ငှာ
ယောကျာ်းကောင်းတို့
ပျော်စံရာမြေ
ချယ်ရီမြေသို့
ရင်နင့်သည်းချာ
ငါ၏သားကို
ပို့ခဲ့လေ၏ ။

မေ့သားလူတော်
ပညာကျော်လေး
နိုင်ငံရပ်ခြား
ပညာသင်သွား
အမေ့သားကို
ကြည်နူးမဆုံး
ဂုဏ်ယူမိသည် ။

အမေ့သားလေး
စစ်ရေးနှလုံး
ပြည့်ဝကုံလုံ
ပညာရည်စွမ်း
လူပုံတင့်တယ်
ရောက်ခဲ့လေပြီ ။

ရင်ဝယ်ပီတိ
ဖြစ်ရပါသည်
အမေ့ရွှေသွေး
မောင်လူကလေး ။ ။

လွန်ခဲ့သောရက်တစ်ရက်က ရုရှားနိုင်ငံရောက်စစ်သည်တစ်ယောက်ရဲ့ blogကို ၀င်ဖတ်လိုက်တာ သံပတ်လူသားဆိုတဲ့ ကဗျာလေးကို တွေ့လို့ ဒီကဗျာလေးနဲ့ ပြန်လည်အားပေး ရေးစပ်လိုက်တာပါ။

စာအပြည့်အစုံသို့….

Thursday, September 25, 2008

+ ပုခက်လွှဲပေးသော လက်တစ်စုံ


ဝီစီသံတညံညံ၊ သီချင်းသံတကြော်ကြော်ဖြင့် ကျွန်တော်တို့တွေသည် နေပြည်တော်ဆီ... နွေဦးဥသြအော်မြည်သံနှင့်အတူ တပေါင်းလသို့ ကူးပြောင်းလာပါပြီ။ ကျွန်တော်တို့တပ်မတော်၏ ရက်မြတ်တစ်ခုဖြစ်သော မတ်လ(၂၇)ရက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ရန် သွားနေကြသော စစ်ကားတန်းကြီး၏ ရှည်လျားမှုသည် ဒေါင်းကတောင်ကြောတန်းပေါ်တွင် ပုရွက်ဆိတ်တန်းကြီး သွားနေသကဲ့သို့ ကြည့်ကောင်းလှသည်။ ခရီးစဉ်မစတင်ခင် ရက်ကတည်းက အိပ်ရေးကမ၀လှ ကားပေါ်တွင် အိပ်ချင်သော်လည်း ကျွန်တော်တို့ စစ်သားတွေရဲ့ ကားက လေအိပ်ကားမဟုတ်။ နောက်ဆုံးတွင်တော့..

ကားအမိုးကိုင်းတွင် ပုခက်လုပ်၍ အိပ်လိုက်သည်။ ပုခက်တွင်းသို့ ၀င်အိပ်လိုက်ချိန်တွင် မေမေ့မျက်နှာလေးကို ပြေးမြင်မိသည်။ ကျွန်တော်တို့ ငယ်စဉ်ဘ၀က ပုခက်တွင်းမှနေ၍ မိခင်တေးဆိုသံကို နားထောင်ကာ အနားယူအိပ်စက်ကြသည်။ ပုခက်တွင်းမှ ကျွန်တော့်မျက်စိအစုံပိတ်၍ အိပ်ပျော်သည်အထိ မေမေက တေးဆိုသိပ်ကာ အနားတွင် နေပေးခဲ့ပါသော်လည်း ....
မေမေမျက်စိအစုံပိတ်၍ ထာဝရအိပ်စက်ကာ ကျွန်တော်တို့ကို ခွဲခွာသွားချိန်တွင် ကျွန်တော်သည်အနားတွင် ရှိမနေ နိုင်ခဲ့ပါ။ ကျည်ပစ်ခတ်သံများ၊ ဗုံးပေါက်ကွဲသံများကြားတွင် မျက်ရည်ကျရင်း မေမေ့မျက်နှာကို မြင်ယောင်ရင်း ရက်လတွေကုန်ဆုံးခဲ့ပါပြီ။
မေမေ... ကျွန်တော်အခု ပုခက်အတွင်းမှာ အိပ်နေပြီ။ မေမေ့တေးဆိုသံ မကြားရပေမယ့် ကျွန်တော့်ရဲဘော်ရဲဘက်များရဲ့  တေးဆိုသံများက ကျွန်တော့်ကို ချော့သိပ်နေကြတယ် မေမေ။ ပုခက်လွှဲသော လက်များ အေးချမ်းစွာ ပုခက်လွှဲနိုင်အောင်... ပုခက်ထဲမှာရှိနေတဲ့ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တော်လေးတွေ အေးချမ်းစွာ အိပ်ပျော်နိုင်အောင်.. မေမေကိုယ်တိုင်ပုခက်လွှဲသိပ်ခဲ့တဲ့ မေ့မေ့သားက အသက်ပေးပြီး ကာကွယ်သွားရင်း.....

မေ့မေ့ကို သတိရလျက်။ ။

စာအပြည့်အစုံသို့….

Saturday, September 20, 2008

+ ချယ်ရီနန်းက တက္ကသိုလ်

တကယ်အတည်လွမ်းပါဘိ
ချယ်ရီနန်းက တက္ကသိုလ်
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်က
မနက်ဆို ပီတီပြေး
ပီဘိကလေးတွေလို
Senior တွေကြောင့်ဖြောင့်မတ်
Guardian တွေကစောင့်ကြပ်ထား
လူလားမြောက်ခဲ့ရတာ မှတ်မိပါသေး။ ။

”ဘယ်ညာ ဘယ်ညာ”နဲ့
တွယ်တာခဲ့ရတဲ့ စစ်ရေးပြကွင်းကြီး
”ဟုတ် မဟုတ်”နဲ့
အလုပ်ရှုပ်ခဲ့ရတဲ့ ဘ၀တွေ မှတ်မိပါသေး။

လမ်းမညီမညာမှာ စရိုက်ဆိုးတွေအတွက်
တန်းစီကာ ဒိုက်ထိုးခဲ့ရတာ
အခန်းထဲအိပ်ပျော်လို့
(ဆရာက………)
အရမ်းပဲ ပိတ်အော်ခဲ့တာတွေ မှတ်မိပါသေး။

တန်းစီခရာမှုတ်လိုက်တော့
လမ်းမညီညာမှာ ခလုတ်တိုက်မိခဲ့တာ
ညဘက်မှာ မနှပ်ဘဲ
ထလျက်သာ ဖိနပ်ပဲတိုက်ခဲ့ရတာတွေ မှတ်မိပါသေး။

အခါခါမရွေး အမြဲသတင်းမွှေးတဲ့
မကြာမကြာကျွေး ပဲဟင်းကလေးရယ်
အသည်းနုနုမှာ စွဲသွားလေတဲ့
ကြက်ဥနှင့် အမဲသားတွေကိုလည်း မှတ်မိပါသေး။

အိမ်လွမ်းစရာ တံဆိပ်ခေါင်း
စိန်ပန်းပြာနိမိတ်ကောင်းတွေနဲ့
သေလာတံတိုင်းတစ်လျှောက်
နေကြာရိုင်းပေါက်ခဲ့တာတွေလည်း မှတ်မိပါသေး။
……. မှတ်မိပါသေး …..
……. မှတ်မိပါသေး …..
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်ကပေါ့
သြော်
တကယ်အတည်လွမ်းပါဘိ
ချယ်ရီနန်းက တက္ကသိုလ်
ရွယ်ရည်မှန်းဆ ရက်ထိုထို။ ။

ဥသြ (ချယ်ရီမြေ)
၂၀၀၈ခုနှစ်၊ စစ်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြပါသည်။

စာအပြည့်အစုံသို့….

Saturday, September 13, 2008

+ စစ်မြေပြင်မှ နတ်သုဒ္ဓါ



(မိဘအိမ်တွင်..)
မိုးလင်းကျောင်းသွားခံနီး ဖြစ်နေကြကတော့

"အမေ ဘာဟင်းတုန်း ဒီနေ့" ...
" မနေ့က အမေ ဈေးမသွားအားလို့ ဘဲဥဟင်းလေးပဲ ချက်ပေးလိုက်တယ် သားရယ်"...
"ဟာ..ဒီဟင်းကြီး မစားချင်ပါဘူး။ တော်ပြီ..၀ယ်စားလိုက်တော့မယ်။ မယူသွားတော့ဘူး"။
(စစ်တက္ကသိုလ်ရောက်သောအခါတွင်...)

အိမ်ကပို့လိုက်တဲ့ အကြော်မနက်ဖြန်ရောက်မယ်တဲ့.. အတွေးလေးနဲ့တင် ပျော်နေသည်။ ဂျီးများ၍ မရတော့ အများတန်းတူ စားတတ်ရတော့သည်။ အရင်အချိန်ကအိမ်တွင် ကကျီကကြောင် ကျခဲ့သည်များကို ပြန်လည်မြင်ယောင်မိသည်။ အမေ...သားတောင်းပန်ပါတယ်။ စစ်တက္ကသိုလ်တွင် တော့ ဒီလိုပဲဖြတ်သန်းရင်းနဲ့ (၃)နှစ်ပြီးခဲ့ပါပြီ။ တာဝန်ကျရာ နေရာဒေသကိုလည်း ရောက်လို့လာပါပြီ။
(စစ်မြေပြင်တွင်....)

"ဗိုလ်ကြီး..ရိက္ခာကုန်ပြီ"....ကြားလိုက်ရသောစကားကြောင့် စိတ်မကောင်းအတော်ဖြစ်မိသည်။ မတတ်နိုင်၊ မရှိတော့လည်း ရှိတာရှာစားရတော့မှာပေါ့။
"ဗိုလ်ကြီး..ဒီမှာ စားစရာရပြီ"..
"ဘာတုံး ဆရာကြီးရ။ ငှက်ပျောအူတွေလား။ ဘာတုန်း" ..
"အီကုတ်.. ဗိုလ်ကြီး" ..
"အီကုတ်.. ဆရာကြီး ဟုတ်မှလည်း လုပ်နော်။ ရဲဘော်တွေ ဒုက္ခရောက်နေပါ့မယ်။"
"ဗိုလ်ကြီးတို့ကသာ မစားဘူးသေးလို့ပါ။ ကျွန်တော်တို့တွေက နောက်တန်းက ပေးအဖွဲ့ မရောက်သေးရင် ဒီအကောင်ကို စားနေကြ...စားကြည့်"

မြေကြီးထဲမှ နှိုက်ယူလိုက်သော အကောင်ရွစိရွစိများကို ကြည့်ပြီး... အမေ့မျက်နှာ နှင့် အမိကျောင်းတော်ကြီး သတိရမိသည်။ အိမ်မှာ ဂျီးများသမျှ ကျောင်းရောက်တော့ ကျွတ်သည်။ စစ်မြေပြင်ရောက်တော့ အမိကျောင်းတော်မှာ စားခဲ့ရသော ထမင်းတစ်နပ်ကို သတိရမိသည်။ အရှေ့ရောက်လာသော အကောင်မည်းမည်းကြော်ကို ကြည့်ပြီး ရင်ထဲအောင့်လာသည်။ မတတ်နိုင် မစားလျှင် ငတ်သေရုံသာရှိမည်။ စားရင်းနဲ့မှ တော်တော်စားကောင်းသည်။ ပင်ပန်းသည့် ဒဏ်ကြောင့်လား၊ ဘာလားတော့ မသိ စစ်မြေပြင်တွင် ရှိတာကို ရှာကျန်စားလိုက်ရသော ထမင်းတစ်နပ်သည် ကျွန်တော်တို့ စစ်သားများအတွက်တော့ နတ်သုဒ္ဓါတစ်ပွဲပင်ဖြစ်တယ်ဆိုတာ ကျွန်တော်ကိုယ်ချင်းစာမိလိုက်ပါတော့သည်။

[အစ်ကိုကြီးကိုအောင် ရဲ့အဖြစ်အပျက်လေးပါဗျာ။ ဘယ်လိုအရသာရှိတယ်ဆိုတာ သွားမေးနိုင်အောင် အမည်ဖော်ပေးတာပါဗျို့]

စာအပြည့်အစုံသို့….

Friday, September 12, 2008

+ ဒါနလေး ဝေငှပေး

ကျွန်တော်အထက်တန်းအောင်မြင်ပြီးသော် စစ်တက္ကသိုလ်တက်ရောက်ပြီး တပ်မတော်တွင် ၀င်ရောက်အမှုထမ်းခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်တာကာလကို ကျော်လွန်ခဲ့ပါသည်။ တာဝန်ကျရာဒေသ၊ စစ်မြေပြင်များသို့လည်း သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ခွင့်ရက်ရသော ရက်သတ္တပတ်တွင် မိဘများရှိရာ ရန်ကုန်မြို့သို့ ပြန်ရောက်လာခဲ့သော ကာလလေးတွင် ပြုလုပ်ခဲ့သော ဒါနလေးတစ်ခုကို ဝေငှလိုက်ပါသည်။ ခွင့်ရက်ရသောရက်များနှင့် တိုက်ဆိုင်စွာ ကျွန်တော့်မွေးနေ့ရက်ဖြစ်နေပါသည်။ အသက်နှင့်ရင်း၍ ရခဲ့သော လစာလေးကို အလှူဒါနလေးတစ်ခု လုပ်ချင်သောကြောင့် သူငယ်ချင်းတစ်ယောက် အကြံပေးချက်ဖြင့် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ ရောက်ရှိလာပါသည်......

ကျွန်တော့်လစာမှဖဲ့လှူရသောကြောင့် တစ်နေ့စာထမင်းစရိတ်လည်း ကျွန်တော်မတတ်နိုင်ခဲ့ပါ။ နောက်ဆုံးတွင် ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ကျွန်တော်ရှေ့တန်းစစ်မြေပြင်ရောက်နေခိုက် အလွန်စားချင်သော မုန့်မှာ J'Donut ဖြစ်သည်။ အခြားသော အစားအစာများကို ရရှိနိုင်သောလည်း Donut သည်မြို့ကြီးပြကြီးများရောက်မှသာ စားသောက်နိုင်သည်။ ကျွန်တော့်ဆန္ဒလေးဖြင့် Donut လေးများကို ကျောင်းသား (၁၁၀)ယောက်အတွက်ဝယ်ယူသွားကာ ကျောင်းရုံးအဖွဲ့ကို လှူဒါန်းပါသည်။ ကျောင်းအုပ်ဆရာမကြီးက ကိုယ်တိုင်ကိုယ်ကျလှူဒါန်းနိုင်ပါကြောင်းပြောကာ ကျွန်တော့်အား ခေတ္တမျှစောင့်ခိုင်းပါသည်။ ကျောင်းစင်ဝင်အောက်တွင် မုန့်များဖြင့်စောင့်နေရင်း ဘဲလ်သံတစ်ခုပေါ်ပေါက်လာပြီး (၂)မိနစ်မျှအကြာတွင် ကျောင်းဆောင်အသီးသီးမှ လူငယ်ကျားမအရွယ်စုံထွက်လာကြသည်။ သူတို့လျှောက်လှမ်းလာသော ခြေလှမ်းများကို ကြည့်ရင်း ကျွန်တော်စိုးရိမ်မိနေသည်။ ကျောင်းဆောင်များမှ ဖွင့်ထားသော တံခါးရွက်များအနားကိုဖြတ်တိုင်း၊ ရေမြောင်းများအနားမှသူတို့လျှောက်လာတိုင်း ရင်တလှပ်လှပ်မျှဖြစ်မိသည်။ ကျောင်းသူ၊ ကျောင်းသားများစုံသောအခါ မုန့်များကို ကိုယ်တိုင်ကိုယ်ကျ တစ်ဦးခြင်းစီ ဝေငှပေးလိုက်ပါသည်။ ဝေဌပေးပြီးသောအခါ ဆရာမတစ်ဦးက အလှူရှင်ကျွန်တော့်ကို ဆုတောင်းပေးရန်ပြောလိုက်သောအခါ... သူတို့ဆုတောင်းပေးလိုက်သော ဆုတောင်းသံများသည် ကျွန်တော်မျက်ရည်ဝဲမိသည်။ ကျွန်တော်ပေးလိုက်သောမုန့်လေးတစ်ခုအတွက် ဆုတောင်းပေးလိုက်သော ဆုတောင်းမှုများ....
ကျွန်တော်တို့သည်လည်း အမိနိုင်ငံတော်မှပေးသော လစာများဖြင့် ကျွန်တော့်တို့အသက်ကိုရင်း၍ ကာကွယ်စောင့်ရှောက်နေသော တာဝန်ထမ်းဆောင်နေမှုများသည်လည်း ပြည်သူပြည်သားများအတွက် ကျွန်တော်တို့၏ ဆုတောင်းပေးနေမှုများဖြစ်ပါသည်။ စက္ခုအာရုံမမြင်ရသော်လည်း ရဲရင့်စွာ သွားလာလှုပ်ရှားနေကြသော သူတို့လေးများကို ကြည့်ရင်း အာရုံခံစားမှုမရှိသော ကျွန်တော့်ခြေတုလေးများသည် အသက်ဝင်လာသကဲ့သို့ခံစားလိုက်ရပါသည်။

စာအပြည့်အစုံသို့….

+ တပ်မတော်သားကို အိမ်ထောင်ဖက်ရွေးရမှာလား.....


”စစ်သားလူထွက်၊ ဘုန်းကြီးလူထွက်လူကို အိမ်ထောင်ဖက်မရွေးမိစေနဲ့”
ငယ်စဉ်က ခေါင်းရင်းအိမ်မှ အဖွားပြော ပြောနေသော စကားများကို နားထဲကမထွက်အောင် ကြားယောင်နေသည်။ ရှေးလူကြီးတွေကတော့ မည်သည်ကို ကြည့်ကာပြောနေသည် မသိသော်လည်း ကျွန်တော်တို့ရပ်ကွက်ထိပ်တွင် ၀က်သားဒုတ်ထိုးရောင်းသော ဦးလေးကြီးသည် စစ်မှုထမ်းဟောင်း ခြေတစ်ဖက်ဖြတ်ထားသော သူဖြစ်သည်။ ညနေတိုင်းတွင် သူ၏ဇနီးကို စက်ဘီးနောက်တွင်တင်ကာ ခြေနင်းလေးကို တစ်ချက်ချက်ဖြင့်နင်းကာ ဆိုင်သိမ်းပြန်သွားသော ထိုဦးလေးကြီးတို့စုံတွဲကို မြင်ရသူအပေါင်းသည် အေးချမ်းစေသည်။ ကျွန်တော်တက္ကသိုလ်ဝင်တန်းအောင်၍ စစ်တက္ကသိုလ်တက်ရန် စိတ်ကူးကြောင်းကိုပြောသော အခါ ဦးလေးကြီးသည် လှိုက်လှိုက်လှဲလှဲပင် ထောက်ခံလေသည်။
“ကောင်းတယ်ငါ့တူ။ ဦးလေးကတော့ အားပေးတယ်။ တစ်ခါတစ်ခါ ဦးလေးစဉ်းစားတယ်။ စစ်ထဲဝင်ဖို့ စိတ်ကူးနေတဲ့ ကလေးတွေ ငါ့လိုဒုက္ခိတကိုများမြင်ရင် စိတ်ပျက်ကုန်ပြီး စစ်ထဲမ၀င်ချင်တော့မှာတောင် စိတ်မကောင်းဖြစ်တာ။ မင်းကတော့ ငါ့ကိုတောင် တိုင်တိုင်ပင်ပင် မေးလာတော့ ငါတော်တော်ပျော်တယ်ကွာ။“
ဦးလေးကြီးပြုံးကာ ပျော်ရွှင်နေသည်ကို ဦးလေးကြီး၏ အိမ်သူသက်ထားကလည်း အပြုံးလေးဖြင့် ထောက်ခံနေလေသည်။
ကျွန်တော်စစ်တက္ကသိုလ်သို့တက်ရောက်ခဲ့ကာ..............

ယခုဆိုလျှင် အရာရှိတစ်ယောက်ဘ၀သို့ ရောက်ရှိခဲ့ပါပြီ။ ကျွန်တော်ခွင့်ပြန်ရသော အိမ်ပြန်ချိန်ရက်များတွင် ကျွန်တော်အမြဲသွားတွေ့လေ့ရှိသော ဆွေမျိုးများအပြင် အခြားသူများမှာ ဦးလေးကြီးနှင့် ကျွန်တော့်ချစ်သူလေးသာဖြစ်သည်။ တစ်ခါတစ်ရံတွင် ကျွန်တော့်ချစ်သူလေးကိုပါ ထိုဝက်သားဒုတ်ထိုးဆိုင်လေးသို့ ခေါ်လာမိသည်။ သူမကို ကျွန်တော်မေးလေ့ရှိသော စကားလေးကတော့
”ကိုယ်ဒီလိုအခြေအနေဖြစ်သွားရင်ရော ဦးလေးကြီးတို့လင်မယားလို ပျော်နေနိုင်ပါ့မလား“
သူမပြန်ပြောလေ့ရှိတာကတော့ “စစ်သားလူထွက်၊ ဇွဲကထက်၊ ဘယ်တော့မှ ထမင်းမငတ်“တဲ့။

(၀က်သားဒုတ်ထိုးနှင့် ကွမ်းယာစသည်တို့ကို ရောင်းနေသော စစ်မှုထမ်းဟောင်းဒဏ်ရာရ စစ်သည်တော် ရဲဘော်တစ်ဦးအတွက် အမှတ်တရ။)

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us