Sunday, January 25, 2009

+ အမောင်ဗိုလ်လောင်းနှင့် စီးပွားရေး Strategy


ကျွန်တော့်၏သူငယ်ချင်းဖြစ်သူ၏အကြောင်းသည် ပြောလို့မှမကုန်။ ရေးလို့မှမဆုံးဖြစ်နိုင်သည်။ ကျွန်တော့်သူငယ်ချင်းသည် စီးပွားရေးကတော့ တော်တော်ကို အမြင်ကျယ်သည့် သူတစ်ဦး။ ဗိုလ်လောင်းဘ၀ကတည်းက စီးပွားရေးလုပ်သည်။ အိမ်ကပို့လိုက်သော ပိုက်ဆံများကို ခြစ်ကုတ်စုသည်။ အတော်လေးစုမိတော့ ဆရာကြီးတစ်ယောက်ထံမှ ၀က်ပေါက်တစ်ကောင်ဝယ်ကာ ဒိုဗီ မသန်းထံတွင် ၀က်ပေးမွေးလေသည်။ မိမိကသားပေါက်ကိုပေး၍ လက်ခံမွေးထားသူက ကျွေးပေးရခြင်းဖြစ်ပြီး ၀က်ပြန်ရောင်းချိန်တွင် တစ်ယောက်တစ်ဝက်ခွဲယူခြင်းစနစ်ဖြစ်သည်။ ၀က်ပေါက်ကို စပေးသည့်နေ့မှစ၍ သူငယ်ချင်းဖြစ်သူတစ်ယောက် တွက်ချက်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ပါတော့သည်။ ထိုနေ့ရက်များသည် သူငယ်ချင်းဖြစ်သူအတွက် ရွှေရောင်နေ့ရက်များဖြစ်ခဲ့သည်။ ၀က်ရောင်းပြီးလျှင်တောင် ကျွန်တော်တို့ကို OutPass ထွက်သည့်နေ့ ဒကာခံမည်ဆိုတာတောင်ပါသေး။ ကျွန်တော်တို့တောင် ရောယောင်ပြီး ၀က်ကြီးအစားများများစားပါစေ ကြိတ်ဆုတောင်းနေသေးသည်။ ၀က်ကြီးလှတော့ ဈေးရမည်ပေါ့…

တစ်နေ့သောချယ်ရီတွေပွင့်သော ရက်လေးတစ်ရက်တွင် ငိုမလိုမျက်နှာဖြင့် သူငယ်ချင်းဖြစ်သူ အခန်းအတွင်းသို့ဝင်လာသည်။
“ဟိတ်ကောင်..မင်းဘာဖြစ်လာတာလည်း။”
“…………”
“ဘာ” ကျယ်လောင်သော အာမေဋိတ်သံသည် ကျွန်တော်တို့သူငယ်ချင်းတစ်အုပ်ဆီမှ တပြိုင်တည်းကို ထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော်… သူငယ်ချင်းဖြစ်သူ၏ ၀က်ကြီးသေသွားသည်တဲ့။ သေသွားတဲ့ဝက်ကို ရတဲ့ဈေးနဲ့ရောင်းလိုက်ရလို့ပိုက်ဆံတောင် သိပ်မရလိုက်လို့ ဒိုဗီ မသန်းက ကျွေးစရိတ်အဖြစ်ပြန်ယူလိုက်သည်တဲ့။ သူငယ်ချင်းဖြစ်သူမှာ ငိုရခက်ရယ်ရခက်။

သူငယ်ချင်းရေ.. မင်းအကြောင်းကို ရေးလိုက်တာ စိတ်မဆိုးနဲ့ကွာ။ မင်းမွေးထားတဲ့ငါးတွေ ရေကြီးလို့ပါသွားတယ်ဆိုတာ ကြားလိုက်ရလို့ မင်းကို မွေးမြူရေးမလုပ်စေချင်တော့ဘူး။

မင်းကိုသတိရလျက်
ရတခ

စာအပြည့်အစုံသို့….

Sunday, January 11, 2009

+ ကျောင်းတော်က မုန့်ဟင်းခါး


ချယ်ရီတွေဝေနေတဲ့ အမိကျောင်းတော်ကြီးရှိရာ ပြင်ဦးလွင်မြို့သို့ တာဝန်ကိစ္စတစ်ခုကြောင့် ရောက်ရှိလာခဲ့သည်။ တာဝန်များပြီးလို့ ကျောင်းတော်ဝင်းအတွင်းဖြတ်သန်းရင် တစ်ချိန်က မိမိတို့ဗိုလ်လောင်းဘ၀ကို အမှတ်ရမိသေးသည်။ ခုနှစ်သက္ကရာဇ်က ဆယ်စုနှစ်ပင်တိုင်တော့မည်.. သို့ပေသော်လည်း မိမိတို့ရင်ဝယ် အမိကျောင်းတော်ကြီးနှင့်တကွ ဗိုလ်လောင်းဘ၀နေ့ရက်များသည် အမြဲရှင်သန်နေသော အမှတ်တရလေးများဖြစ်သည်။

ကျောင်းတော်သို့စရောက်လာသောအချိန်မှစ၍ ခင်မင်ခဲ့သော သူငယ်ချင်းများသည်လည်း နိုင်ငံတော်တာဝန်ကို ကျရာနေရာတွင် တကွဲတပြားတာဝန်ထမ်းဆောင်နေရသော်လည်း ပြန်လည်ဆုံစည်းကြချိန်များတွင် ညီအစ်ကိုရင်းချာပမာ သွေးစည်းချစ်ခင်ကြသည့် အမိကျောင်းတော်ကြီးက မွေးဖွားပေးလိုက်သော် ရဲဘော်ရဲဘက်ညီနောင်များဖြစ်သည်။ အတွေးများသည် လေတိုက်လျှင်တောင် လွင့်စရာမရှိသော အလွန်ရှင်းလင်းသောဆံပင်ပုံစံဖြင့် ညိုမောင်းသော အသားအရည်လေးများပိုင်ရှင်ဗိုလ်လောင်းဘ၀သို့ရောက်ရှိသွားတော့သည်။

ကျွန်တော်တို့သူငယ်ချင်းတစ်စုသည် ဗရုတ်ကျရမည်ဆိုထိပ်ဆုံးကဖြစ်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ထိုနေ့က ကျွန်တော်တို့ထဲမှ သူငယ်ချင်းဖြစ်သူ ပအိုဝ့်တိုင်းရင်းသားလေးက ကျွန်တော်တို့အားလုံးကို မုန့်ဝယ်ကျွေးမည်ဆိုသောကြောင့် အားလုံး မယုံကြည်နိုင်ကျ။ အားလုံးမရှိခြင်းတူသည့် ဘူများပင်ဖြစ်သောကြောင့် မယုံကြည်နိုင်ခြင်းဖြစ်သည်။ သို့သော်လည်း ၀ယ်ကျွေးမည့်သူက ကျွေးမည်ဆိုမှတော့ စားမည့်သူကလည်း လက်နှေးနေ၍မကောင်း။ မောင်မင်းကြီးသား ကျန်းမာပါစေ…ချမ်းသာပါစေပေါ့။ ဆုတွေပေးလိုက်ရတာ အမော…

သူငယ်ချင်းဖြစ်သူက အဆောင်ရှေ့တွင် တွန်းလှည်းလေးဖြင့် လာရောင်းသော ကိုမောင်မုန့်ဟင်းခါးဝယ်ကျွေးမည်ဆိုတော့ အားလုံးက ပျော်လို့မဆုံး။ အားလုံးကို တစ်ယောက်တစ်ပွဲနှုံးဖြင့်သာ ၀ယ်ကျွေးမည်ဆိုသောကြောင့် စိတ်မကောင်းတောင်ဖြစ်မိသည်။ သို့သော်လည်း အလကားစားရတာပဲဟူ၍သာ အပီကြိတ်ကြတော့သည်။ ကျွန်တော်တို့လိုပဲ အခြားဗိုလ်လောင်းများကလည်း အေးမျှသော တောင်ပေါ်မြို့ကလေးအအေးဒဏ်ကို ခံတုပြီး အငွေ့တထောင်းထောင်းဖြင့် မုန့်ဟင်းခါးပူပူလေးကို အားပေးနေသောကြောင့် ကိုမောင်တစ်ယောက် လက်မလည်အောင် မအားနိုင်ခဲ့။ စားလို့သောက်လို့ပြီးတော့ ဒကာသူငယ်ချင်းဖြစ်သူက အားလုံးကို ပန်းကန်များကို ချထားခိုင်းကာ ပြန်စေသည်။ ဘာကို ဆိုလိုမှန်းမသိတော့လည်း သူပြောတဲ့အတိုင်းလုပ်ရတာပေါ့။ နောက်ဆုံးတော့ ကိုယ်တော်ချော သကောင့်သားက မုန့်ဟင်းခါးဖိုးကိုပါ မပေးပဲ သူပါတစ်ပါတည်းလစ်လာခဲ့သည်။

ပေးထားတဲ့ဆုများကိုမှ အားမနာ။ ပြီးတော့သူကပြောလိုက်သေးသည်….
“ငါတို့နေ့တိုင်းအားပေးနေတာပဲကွာ။ ဒီတစ်ရက်လောက်ကတော့ သူ ငါတို့ကို အလှူအဖြစ်ကျွေးသင့်ပါတယ်။”
ထိုအကြောင်းအရာလေးကို သူငယ်ချင်းများဆုံတိုင်းပြန်ပြောမိသကဲ့သို့ မုန့်ဟင်းခါးစားတိုင်း သတိရနေမိသည်။ သူငယ်ချင်းတို့ရေ… ရင်ထဲမှာရှိတဲ့ ချယ်ရီမြေက အမှတ်တရတွေဆိုတာ ပြောလို့မကုန်ပါဘူး။ ကျောင်းတော်ဝင်းအတွင်းလမ်းလျှောက်ရင်း စစ်ရေးပြကွင်းပြင်ကြီးဖက်ဆီမှ ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးလေးတစ်ခု၏ သယ်ဆောင်ပေးလိုက်သော အတိတ်ဆီက ပုံရိပ်များကို သတိရရင်း …ရင်ထဲရှိတဲ့ရောက်လာတဲ့ အမှတ်တရလေးတစ်ခုကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။

ရတခ

ဓါတ်ပုံကို ဒီနေရာမှကူးယူတင်ပြပါသည်။


စာအပြည့်အစုံသို့….

Friday, January 2, 2009

+ သားကောင်းမိခင်


ကျောင်းဆင်းအရာရှိလောင်းဘ၀မှသည် ယနေ့ထိတိုင် ကျွန်တော့် မိခင်ကို မျက်ရည်ကျအောင် ကျွန်တော်ပြုလုပ်ခဲ့မိသည်။ ထိုမျက်ရည်များက ၀မ်းသာလွန်းလို့ မျက်ဝန်းအိမ်များ စိုစွတ်လာသော မိခင်တစ်ယောက်၏ နွေးထွေးသော မျက်ရည်များဖြစ်သည်။ ကျောင်းဆင်းလို့ အရာရှိငယ်ဘ၀ဖြင့် ကျွန်တော်တာဝန်ကျရာတပ်သို့ ရောက်ရှိချိန်တွင် အမေသည် ကျွန်တော့်ကို မူကြိုကျောင်းသားတစ်ယောက်ကို ကျောင်းလာပို့သကဲ့သို့ပင် မြင်ပုံရသည်။ တတွတ်တွတ်ဖြင့် မှာမဆုံး။ ချက်ပြုတ်ကြော်လှော်လာသော အကြော်ဘူးများကလည်း တစ်ယောက်တည်း စားလို့ကတော့ တော်တော်ဖြင့်စားကုန်မှာမဟုတ်။ ကျွန်တော့်အဆောင်ရှေ့မှ ပြန်လည်ထွက်ခါသွားချိန်တွင် မျက်ရည်များတသွင်သွင်ကျကာ လက်ပြနှုတ်ဆက်ခဲ့သော အမေ....

စစ်သားတို့တာဝန်အတိုင်းကျရာနေရာတွင် ကျရာတာဝန်ကို ထမ်းဆောင်နေရသောကြောင့် အမေ့အိမ်သို့မပြန်ဖြစ်ခဲ့။ အမေကတော့ သားမောင်စစ်သားကြီးဆီသို့ လူမလာနိုင်တောင် စာလွှာလေးများရောက်အောင် အဆက်အသွယ်မပြတ်ရှိခဲ့သည်။ ကျွန်တော်မေ့မရသော ၂၀၀၈ခုနှစ် ဇန်န၀ါရီလ၏ရက်တစ်ရက်တွင် ရှေ့တန်းထွက်ရမည်ဟု အမေ့ကို အကြောင်းကြားလိုက်ချိန်တွင် အမေ မူးလဲသွားခဲ့သည်တဲ့။ အကြောင်းကြားပြီး နှစ်ရက်အကြာတွင် အမေ..ကျွန်တော့်ဆီရောက်လာပါသည်။ စကားပင်မပြောပဲ ကျွန်တော့်ခေါင်းကို ပွတ်ကာ ဘုရားစာများကိုသာ နာရီတော်တော်ကြာအောင်ရွတ်ပေးနေတဲ့ အမေ.....

ကျွန်တော်ရှေ့တန်းစစ်မြေပြင်သို့ရောက်ရှိချိန်တွင် ကျွန်တော်သတိအရဆုံးကတော့ ကျွန်တော့်ချစ်သူထက် အမေ့ကိုသာဖြစ်သည်။ မျှော်မိသော စာများသည် အမေ့ဆီမှ စာများပင်ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ပစ်ကျခတ်ကျတိုင်း မျက်ဝန်းအိမ်တွင် အမေ့ကိုသာ မြင်ယောင်မိသည်။ ယန်းငွေ့တွေဝေနေတဲ့ စစ်မြေတလင်းက အမေ့သားရင်သွေးက အမေနှင့် အမေ့ လိုပဲသားတွေကို ချစ်တဲ့ မေမေတွေကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေကြပြီ အမေ...

၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂၈ရက်.. ကျွန်တော်တို့စစ်ဌာနချုပ်လက်အောက်ခံတပ်တွေ နောက်တန်းပြန်ရပြီ အမေ.. တောင်ငူကို ရောက်တော့ အမေ့ဆီ ဖုန်းဆက်ပြီး "ကျွန်တော် မသေဘူး အမေ။ အမေ့ဆီ ကျွန်တော်ပြန်လာခဲ့မယ်" လို့ပြောလိုက်ချိန် ချုံးပွဲချငိုခဲ့တဲ့ အမေ....

"အမေ.. အမေကတောင် သားတစ်ယောက်တည်းကို ဒီလောက်တောင် စိတ်သောကရောက်ပူပင်နေတယ်ဆိုရင် သားသူငယ်ချင်း အမွှာနှစ်ယောက်အမေဆို ဘယ်လိုလုပ်မလည်း..အမေ။ သူတို့တွေဆို ဒီသားလေးနှစ်ယောက်တည်းရှိတာကို စစ်ထဲသွင်းလိုက်ရတာ ဘယ်လောက်တောင် ပူပင်နေမလည်းဗျာ။" အမေပြန်ပြောလိုက်တဲ့စကားလေးဖြင့် ရင်ထဲကို အေးကာ အမေ့ရင်ခွင်သို့ တိုးဝင်မိခဲ့သည်။
အမေပြောလိုက်တဲ့စကားလေးကတော့ "သားရယ်...ဘယ်မိဘမဆို သားတစ်ယောက်ဖြင့်ဖြင့် နှစ်ယောက်ဖြစ်ဖြစ် ပူတာကတော့ အတူတူပါပဲ။ သားသူငယ်ချင်းအမေကတော့ အမေ့ထက်ကို စံပြဖြစ်သင့်တဲ့သားကောင်းမိခင်တစ်ယောက်ပါ။ သား ဒီလိုဘေးမသီရန်မခပဲပြန်လာတာတောင် မေမေဒီလောက်ဝမ်းသာရင် သားသူငယ်ချင်းနှစ်ယောက်ရဲ့ မေမေလည်း နှစ်ဆ၀မ်းသာသွားမှာပါကွယ်။ သားလေးက မေမေ့အတွက် ထာဝရမူကြိုကျောင်းသားအရွယ်လေးပါကွယ်။"


စာအပြည့်အစုံသို့….

+ အမောင်စစ်သား ကျွန်တော်နှင့် New Year


လူငယ်တိုင်းပါးစပ်ဖျားတွင် ရေပန်းစားနေသော New Year... New Year ဖြင့်... တွေ့လိုက်တဲ့ လမ်းဆုံလမ်းခွနေရာတွေက ကြော်ငြာဆိုင်းဘုတ်တွေမှာလည်း New Year Festival ဘာညာတွေဖြင့်... အော် New Year... New Year ဒီလောက်တောင် ဆွဲဆောင်မှုကောင်းခဲ့ပါလား။ ကျွန်တော့်အတွက် နှစ်သစ်ညလေးတစ်ညကတော့ အမှတ်တရရှိခဲ့သည်။ ကျွန်တော်တို့တပ်မှ တာဝန်ယူရသော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့အနီးရှိ အပိုင်းလေးတွင် ကျွန်တော်တို့အားလုံး New Year လေးကို ဆင်နွှဲခဲ့ကြပုံကတော့ ဘယ်တော့မှ မေ့မရ။ ရှေ့တန်းရောက်စစ်သည်တော်တွေ New Year ဆိုတာ ဒါမျိုးပါလားဆိုသည်ကို ပြောမယုံ ကြုံဖူးမှ သိတော့သည်။


"ဗိုလ်ကြီး မနက်ဖြန် new year နော်။ နှစ်ဟောင်းတောင်ကုန်ပြီ.. ဘာလိုလိုနဲ့ဒီမှာ ရောက်နေတာတောင် တစ်နှစ်ရှိပြီ။ ဗိုလ်ကြီးကောင်မလေးဆီက စာမလာဘူးလား။"
BE မှဗိုလ်ကြီးကလည်း ဥပဓိရုပ်ဖြောင့်သော ကျွန်တော့်ကို တော်တော်အထင်ကြီးလို့ပဲ ကောင်မလေးဆီက စာမလာဘူးလား...မေးတာလား။ သို့တည်းမဟုတ် အားနာပါးနာနဲ့ မေးပေးတာလားတော့မသိ။ ကျွန်တော်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကောင်မလေး၏ စာတစ်စောင်ကို ထုတ်ပြလိုက်သည်။

"ဟာ... ဗိုလ်ကြီးက တယ်ဟုတ်ပါလား။ နည်းလေးဘာလေးမေးထားရအုံးမယ်။ ကျွန်တော့်ကိုတော့ စိတ်ပူမယ့်သူတောင် မရှိပါဘူးဗျာ။ ကျောင်းထိုင်ဆရာတော် ဘုန်းကြီးရေးပို့လိုက်တဲ့ ဆုံးမစာလေးတွေကလွဲရင် ကျွန်တော့်ဘ၀က သစ်ခြောက်ပင်ပါ။"

"ကဲပါ..စိတ်ညစ်မနေနဲ့။ လောလောဆယ် ညဖက် new year အတွက် အသားဟင်းလေးတစ်ခွက်ရအောင် ကြံဆောင်ကြရအောင်လား။"


ကျွန်တော်တို့နှစ်ယောက်လည်း သေနတ်ဆွဲကာ အသားဟင်းအတွက်ရှာပုံတော်ထွက်ခဲ့သည်။ ရှာပုံတော်ထွက်သည်ဟုသာဆိုပါသည် ဝေးဝေးမသွားရဲ... မိုင်းနင်းမိလို့ကတော့ ကိုယ်တောင် ဟင်းစားပြန်ဖြစ်မယ့်သဘော။
တစ်ယောက်ကို ငှက်သေးသေးတစ်ကောင်စီရရှိတော့ ဟင်းချက်ရန်ပေးလိုက်သည်။ ဟင်းချက်ရန်ဟုသာ ဆိုရမည် ဟင်းချက်ရန် ဆီဆိုသည်မှာဝေး၊ ဆားဆိုသည်မှာ မူးလို့ရှုစရာမရှိ။ ကျွန်တော်တို့၏ new year အတွက် ဟင်းခွက်လေးကတော့ ငှက်ကိုရေနည်းနည်ဖြင့်မီးကင်းတိုက် ထိုငှက်ကပြန်ထွက်လာသော အရည်ဖြင့်ပင် ပြန်ကြော်.. ငါးကြင်းဆီဖြင့် ငါးကြင်းကြော်သည်ဟူသော စကားပုံသည် ကျွန်တော်တို့အတွက်တော့ ငှက်ဆီဖြင့် ငှက်ပြန်ကြော်သကဲ့သို့။ အရသာကတော့ ကောင်းမကောင်းမသိ အနံ့ကတော့ ညှီတစ်ဆို့နေတာပဲ။ သို့ပေသောလည်း စားရန်ကမရှိတော့။ new year ညတွင် အများသူငါလို wine ခွက်လေးကို ကိုင်ကာcount down မလုပ်နိုင်။ မိမိလက်ထဲတွင် ရှိနေတာက ၀ါးဆစ်ပိုင်းလေးတစ်ခု ထိုဝါးဆစ်အထဲတွင်ရှိသော ရေနွေးက wine များထက် တန်ဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးသော မိမိရဲဘော်ကိုယ်တိုင် အသက်ကိုဖက်နှင့်ထုပ်ကာ သွားခပ်ခဲ့ရသော ရေ။ New Year အချိန်လေးနီးကပ်လာပါသည်။ စားစရာသောက်စရာများကို အလည်တွင်ထားကာ ငှက်အိုးကင်းတိုက်ကို ပျော်ပျော်ပါးပါးစားသောက်ခဲ့ကြသည့် သေအတူရှင်မကွာ လက်တွဲတာဝန်ထမ်းဆောင်ခဲ့သော ညီအစ်ကိုများနှင့် ယခင်နှစ်က new year ၏အပျော်များသည် Wine ခွက်လေးဖြင့် Cheese လေးကို စားကာ Cheer Happy New Year ဟုအော်ဟစ်နေခဲ့သော New Year ထက် များစွာလှပပါပေသည်။

စာအပြည့်အစုံသို့….

Thursday, January 1, 2009

+ နှစ်သစ်မင်္ဂလာ အခါသမယ (၂၀၀၉)

အမြဲလာရောက်အားပေးနေကြသော သူငယ်ချင်းများ၊ တခါတရံရောက်လာတတ်သော စာဖတ်မိတ်ဆွေများ၊ လမ်းမှားပြီးရောက်လာတယ်ဟု ပြောဆိုတတ်ကြသော အမြင်မတူပေမယ့် မြန်မာပြည်ဖွား မြန်မာတိုင်းရင်းသားညီနောင်များ....

နှစ်သစ်မှာ ပျော်ရွှင်စွာဖြင့် ဘ၀ခရီးလမ်းကို လျှောက်လျှမ်းနိုင်ပါစေလို့



ဆုမွန်ကောင်းတောင်းရင်း
Army Soul



စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us