Sunday, May 31, 2009

+ မမေ့နိုင်သော ရက်စွဲ (၂၉-၅-၂၀၀၉)

(29th May, 2009) ဒီနေ့လေးသည် ကျွန်တော်တို့အတွက် ရင်ခုန်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါသည်။ မနက်မိုးလင်းကတည်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ အောင်စာရင်းစောင့်နေရသော ကျောင်းသားလိုလို။ ရုံးရောက်ကတည်းက အပတ်စဉ်တူခြင်း လှမ်းကြည့်သည့် အကြည့်လေးတွေကလည်း စိုးရိမ်စိတ်က တွဲလဲခိုနေကြသည်။
နေ့လည်ထမင်းစားချိန်ထိ လူက စားလို့မ၀င်။ နင်တင်တင်.. ထမင်းတစ်လုတ် ရေတမုတ်ဖြင့်သာ မြိုချပြီး အဆုံးသတ်လိုက်သည်။ လုပ်ကိုင်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ပြီး ညနေလေးနာရီတွင် ဖုန်းများက ၀င်လာပါပြီ။ မင်းဘယ်ရောက်လည်း.. ငါဘယ်ရောက်တယ် စသည်ဖြင့်။ ကျွန်တော့်သတင်းကတော့ တစိုးတစမှ မကြားရသေး။ ပိုဆိုးသည်က မိမိနှင့် အမည်တူကလည်း အပတ်စဉ်တူရှိသေးသည်။

ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေပြီ..
မပါခြင်းလော။ မသိသေးခြင်းလော။ မနက်ဖြန်တွင် တပ်ကို စာရောက်မည်ဖြစ်သော်လည်း ရင်ထဲမှာက စိုင်းစိုင်းခမ်းလှိုင်လို ဗလောင်ဆူတဲ့ရင်ဖြစ်နေပြီ။ ညနေငါးနာရီခွဲလောက်တွင် အတိအကျသိရပါပြီ။ ကျွန်တော်ပြောင်းရမည့်တပ်က မိခင်ကြီးနှင့် နီးသော ဒေသလေးတစ်ခုဖြစ်၍ ၀မ်းသာမိသည်။ ပိုဝမ်းသာမိခြင်းက အမေ့နားနီးနီးနေပါက မိန်းမပေးစားတော့မည်ဆိုသည်မှာ လက်ခတ်မလွဲ..
သြ.. လူပျိုကြီးဘ၀ ကျွတ်ရချီသေး။

သို့ပေသော်ငြားလည်း မိမိ၏ ညီအစ်ကိုရင်းခြာပမာ ချစ်ခင်ရင်းနှီးစွာနေထိုင်ခဲ့ကြသော ဗိုလ်လောင်းဘ၀ကတည်းက သေအတူရှင်မကွာ သူငယ်ချင်းအချို့လည်း အပြောင်းအရွှေ့မပါသူ၊ စစ်မြေပြင်တွင် နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်ကာ တာဝန်ထမ်းဆောင်သွားကြသူနှင့် မိမိတို့ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပင် ပဓါနမထားပဲ စွန့်လွှတ်စွန့်စားတိုက်ခိုက်ခဲ့ကြသော သူငယ်ချင်းများအတွက် စိတ်မကောင်းဖြစ်မိရင်...။ ဒီနေ့လေးမှာ .. ငါတို့သူငယ်ချင်းတွေအတွက် မမေ့နိုင်တဲ့ ရက်စွဲလေးအဖြစ် မှတ်တမ်းတင်လိုက်ပါသည်။

ရတခ

စာအပြည့်အစုံသို့….

Sunday, May 17, 2009

+ ဘယ်သောအခါမှ နောင်တမရသော ရွေးချယ်မှု


တပ်မှူးရှေ့တွင်ရပ်နေသော ကျွန်တော့ခြေအစုံသည် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ ကောက်ခါငင်ကာဖြင့် မည်သူမျှထင်မထားသော ရှေ့တန်းစစ်မြေပြင်ကို လူစားထိုး လိုက်ရမည်။ စစ်သားနှင့် စစ်ပွဲမဆန်းသော်လည်း ဆန်းနေတာက ကျွန်တော်။ အပတ်စဉ်တူ သူငယ်ချင်း တော်တော်များများက ကျောင်းများနှင့် တပ်ဆွယ်ဆေးရုံများတွင်သာ တာဝန်ကျနေချိန်.. ကျွန်တော်တစ်ကောင်ကတော့ ချွန်ပြီး ရှေ့တန်းပါသည်။ ပါသည့်နေရာကလည်း သတင်းမွှေးသည် ဘော်ဂလိ။

မဟာတန်းဝင်ခွင့်စာမေးပွဲသည်လည်း နှစ်ကုန်တွင်ရှိသောကြောင့် သူသူငှာငှာ အပတ်တကုတ်ကြိုးစား စာကျက်နေချိန်တွင် ကျွန်တော့်အဖြစ်က….


စစ်သားတို့မည်သည် အမိန့်တာဝန်ကို လိုက်နာရမည်။ No Excuse.. No Complaint တပ်မှူးရုံးခန်းက ပြန်ထွက်လာကတည်းက သူငယ်ချင်းတစ်ချို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြား။ ဆေးရုံမှလည်း စောစောပြန်လာခဲ့လိုက်သည်။ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်.. ၀ယ်စရာများရှိနေပြန်တော့လည်း မင်္ဂလာဒုံဈေးကိုပြေး။ ဈေးကအထွက် အမိကျောင်းတော်ကြီးကို ကြည့်မိရင်း သက်ပြင်းချမိသည်။ အင်း.. နောက်သုံးလေးလကုန်လို့ အမိကျောင်းတော်ကြီးရင်ခွင်ကို နားခိုရမလား။ မီးပွိုင့်သာခြားသော ငြိမ်းအေးကိုရောက်မလား။
ပစ္စည်းပစ္စယထုပ်ပိုးပြီးချိန်တွင် နံရံမှ နာရီကိုကြည့်လိုက်တော့ အချိန်က ညကိုးနာရီခွဲ။ တဆက်တည်းမှာပင် အိမ်ရှေ့လူခေါ်ခေါင်းလောင်းက မြည်လာသည်။ တံခါးဝတွင် ကျွန်တော်၏ အချစ်ဆုံးငယ်သူငယ်ချင်းနှစ်ယောက်က သုံးဆယ့်နှစ်ကွတ်တာပေါ်အောင် ပြုံးပြနေသော အပြုံးနှစ်စုံ။ အကြောင်းကြားထားတာကတော့ ညနေပိုင်းက။ သူတို့လည်း ဆေးခန်းပိတ်ချိန်ပြီးမှသာ လာရောက်နှုတ်ဆက်နိုင်ကြသည်။ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် တစ်ဦးနှင့် တစ်ဦး စကားမဆိုပဲ နှုတ်ဆိတ်နေကြသည်။

"မင်းကွာ… အစကတည်းက ငါတို့တားထားရက်နဲ့ကွာ။ အခုတော့ ငါတို့သူငယ်ချင်းတွေ အားလုံးအဝေးကြီးတွေကို ရောက်တော့မယ်။ ဘယ်အချိန်ပြန်ဆုံမယ်ဆိုတာ မသိနိုင်သလို။ ဘယ်လိုပုံစံတွေ ပြန်ဆုံစည်းကြမယ်ဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။ မင်းသာ စစ်ဆေးထဲမ၀င်ခဲ့ရင် အခုလောက်ဆို ငါတို့သုံးယောက် ဂျမေးကားကို သွားဖို့ အေးအေးဆေးဆေး ပြင်ဆင်နေရုံပဲကွာ။ "


သူငယ်ချင်းစကားကို ကျွန်တော်ဘာမှ ပြန်မတုံ့ပြန်ချင်။ ကျွန်တော့်ရွေးချယ်မှုအတွက် ကျွန်တော့် မည်သည့်အခါကမှ နောင်တဆိုတာ မရခဲ့ပါ။ ငယ်ငယ်ကတည်းက စားအတူသွားအတူ သူငယ်ချင်းလေးယောက်သည် အထက်တန်းပညာများစုံပြီး မိမိတို့ဘ၀လမ်းကြောင်းအတွက် တက္ကသိုလ်များကို ရွေးချယ်ချိန်တွင် ကျွန်တော်သည် တပ်မတော်ဆေးတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါသည်။ ကျန်နှစ်ယောက်က အရပ်ဖက်ဆေးတက္ကသိုလ်ကို ရွေးချယ်ချိန်တွင် အခြားသော သူငယ်ချင်းတစ်ယောက်က တပ်မတော်နည်းပညာတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါသည်။ ကျောင်းသားဘ၀၊ ဗိုလ်လောင်းဘ၀များတွင် ပြောင်းလဲမှုများ မရှိခဲ့သော်လည်း အမိတက္ကသိုလ်ရင်ခွင်များမှ စွန့်ခွာချိန်တွင် ကျွန်တော်တို့ တပ်မတော်သားများက တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရန် ကျရာနေရာဒေသများကို သွားရောက်တာဝန်ထမ်းဆောင်ကြရသည်။ လက်ဖက်ရည်ဝိုင်းလေးသည် တိုက်ဆိတ်ကာ သူငယ်ချင်းသုံးဦးသား အတွေးကိုယ်စီဖြင့် မျောနေခဲ့ကြသည်။ နှုတ်ဆက်စကားဆိုကာ သူငယ်ချင်းများနှင့် ထိုညက စောစောလမ်းခွဲခဲ့သည်။
နောက်တနေ့တွင် တဆရ(၂)မှထွက်ခွာမည့်ကားအနီးသို့ သူငယ်ချင်းများရောက်လာချိန်တွင် ရင်ထဲတွင် ၀မ်းနည်းမှုက ပြောမပြနိုင်။ သူငယ်ချင်းလေးယောက်တွင် ကျွန်တော်က ရန်ကုန်မြေမှ ခွဲခွာပြီး နောက်တစ်လတွင် ဂျမေးကားသို့ထွက်ခွာကြတော့မည့် ဆရာဝန်သူငယ်ချင်းနှစ်ယောက်နှင့် ဘယ်သောအခါမှ ပြန်ဆုံကြမည်နည်း။ ရှေ့တန်းစစ်မြေပြင်ကိုရောက်နေသော အင်ဂျင်နီယာစစ်သည်သူငယ်ချင်းနှင့်လည်း အားလုံးပြန်ဆုံနိုင်ကြမလား မည်သူမှ မဟောနိုင်။ မပြောနိုင်။
ပုခုံးပေါ်ရောက်လာသော လက်တစ်စုံကြောင့် ကျွန်တော့်အတွေးတိုကလွင့်စင်သွားသည်။ လက်တစုံရောက်လာသော အသိနှင့်အတူ ပုခုံးပေါ်တွင် တပ်ဆင်ထားသော ကြယ်ပွင့်လေးများ၏ တာဝန်ဝတ္တရားများဆီသို့ အသိပြန်လည်ရောက်ရှိသွားသည်။
"သူငယ်ချင်း ကျော်စွာ.. မင်းရွေးချယ်ခဲ့မှုက မှားတယ်။ မှန်တယ်လို့မင်းကို ငါတို့ မပြောချင်တော့ပါဘူး။ ဒါပေမယ့်ကွာ.. ဖြစ်နိုင်ရင်တော့ မင်း ဒီအ၀န်းအ၀ိုင်းက ထွက်လာခဲ့ပြီး ငါတို့နောက်လိုက်ခဲ့ပါ။ မင်းအလုပ်ကြီးက ပင်ပန်းဆင်းရဲပြီး အသက်ကိုပါ အန္တရာယ်ရှိတယ်။"

ကျွန်တော့်သူငယ်ချင်း၏စေတနာကို နားလည်ပါသည်။ သို့သော်လည်း ပြုံးပြရုံလေးဖြင့်သာ …

"သူငယ်ချင်း ငါတို့ဆေးတပ်သားတွေက ပင်ပန်းဆင်းရဲကြတယ်ဆိုပေမယ့် ငါတို့ကိုယ်တိုင်ကိုယ်ကျ ပါဝင် မတိုက်ခိုက်နိုင်တဲ့ စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေသော တပ်မတော်သားတွေရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနေတဲ့သူတွေ။ ငါ့တာဝန်က အသက်ကို အန္တရာယ်ရှိချင်ရှိမယ်။ ဒါပေမယ့်ကွာ အသက်ကိုတောင် စွန့်လွှတ်ပြီးတိုက်ပွဲဝင်တဲ့သူတောင်ရှိတာ ငါတို့က ဘာလို့နောက်တန်းကနေ ရင်တုန်နေမလည်း။ တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေကို ကုသပေးရတာကို ငါ ဂုဏ်ယူမိတယ်ကွာ။ မင်းတို့နဲ့ တနေ့တော့ပြန်ဆုံမှာပါ။"

ယာဉ်တန်းကြီး တဆရ(၂)ကထွက်သည်အထိ မျက်စိတဆုံးတွင် ရပ်နေသေးသော သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း…
ငါတို့ဆေးတပ်မတော်သားတွေက ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ငါတို့အမိမြေအတွက် တတပ်တအား ပါဝင်နေကြသူတွေဆိုတာ မင်းတို့ တနေ့နားလည်ပေးနိုင်ကြပါစေ…


စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us