Friday, December 26, 2008

+ စစ်ဖြစ်လျင်

စစ်ဖြစ်လျင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။

စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။

စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။


ကဗျာလေးကို ကြိုက်နှစ်သက်၍ သာကီနွယ် ဘလော့မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။


စာအပြည့်အစုံသို့….

Sunday, December 21, 2008

+ ကျွန်တော်နှင့် သူမ၏ကိုယ်ပွား


မိန်းကလေး အရွယ်စုံတော်တော်များများသည် အရုပ်များကို နှစ်သက်ကြသည်။ ထိုအထဲတွင် ကျွန်တော့်ချစ်သူလေးကလည်း အပါအ၀င်ဖြစ်သည်။ မွေးနေ့တိုင်းမှာ မကြီးမငယ်နှင့် အရုပ်များကို ခုံမင်စွာ လက်ဆောင်တောင်းလေ့ရှိသော သူမ။ တစ်ခုသော ညနေခင်းတွင် RP ရဲဘော်က အဆောင်ကို ရောက်လာကာ ကျွန်တော့်ဧည့်သည် ဂိတ်တွင်ရောက်နေကြောင်း လာပြောလေသည်။ သူမပဲဖြစ်နိုင်ချေရှိသည်ကို တွေးမိကာ ယူနီဖောင်းလဲမည့် အစီအစဉ်ကို ဖျက်ကာ RP နောက်မှ ခပ်သွက်သွက်လေးလိုက်ခဲ့သည်။ သူမကားလေးက RP ဂိတ်တဲနားတွင်ထိုးရပ်ထားလေသည်။ ကျွန်တော်ကားအနားရောက်တော့ သူမ ကမန်းကတမ်းဆင်းလာကာ..
"ကိုကြီး....မီးငယ်..ခရီးသွားရမယ်။ ၅ရက်လောက်ကြာမယ်။"
"ဒါများ မီးငယ်ရယ်..ဖုန်းဆက်လိုက်လည်းရသားနဲ့။ အဝေးကြီးလိုက်လာရတယ်လို့။"
သူမ ဘာမှမပြောပဲ ကားတံခါးတစ်ဖက်ခြမ်း(lover seat)ဖက်ကို ပြေးသွားကာ ကားထဲမှ ပစ္စည်းတစ်ခုထုတ်နေလေသည်။ သူမ..ကျွန်တော့်နားပြန်ရောက်လာချိန်တွင် ဘာပြောရမှန်း မသိနိုင်လောက်အောင် ကျွန်တော်ဆွံအသွားသည်။

သူမလက်ထဲတွင် ကျွန်တော့်ခါးလောက်အမြင့်ရှိသော ၀က်ဝံရုပ်တစ်ခု၊ ပြီးတော့ ကျွန်တော့်လက်ထဲသို့ ထိုးထည့်လေသည်။
"ကိုကြီး..ဒီဝက်ဝံရုပ်ကို ယူသွားနော်။ မီးငယ်ခရီးသွားနေတုန်း..မီးငယ်ကိုယ်ပွား ဒီကောင့်ကို ထားခဲ့မယ်။ ဒါပဲ"
သူမစကားက ပြတ်သားလှသည်။ ဘေးကျပ်နံကျပ်။
"မီးငယ်..ကိုယ်ကစစ်သားနော်..မီးငယ်။ ဒီအရုပ်ကြီးက ဘာလုပ်ရမှာတုန်း။ မီးငယ်ကို သတိရရင်ဖုန်းဆက်လိုက်မယ်လေ။ ဒါကြီးကို မထားခဲ့နဲ့ကွာ။"
သူမ မျက်နှာက ငိုတော့မယောင်။ သြ..မိန်းကလေးတွေများ တယ်လည်းတတ်နိုင်ကျသကိုး။ နောက်ဆုံးတွင်တော့ အမောင်ယောကျာ်းကြီးကပဲ သဘောထားကြီးရတော့သည်။ သူမက ၀မ်းပန်းတသာဖြင့် ပြန်ရန်ကားပေါ်သို့တက်သွားလေသည်။ တပ်ဂိတ်တံခါးဖွင့်သံကြောင့် နောက်ဖက်ကိုလှည့်ကြည့်မှ တပ်ရင်းမှူး၏ကားဝင်လာလေသည်။

ပြသနာက စပါပြီ။ ၀တ်ထားတာ ယူနီဖောင်း။ လက်တစ်ဖက်မှာက ၀က်ဝံရုပ်တစ်ကောင်။ အလေးကပြုရတော့မည်။ အရုပ်ကလည်း ပစ်ချမရ။ အလေးကလည်း မပြု၍မရ။ နောက်ဆုံးတွင်တော့ အရုပ်ကို ဘေးကပ်လျက်ပိုက်ကာ အလေးပြုလိုက်ရသည်။ သူမကတော့ အဖြစ်အပျက်များအားလုံးမြင်ကာ လျှာလေးသာထုတ်ပြကာ ထွက်ခွာသွားလေသည်။ ကျွန်တော်လည်း ရှက်ရှက်ဖြင့် အခြားသူများ ထပ်မမြင်ခင် အရုပ်ကို ရင်ဝယ်ပိုက်ကာ အဆောင်သို့ပြေးရလေသည်။

ဝက်ဝံလေးရောက်ပြီး ၂ရက်မြောက်နေ့တွင် ရင်းမှူးကလိုင်းတွေစစ်မယ်ဆိုတော့ ပြသနာက စပါပြီ။ ဒီအကောင်ကိုက ဘယ်နားသွားထားရမည်မသိ။ သေတ္တာကလည်း ဟမ်ဘာကာဖြစ်နေပြီ။ အိမ်သာထဲကလည်း ထည့်လို့မကောင်း။ နောက်ဆုံးတွင်တော့ ကတင်ပေါ်တွင်သာ နံရံကိုမှီ၍ အခန့်သားထိုင်ခိုင်းထားလိုက်တော့သည်။ ကျွန်တော့်အခန်းဝသို့ ရင်းမှူးရောက်ချိန်တွင် ဘာမှမပြောဘဲ ခပ်ပြုံးပြုံးဖြင့်သာ ကျွန်တော့်ပခုံးကိုပုတ်ကာ ပြန်ထွက်သွားလေသည်။ ထိုမှသာ ကျွန်တော်အသက်၀၀ရှူနိုင်တော့သည်။ ကျွန်တော့်အဖြစ်ကို ညီတော်များက ပြောပြောကာ အောချနေကြလေသည်။

သြ..ချစ်သူ၏ ကိုယ်ပွားလေး...ချစ်သူ၏ကိုယ်ပွားလေး။ ကျွန်တော့်ချစ်သူအပါအ၀င် မိန်းကလေးများကို အကြံပေးချင်တာကတော့ ယောကျာ်းလေးများနှင့် အရုပ်ဆိုတာ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကျွန်တော့်ချစ်သူလေးကိုလည်း ဒီဘလော့လေးကို ဖတ်ပြီး သိစေချင်တယ် (ကိုယ်တိုင်တော့ မပြောရဲဘူး။) ကျွန်တော့်၏ ချစ်သူကိုယ်ပွားလေး...........နားလည်ပေးနိုင်ပါစေ။

စာအပြည့်အစုံသို့….

Friday, December 19, 2008

+ ထားတတ်ရင် ကုသိုလ်၊ ယူတတ်ရင် ကုသိုလ်ပါ


မိုင်ပေါင်းများစွာဝေးကွာပြီး ရက်လပေါင်းများစွာ မတွေ့ရတဲ့ချစ်သူနှင့် ပြန်ဆုံခွင့်ရရင် ထိုနေ့လေးမှာ ဘာတွေဘယ်လိုလုပ်မယ်ဆိုတာကို လူတိုင်း လူတိုင်း စိတ်ကူးယဉ် ပုံဖော်ကြည့်ကြမည်သာဖြစ်သည်။ ကျွန်တော်လည်းထိုနေ့လေးကို စိတ်ကူးယဉ်မှုပေါင်းများစွာဖြင့် ရက်လပေါင်းများစွာ တွေ့ခွင့်မရခဲ့သော သူမနှင့် ပြန်ဆုံမည့်နေ့တွင် ချိန်းဆိုထားသော နေရာသို့ စိတ်အလျင်စောစွာရောက်ရှိလာခဲ့သည်။ စစ်သားတို့မည်သည် ပိတ်ရက်ဆိုတာ မရှိ။ စနေ၊ တနင်္ဂနွေဆိုတာ ဝေး။ အလျင်းသင့်သလို တာဝန်ပါးသော ရက်လေးများတွင် မိဘမောင်ဖွားများဆီသွားလိုကသွား၊ ချစ်သူသက်ထားဆီ ချစ်တေးဆိုရန် ပြေးလိုကပြေး.. ကျွန်တော်လည်း တာဝန်လေးပါးတုန်း သူမနှင့်တွေ့ရမည့်အရေးကို အပြေးလာခဲ့ခြင်းဖြစ်သည်။ ချိန်းဆိုထားသောနေရာသို့ သူမရောက်လာပါသည်။ ရက်ပေါင်းများစွာ ဝေးကွားနေသော ချစ်သူကို ရင်ခွင်ခြားတွင် ထွေးပွေ့ထားကာ ကောင်းကင်ပြာကြီးကို ကြည့်ရင်း အနာဂတ်အရေးများကို ဆွေးနွေးမည်ဆိုသော ကျွန်တော့်စိတ်ကူးများသည် တတ်တတ်စင်အောင်လွဲခဲ့ရသည်။ သူမပြောလိုက်သော စကားက လှည်းကူးသွားမယ်တဲ့။ ဒီနေ့ကလေးတွေကို လာခဲ့မယ်ပြောထားလို့တဲ့။ အလှူငွေထည့်စရာလည်းရှိလို့ပါတဲ့။ သူမပြောလိုက်ကတည်းက ဘယ်နေရာဆိုတာသိလိုက်သည်။ သူမနှင့်ဖုန်းပြောတိုင်း ကြားဖူးနေသော လှည်းကူးမြိုနယ်ရှိ မိဘမဲ့ဂေဟာတစ်ခုဖြစ်သည်။

ထိုမိဘမဲ့ဂေဟာသည် ချင်းတိုင်းရင်းသားများအများစုကို လက်ခံထားသော နေရာလေးတစ်ခုဖြစ်သည်။ ဦးစီးဦးဆောင် ကမကထလုပ်သူများနှင့် ဂေဟာမှူးကတော့ ချင်းတိုင်းရင်းသားများဖြစ်ကြသည်။ ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့ရွာများနှင့် ဝေးလံခေါင်ဖျားသော ဒေသများမှ ကလေးငယ်များကို ပညာသင်ကြားပေးရန်အတွက် မိဘမဲ့ကလေးများသာမက၊ မိဘများရှိသော်လည်း ကလေးပညာရေးအတွက် လာရောက်အပ်နှံထားသော ကလေးများကိုပါ စနစ်တကျလက်ခံထားရှိပါသည်။ သို့သော်လည်း လူမှုဝန်ထမ်းဦးစီးဌာနမှ ချမှတ်ထားသော ကလေးပြုစုစောင့်ရှောက်ရေးဂေဟာတစ်ခုရှိသင့် ရှိထိုက်သော အဆောက်အအုံ၊ မြေအနေအရာအကျယ်အ၀န်းတို့နှင့် မကိုက်ညီသေးသောကြောင့် တရားဝင် Media များမှ တဆင့် အလှူငွေကောက်ခံခြင်းများ မပြုလုပ်နိုင်သေးချေ။ သို့သော်လည်း လက်ဆင့်ကမ်းပြောကြားမှုများမှ တဆင့် ရရှိသော အလှူငွေများဖြင့် ကလေးများပညာသင်ကြားရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုပါသည်။ အထက်တန်းပိုင်းများကိုသာ သီးသန့်စာကျက်ဝိုင်းများသို့ ပို့ကာ သင်ကြားစေပြီး အလယ်တန်းနှင့် အငယ်တန်းကျောင်းသားများကို ဂေဟာမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းလူငယ်များက သင်ကြားပေးကြပါသည်။ ကျွန်တော့်ချစ်သူလေးကလည်း အပါအ၀င်ပေါ့။ သို့သော်လည်း ဒီနေ့ကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပြန်ဆုံစည်းခွင့်ရသော ရက်လေးဖြစ်သောကြောင့် စိတ်ထဲတွင်တော့ စနိုးစနှောင့်ဖြစ်မိသည်။ သို့သော်လည်း သူမခေါ်ရာ ထိုမိဘမဲ့ဂေဟာသို့ ရောက်ရှိလာခဲ့ပါသည်။

သူမကတော့ရောက်ကတည်းက ကလေးတွေကို ပါလာတဲ့မုန့်တွေနဲ့ စည်းရုံးရေးဆင်းကာ စာသင်ရန်ပြန်ဆင်နေပါတော့သည်။ ပထမတော့ ကျွန်တော်လည်း သူမဘေးတွင် ငုတ်တုတ်။ နောက်တော့လည်း မနေသာတော့ အငယ်တန်းကျောင်းသားအချို့ကိုပါ ခေါ်၍ ကျွန်တော်ပါ စစ်သားဘ၀မှ ကျောင်းဆရာဘ၀သို့ပြောင်းရတော့သည်။ မနက် ၉နာရီလောက်ကစသင်လိုက်တာ နေ့လည်ထမင်းစားချိန်ရောက်တော့ တန်းဖြုတ်လိုက်သည်။ သူမဆီမှ အပြုံးနုနုလေးကို ရလိုက်သော်လည်း ကလေးများကျွန်တော့်ကို ထမင်းစားဆင်းချိန်လွှတ်ပေးလိုက်သောကြောင့် ပြုံးပြလိုက်ကျသော အပြုံးလေးများက ပိုချိုအေးသလိုခံစားရသည်။ ကလေးများထမင်းစားချိန်တွင် သူမနှင့်ကျွန်တော်တို့ လှည်းကူးဈေးဘက်ထွက်ခဲ့ကာ ဂေဟာအတွက်လိုအပ်သော အိမ်သုံးဆေးဝါးများနှင့် ပြီးခဲ့သော အပတ်က သူမသူငယ်ချင်းဆရာဝန်မှာခဲ့သော ကလေးများအတွက် လိုအပ်သော ဆေးများကို သွားရောက်ဝယ်ပေးခဲ့သည်။

ဈေးကပြန်လာပြီး သူမက ဂေဟာမှူးထံသို့ ဆေးများနှင့် အလှူငွေကိုလည်း ပေးနေပြန်သည်။ ထိုအလှူငွေကတော့ ရုရှားတွင် ပညာတော်သင်သွားရောက်နေသော တပ်မတော်ဆေးတက္ကသိုလ်အပတ်(၅)မှ အစ်ကိုကြီးတစ်ယောက်ဆီမှ ထည့်ဝင်လိုက်သော အလှူငွေ နှစ်သောင်းကျပ်ဖြစ်သည်။ သူမက စည်းရုံးရေးဆင်းတာတော့ တော်တော်ကောင်းသည် လွန်ခဲ့သော အပတ်ကလည်း သူမသူငယ်ချင်း စစ်ဆရာဝန်တစ်ယောက်ကို အကူအညီတောင်းကာ ကလေးများ၏ ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ရန် ခေါ်လာခဲ့သေးသည်။ အပြန်လမ်းတွင်သာ သူမနှင့်ကျွန်တော်အေးအေးဆေးဆေးစကားပြောနိုင်သည်။ ကျွန်တော်တို့က Bus ကားကို ဂိတ်စလောက်နီးနီးကစီးတာဆိုတော့ ထိုင်ခုံရသောကြောင့် တော်သွားသေးသည်။ နှစ်နာရီလုံးလုံးမတ်တပ်ရပ်ရလျှင် မချောင်ချေ။ ကားပေါ်ရောက်ပြီး သိပ်မကြာလိုက်ပါ..မှတ်တိုင်တစ်ခုတွင် ကလေးနှင့် မိန်းမတစ်ဦးတက်လာသည်။ သူမက မပြောမဆိုပင်နေရာထပေးလိုက်သည်။ ကျွန်တော်လည်းမနေသာတော့ ကျွန်တော့်နေရာကို သူမအားပေးလိုက်သည်။ သိပ်မကြာပါ..တပ်ကြပ်ကြီး ဆရာကြီးတစ်ဦးတက်လာသည် လက်တွင်လည်း အထုပ်အပိုးပေါင်းများစွာဖြင့် သူမထပေးပြန်သည်။ ကျွန်တော်လည်း သူမကို နားမလည်နိုင်အောင်ဖြစ်မိသည်။ နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက်လုံး မတ်တပ်ဖြင့် ရန်ကုန်ထိစီးလာခဲ့ရသည်။ သို့သော် ခရီးအဆုံးတွင် ကျွန်တော် ပျော်ရွှင်မိခဲ့သည်။ ထိုနေ့လေးသည် အလှပဆုံး ပြန်လည်ဆုံစည်းခွင့်ရခဲ့သော နေ့လေးဖြစ်ခဲ့သည်။

ကားပေါ်တွင် သူမပြောခဲ့သော စကားလေးများက....
"ကိုကြီး.. မီးငယ်ရဲ့မိဘတွေကြောင့် မီးငယ်ပညာတတ်ခဲ့တယ်။ မီးငယ်..ဆရာမ မဟုတ်ဘူး။ ဒါပေမယ့် မီးငယ်နိုင်တဲ့ ပညာရေးကူညီမှုနဲ့ မိဘမဲ့ကလေးတွေကို ကူညီတယ်။ မီးငယ်တို့က သူများတွေလို သိန်းပေါင်းများစွာ အလှူကြီးတွေ မလုပ်နိုင်ဘူး။ မီးငယ်တတ်နိုင်သလောက် ဆော်သြတယ်။ အထူးသဖြင့် ကိုကြီးတို့လို စစ်သားတွေ။ ကိုကြီးတို့က ရတဲ့လစာလေးနဲ့ တစ်ဦးတည်း အလှူကြီး အတန်းကြီးတွေကို မလုပ်နိုင်ဘူး။ ကိုကြီးတို့တတ်တဲ့ပညာလေးနဲ့ တတ်နိုင်သလောက်လေး ကူညီတာကလည်း ကုသိုလ်ပြုတာပါပဲ။ မီးငယ်သူငယ်ချင်း စစ်ဆရာဝန်ကို ခေါ်လာတယ်ဆိုတာလည်း သူတတ်တဲ့ ပညာလေးနဲ့ ကုသိုလ်ပြုနိုင်အောင်ပါ။ ခဏတုန်းက ခုံကို ထပေးတယ်ဆိုတာကလည်း သူတို့က သက်ကြီးရွယ်အိုနှင့် ကလေးအမေတွေ သူတို့ကို ခုံနေရာလှူဒါန်းလိုက်တယ်လို့ စိတ်ထဲက ထားတတ်ရင်လည်း ဒါကုသိုလ်ပါပဲ။ မီးငယ်တို့က လူငယ်တွေပဲလေ မတ်တပ်ရပ်စီးလိုက်လို့ ဒုက္ခရောက်သွားတာမှ မဟုတ်တာ။ ဒါကတော့ လမ်းသွားရင်း ယူတဲ့ကုသိုလ်ပေါ့..ကိုကြီးရယ်။"

ဝိတိုရိယကလေးများပြုစုစောင့်ရှောက်ရေးပဟိတဂေဟာ (Victoria Childcare Center-VCC)
အမှတ် ၇၁၉၊ နှင်းဆီလမ်း (ရုပ်ရှင်ရုံမှတ်တိုင်)
မြို့မတိုးချဲ့ ၈/၂
လှည်းကူးမြို့နယ်
Phone : 095178152
Email : info@vccmyanmar.org, vcc2003@gmail.com
Website: www.vccmyanmar.org
(ယခုအချိန်တွင် ကလေးများအတွက် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာများလိုအပ်နေပါသဖြင့် အသင်လည်း ကုသိုလ်ပြု ပါဝင်နိုင်ကျပါစေ။)

စာအပြည့်အစုံသို့….

Friday, December 12, 2008

+ အားငယ်သူ အားပေးပါ.. လဲနေသူ ထူပေးပါ

မနေ့က စခန်းစစ်ထွက်ရမည်ဆိုသောကြောင့် လှည်းကူးတစ်ဝိုက်ကို ရောက်ရှိခဲ့သည်။ အလုပ်တာဝန် ခဏနားချိန်တွင် သူငယ်ချင်းတစ်ယောက်ပြောဖူးသော မရမ်းချောင်းဆိုသော ရွာကလေးဆီသို့ ဆိုင်ကယ်လေးဖြင့် ထွက်ခဲ့လိုက်သည်။ ကတ္တာရာလမ်းမကြီးမဟုတ်သော်လည်း မြေသားသိပ်နေပြီဖြစ်သော ခြောက်လမ်းသွားလမ်းမဟောင်းကြီးသည် မည်သည့်နေရာမှ စ၍၊ မည်သည့်နေရာတွင် ဆုံးသည် မသိ။ သို့သော် ကျွန်တော်သွားလိုသော မရမ်းချောင်းရွာကလေးဆီကိုတော့ ချောချောမွေ့မွေ့ပင်ရောက်ရှိသွားခဲ့သည်။ ရွာအ၀င်နားလေးတွင်ပင် လမ်း၏ ဘယ်ဖက်အခြမ်းတွင် ပရဟိတ ကျွေးမွေးစောင့်ရှောက်ရေးဂေဟာဆိုသည် ဆိုင်းဘုတ်အပြာရောင်ကြီးပေါ်တွင် အဖြူရောင်စာလုံးများ ရေးထွင်းထားသော ဆိုင်းဘုတ်ကြီးကို တွေ့မြင်ရသည်။

ဂေဟာလေးကတော့ ဘားတိုက်ပုံစံ “ဂ”ငယ်ပုံဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ပြီး အလည်မြေလွတ်တွင် သက်ကယ်မိုးထားသော မြေတလင်းကို ခန်းမအသွင် ပြုလုပ်ထားပါသည်။ ထိုဂေဟာလေးသည် အနာကြီးရောဂါသည်များကို ကျွေးမွေးပြုစုစောင့်ရှောက်သော နေရာလေးတစ်ခုဖြစ်သည်။ ရောဂါဝေဒနာများ ပျောက်ဆုံးသွားကြပြီ ဖြစ်သော်လည်း၊ ဝေဒနာဖြစ်ပွားစဉ်က ရရှိခဲ့သော ဆိုးကျိုးများဖြစ်သည့် ခြေလက်များ ကွေးကောက်ခြင်း၊ နှာခေါင်းရိုးများတိုဝင်သွားခြင်း၊ လက်ချောင်းခြေချောင်းများမရှိတော့အောင် ဆိုးရွားခဲ့သည့် လူ့ဘ၀အကျည်းတန်မှုများကို ခံစားနေကြရသော သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်း အသက်၄၅ နှစ်ပိုင်းလောက် လူများကို တွေ့ရသည်။ ဂေဟာစည်းကမ်းအရ မြို့ရွာများသို့ သွားရောက်ကာ တောင်းရမ်းစားသောက်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားကာ နိုင်ငံတော်အစိုးရက မတည်ငွေနှင့် စေတနာရှင် အချို့၏ လှူဒါန်းမှုများ၏ အတိုးအညွန့်များဖြင့် ဂေဟာရှိ ရောဂါဝေဒနာခံစားခဲ့ရသော ဝေဒနာရှင်များကို ကျွေးမွေးစောင့်ရှောက်ထားပါသည်။

တစ်နိုင်တစ်ပိုင်အနေဖြင့်လည်း သက်ငယ်သော ဝေဒနာရှင်များက ရွာတွင်းရှိ ဆိတ်ကျောင်းခြင်း၊ တောင်းယက်ခြင်း၊ အင်္ကျီချုပ်ခြင်းစသည်များကို လုပ်ကိုင်၍ အခြားဝေဒနာရှင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်လျက်ရှိပါသည်။ ကျွန်တော်လည်း ထိုအကြောင်း အခြင်းအရာများကို တွေ့ရသော် စိတ်မကောင်းဖြစ်မိသည်မှ တပါးအခြားမတတ်နိုင်။ ကျွန်တော့်ရသည့် လစာလေးထဲမှ ဖဲ့လှူသော်လည်း အရာမရောက်။ တပ်သို့ပြန်ရောက်သည်အထိ စိတ်မကောင်းဖြစ်မိသည်။ နောက်ဆုံးသူငယ်ချင်းမလေးဆီသို့ ဖုန်းဆက်ပြီး ထိုအကြောင်းအရာများကို လက်ဆင့်ကမ်းလိုက်မိသည်။ မကြာလိုက်ပါ.. နောက်နှစ်ရက် မြောက်သောနေ့ တစ်ခုသော မနက်တွင် ကျွန်တော့်ကို ရဲဘော်လေးတစ်ယောက်က ရိပ်သာသို့ ပြေးလာခေါ်သည်။ သူငယ်ချင်းမလေးဆီကဖုန်းလာသည်တဲ့ ပြန်ဆက်မယ်တဲ့..

သူမ ပြန်ဆက်လာပါသည်။ မနက်ဖြန် သူမမိသားစုနှင့်တကွ သူငယ်ချင်းအချို့နှင့်အတူ မရမ်းချောင်း ပရဟိတသို့ လာရောက်မည်ဖြစ်ကြောင်း လမ်းတ၀က်မှ စောင့်နိုင်လျှင်စောင့်ပေးပါဆိုတဲ့အကြောင်းပြောလာသည်။ ကျွန်တော်အလွန်တရာ ၀မ်းသာမိသည်။ မိမိမလှူဒါန်းနိုင်သော်လည်း နတ်လမ်းညွှန်ဖြစ်ခဲ့သည်။ ဖြစ်ချင်တော့ မနက်ဖြန်စခန်းစစ်ကရှိပြန်သည်။ သို့သော်လည်း တပ်ရင်းမှူးကို အကြောင်းစုံရှင်းပြပြီး မရမ်းချောင်းမှ အပြန်စခန်းစစ်ဝင်ခဲ့ပါမည့်အကြောင်း တင်ပြကာ သူငယ်ချင်းမလေးတို့လာမည့်လမ်းတွင် အပြေးသွားစောင့်ရပါသည်။ သူငယ်ချင်းမလေးတို့နှင့် အတူ ပရဟိတဂေဟာသို့ ဒုတိယအကြိမ်ရောက်ရှိခဲ့ပြန်ပါသည်။ သူမတို့ယူဆောင်လာသော လှူဒါန်းမည့် ပစ္စည်းများက တစ်ယောက်အိပ်ကိုးရီးယားစောင် တစ်ယောက်တစ်ထည်နှုံးဖြင့် စောင်(၅၄)ထည်၊ ဒန်ပေါက်ပွဲ(၆၀)နှင့် ငွေသားတစ်ဦးကို (၁၀၀၀)ကျပ်နှုံးဖြင့် လှူဒါန်းသွားကြပါသည်။ ကျွန်တော်ကတော့ ငွေကြေးအားဖြင့် မပါဝင်နိုင်ခဲ့သော်လည်း ကာယအားဖြင့်သာ ပါဝင်ကူညီနိုင်ခဲ့ပါသည်။ ဂေဟာတွင်နေထိုင်သူ ဝေဒနာရှင် စုစုပေါင်း(၅၀)ဦးရှိပါသည်။ ရွာထဲတွင် မိသားစုဖြင့်အတူတကွနေထိုင်သူ ဝေဒနာရှင် စုစုပေါင်း(၃၀)ဦးရှိပါသည်။ မရမ်းချောင်းရွာလေးတွင် အနာကြီးရောဂါဝေဒနာခံစားခဲ့ရသော လူဦးရေ(လက်ရှိစာရင်းများအရ) စုစုပေါင်း (၈၀)ဦးရှိပါသည်။

ထိုသို့သွားရောက်လှူဒါန်းချိန်တွင် အနာကြီးရောဂါဝေဒနာခံစားခဲ့ရသော ဝေဒနာရှင်တစ်ဦးက ဆွမ်းခံကြွသော ကိုရင်လေးနှစ်ပါးကို ဆွမ်းလောင်းလှူနေသော မြင်ကွင်းသည် ကျွန်တော့် မျက်စိထဲတွင် မထွက်နိုင်ပါ။ ရောဂါ၏တိုက်ခိုက်မှုများကြောင့် လက်ချောင်းလေးများကွေးကောက်နေသော်လည်း ကြိုးစားပြီး မြေပြင်တွင် ၀ပ်ဆင်းကာ ထိခြင်းငါးပါးဖြင့်ကန်တော့နေသော…. ဝေဒနာရှင်တစ်ဦး။ ။

အနာကြီးရောဂါဝေဒနာရှင်များကို လူ့ဘောင်လောကမှ ပစ်ပယ်ထားခြင်းမပြုပဲ……အားငယ်သူများကို အားပေးခြင်းဖြင့် လူ့ဘောင်လောကကြီး သာယာလာအောင် ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။



ဆက်သွယ်လှူဒါန်းရန်လိပ်စာ
ပရဟိတကျွေးမွေးစောင့်ရှောက်ရေးကော်မတီ
မရမ်းချောင်းကျေးရွာ
လှည်းကူးမြို့နယ်။ ဖုန်း - ၆၀၀၂၆၁

ဦးမောင်မြင့်
ဒုတိယညွှန်ကြားရေးမှူး
လူမှုဝန်ထမ်းဦးစီးဌာန။ ဖုန်း - ၆၆၃၃၉၂

တိုင်းဦးစီးအရာရှိ
ရန်ကုန်တိုင်း လူမှုဝန်ထမ်းရုံး
အမှတ်(၁၉၄)၊ ဗိုလ်တစ်ထောင်ဘုရားလမ်း။ ဖုန်း -၂၉၂၆၁၁

ဥက္ကဌ
မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ
လှည်းကူးမြို့နယ်။ ဖုန်း - ၆၂၉၀၃၈

[အထက်ဖော်ပြပါလိပ်စာများသည် ထိုဂေဟာမှပေးလိုက်သော လက်ကမ်းစာစောင်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ ]

စာအပြည့်အစုံသို့….

Tuesday, December 9, 2008

+ ၁၇ ဒီဇင်ဘာနှင်း


နှင်းတွေမှုန်မှိုင်း
ရှစ်ခွင်တိုင်းလည်း
မှုန်ရီေ၀၀ါး...
သို့သော်ငြားလည်း
ငါတို့ပခုံး
ကြယ်နှစ်လုံးက
မိုးရံထက်သို့
လွှမ်းခြုံခဲ့သည့်
ဆောင်းရာသီ..။

"နှစ်ထောင့်ရှစ်ခု
ဒီဇင်ဘာလ
တစ်ဆယ့်ခွန်တွင်"
လေးဆယ့်ခွန်တို့
ပခုံးပြောင်းပြီး
တိုးမြှင့်တာဝန်
ထမ်းကြရမည်...။

ညီနောင်များတို့
သစ္စာလေးချက်
ဦးထိပ်ရွက်လို့
ပေးအပ်တာဝန်
ထမ်းဆောင်ကြမည်
ရှေ့သို့ချီ...။

၁၇၊ ဒီဇင်ဘာလ၊ ၂၀၀၈ ခုနှစ်တွင်ကျရောက်မည့် စစ်တက္ကသိုလ်အပတ်စဉ်(၄၇)တို့၏ ကျောင်းဆင်းပွဲအထိမ်းအမှတ်နေ့ကို ဂုဏ်ပြုရေးသားရင်း ညီမလေးDream Tag ထားတဲ့ "အကြိုက်ဆုံးကဗျာ"လေးအဖြစ် ဖော်ပြလိုက်ပါတယ်။
+ ကျောင်းဆင်းပွဲမှတ်တမ်းသတင်းစာဖော်ပြချက်

စာအပြည့်အစုံသို့….

Sunday, December 7, 2008

+ နယ်မြေခြားသော မတူညီသောဓလေ့


နိုင်ငံခြားပညာတော်သင်ကျောင်းသားဘ၀အတွေ့အကြုံလေးပေါ့ဗျာ။ နောင်လာနောက်သား ညီနောင်များလည်း ဖတ်ရှုပြီး ကျွန်တော်တို့လို အဖြစ်မျိုးနဲ့ မကြုံရလေအောင်ပေါ့။ တာဝန်ပေးချက်အရကျွန်တော်တို့ နောင်တခေတ်၏အောင်စစ်သည်တော်လေးများလည်း Qatar လေယာဉ်ကြီးကိုစီးပြီး အမိမြေက မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ရုရှားနိုင်ငံကို ရောက်ရှိလာပါသည်။ ဒေသစံတော်ချိန်က ညအချိန်လောက်ရောက်သွားတော့ ကျွန်တော်တို့တွေကို ဟိုတယ်တစ်ခုမှာ နေစရာစီစဉ်ပေးပြီး ညစာဖြင့်တည်ခင်းဧည့်ခံပါသည်။ ညစာစားခန်းက စားပွဲကြီးမှာ တစ်ဝိုင်းကိုလေးယောက်။ ကျွန်တော်တို့လည်း ပေကြောင်ပေကြောင်နဲ့ ၀င်ထိုင်လိုက်သည်။ အဲဒီအချိန်မှာ စားပွဲပေါ်မှာ တစ်ယောက်ကို ချိစ် တစ်ဗူး၊ ပေါင်မုန့် နှစ်ချပ်၊ ပျားရည်ဗူးတစ်ဗူး၊ အချိုရည်တစ်ဗူး စီချထားပေးသည်။ အလယ်မှာ ဆားတစ်ဗူး၊ ငရုပ်ကောင်းတစ်ဗူး။ (ပထမတော့ ဘာအတွက် မှန်း နားမလည်သော်လည်း နောင်တွင် ဤဆားဗူးလေးသည် ကျွန်တော်တို့လေးယောက်လက်တွင် သွက်သွက်ခါအောင် မချနိုင်အောင်ဖြစ်ခဲ့ရသည်။)
လေယာဉ်ကလည်း အကြာကြီးစီးလာရတာတစ်ကြောင်း လေယာဉ်ပေါ်တွင် စိတ်လှုပ်ရှားနေသောကြောင့် ကောင်းကောင်းပင် မစားခဲ့တာတစ်ကြောင်းကြောင့် ကျွန်တော့် အစာအိမ်ထဲတွင် စစ်ရေးပြကျင့်နေပြီ…...

မျှော်လင့်နေစဉ်အတွင်းမှာပဲ စွပ်ပြုပ်တစ်ပန်းကန်စီလာချပေးပါသည်။ ပန်းကန်ကြီးက အကြီးကြီးနဲ့ စွပ်ပြုတ်ရေတွေ အများကြီးပဲ။ လောလောဆယ်စားပွဲပေါ်မှာကလည်း လျှာပေါ်အရသာရှိနိုင်တာဆိုလို့ စွပ်ပြုတ်ပဲရှိလေတော့ ကျွန်တော်မြည်းကြည့်လိုက်တယ်။ အားပါး... သွားပါပြီ့။ ဘာနဲ့တူလည်းဆိုတော့ ကျွန်တော်တို့ဆီက ချဉ်ဟင်းကို ဆားပေါ့နေတဲ့အရသာနဲ့တူတယ်။ အမြဲသာဒါကိုကျွေးရင်တော့ပြဿနာပဲလို့။ ဒီလိုနဲ့ ခဏစောင့်နေလိုက်သေးတယ်။ ပြဿနာပဲ...

ဘာမှလာမချတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့ စွပ်ပြုပ်လာချတဲ့ အန်တီကြီးကို လှည့်ကြည့်လိုက်တော့ ရုရှားလို လိုပြောကာ အမူအရာဖြင့်လည်း စားလို့လုပ်ပြသည်။ အင်း... ဒါနဲ့ပဲ စားမှရတော့မယ်ပေါ့။ ဒီလိုချည်းသာအမြဲကျွေးရင် လူတော့”၀”လာမှာမဟုတ် ကြာရင်အားပြတ်တော့မှာပဲလို့စိတ်ထဲကတွေးရင်းနဲ့ ဆားနည်းနည်းထည့်လိုက်တယ်။ ကျန်တဲ့လူတွေကြည့်တော့လည်း ကိုယ့်လိုပဲ။ ဒီလိုဆိုရင်တော့ မချောင်ဘူးဟေ့တဲ့။ ကျွန်တော်လည်းအပေါ့အငန်မြည်းရင်းနဲ့ ဆားဗူးလေးလည်း စားပွဲပေါ် ပြန်မရောက်နိုင်လောက်အောင်ကို ရောင်းကောင်းသွားသည်။ အင်း... ဒီလိုဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။

ပေါင်မုန့်နဲ့ပျားရည်နဲ့ကို အရင်စားလိုက်အုံးမယ် ဆိုပြီး ပေါင်မုန့်ကို ကိုင်ကြည့်လိုက်တယ်။ အိုး.... ပြောမနေပါနဲ့တော့ ကျွန်တော့်တစ်သက်ဒီလောက်မာတဲ့ပေါင်မုန့်တစ်ခါမှ မမြင်ဖူးဘူး။ မြန်မာနိုင်ငံမှာ ဘယ်မှာမှ ရှာလို့မရနိုင်တဲ့ ပေါင်မုန့်။ ကိုက်ကြည့်လိုက်တယ်။ ဘယ်လိုမှအဆင်မပြေ။ အင်း….ကျောင်းတုန်းက ညညခေါက်ဆွဲခြောက်ခိုးစားတုန်းက ခေါက်ဆွဲခြောက်မာမာကို စားရလေခြင်းဆိုပြီး ၀မ်းနည်းခဲ့တာကိုတောင် ပြန်သတိရလိုက်သေး။

ထားလိုက်ပါတော့ ဆိုပြီး စောစောက စွပ်ပြုတ်ကိုပဲ တစ်ဝက်နီးပါးလောက် သောက်လိုက်တော့တယ်။ ဇာတ်လမ်းက ပြီးပြီလားဆိုတော့မပြီးသေးပါဘူး။ ချဉ်ဟင်းလိုလို စွပ်ပြုပ်လိုလို အရည်ကို တစ်ဝက်လောက်သောက်ပြီး ဗိုက်ကပြည့်ကာ အစာမကျေသလိုလို နေလို့ထိုင်လို့မကောင်းဖြစ်သွားသည်။ ဒါနဲ့ ပဲ စွပ်ပြုပ်ပန်းကန်ကို ဘေးနည်းနည်းတိုးပြီး အချိုရည်သောက်ဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ… စောစောကအန်တီကြီး ရောက်လာပြီး ကြက်ပေါင်ကြီးနဲ့ (ကြက်ပေါင်က တော်တော်ကြီးပါတယ် ကြက်တစ်ကောင်ရဲ့ လေးပုံတစ်ပုံလောက်ရှိတယ်) ခေါက်ဆွဲ တစ်ပွဲလာချပေးပါသည်။ ကြက်ပေါင်ကလည်း မြင်လိုက်တာနဲ့ စားချင်စရာပါ။ ဒါပေမယ့် ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး မစားနိုင်ကြတော့ပါဘူး။ အရင်လာချတဲ့ စွပ်ပြုပ်ကို မ၀မှာစိုးလို့ဆိုပြီး နင်းကန်အောက်အီးပြီး သောက်ထားကြတာလေ။ ကျွန်တော်တို့တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တက်တစ်ခေါက်ခေါက်ဖြင့်ပဲ အခန်းဆီသို့ ပြန်လည်ချီတက်လာခဲ့ရသည်။

မြန်မာတွေရဲ့ဓလေ့က ဟင်းပွဲအားလုံးဆုံပြီးမှ စားကြသော်လည်း အနောက်တိုင်းဓလေ့ကတော့ First Plate စွပ်ပြုတ်၊ second plate အသားတစ်မျိုးမျိုး သို့ pasta တစ်မျိုးမျိုး၊ ပြီးတော့မှ အသီးအရွက်လေးတွေကို salad ဆော့လေးဖြင့်ဆမ်းစားပြီး အချိုပွဲဖြင့် အပြီးသတ်တတ်တဲ့ ဓလေ့လေးကိုတော့ ကျွန်တော်တို့တွေ ကြက်ပေါင်တစ်လုံးကို ရင်းကာ သိလိုက်ရသော ပထမဆုံးသော မတူညီသော စားသောက်ပုံ ဓလေ့လေးကို ရရှိခဲ့ပါသည်။

မေတ္တာဖြင့်
Servena

စာအပြည့်အစုံသို့….

Saturday, December 6, 2008

+ ဝေလည်းမွှေး ကြွေလည်းမွှေး


၅-၁၂-၂၀၀၇ တွင် နိုင်ငံတော် ကာကွယ်ရင်း ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံးသွားသော ဗိုလ်ကြီးစိုးလွင်ဦး (DSA-44)

ကွယ်လွန်ဆုံးပါးသွားခဲ့တာ တစ်နှစ်ပြည့်ခဲ့သော်လည်း တနေ့မှ မေ့မရသေးပါ။

အမြဲတမ်းပြုံးနေတတ်တဲ့ အစ်ကို...

ကျွန်တော်တို့အပေါ်မှာ စေတနာထား ဆုံးမခဲ့တဲ့ အစ်ကို...

ကျွန်တော်တို့ စစ်သားတွေဘ၀ဆိုတာ နိုင်ငံတော်ကာကွယ်ရင်းနဲ့ ဘ၀ကို ဖြတ်သန်းနေကျသူတွေပါ။ အစ်ကို့လို ဝေလည်းမွှေးကြွေလည်းမွှေးဘ၀ကို ဂုဏ်ယူမိရင်း...

ကျဆုံးသွားသော အစ်ကိုကို သတိရလျက်...အလေးပြုရင်း။ ကောင်းရာသုဂတိလားပါစေ။

ညီနောင်များ..

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us