Monday, August 31, 2009

+ စာအုပ်လေးတစ်အုပ် နှင့်အတူ နှုတ်ဆက်ခြင်း


အပျော်များစွာဖြင့် တအိအိဖြင့် မောင်းနှင်နေသော တပ်မတော်သုံးစီးတော်ယာဉ်FAW ကားကြီးကို စီးကာ တပ်မတာဝန်ဖြင့် တပ်သားသစ်များကို အပ်ရန်လိုက်ပါလာခဲ့သော ခရီးစဉ်တစ်ခု.. မတွေ့တာကြာပြီဖြစ်သော ညီမငယ်နှင့် တွေ့ရတော့မည်ဟု အတွေးများဖြင့် ပျင်းရိဖွယ်ကောင်းလှသော ခရီးရှည်ကြီးသည်ပင်လျှင် ကျွန်ုပ်အတွက် ပျော်စရာဖြစ်နေခဲ့သည်။
တပ်သားစုဆောင်းရေးတပ်ရောက်ပြီး မိမိခေါ်ဆောင်လာသော တပ်သားသစ်များကို ဆေးစစ်ခြင်းနှင့် အခြားသော အမှုကိစ္စများကို ဆောင်ရွက်ရန် အလို့ငှာ ဗျာများနေသောကြောင့် ညီမငယ်ဖြစ်သူထံ ဖုန်းမဆက်သွယ်ဖြစ်ခဲ့။ ပေးစရာရှိသော လူကြုံများနှင့် လုပ်စရာရှိတာများကို ဆောင်ရွက်ပြီးလို့ သုံးရက်မြောက်တွင် ညီမငယ်ထံ ဖုန်းဆက်လိုက်မိသည်။

“မီးငယ်.. ငါ ရန်ကုန်ကိုရောက်နေတယ်။ သုံးရက်ရှိပြီ။ တပ်သားသစ်လာပို့တာ။ မနက်ဖြန်တော့ ပြန်မယ်။ မီးငယ်ကို လှမ်းပြောတာ။ “
“အင်း.. အဆင်ပြေရဲ့လား။”

တဖက်မှ လေးတိလေးကန်သော ဖြေသံလေးကို အားရစရာကြားရသည်။ မည်သို့ပင်ဖြစ်စေကာမူ မီးငယ်အတွက်လက်ဆောင်ပေးရန် ကျွန်တော်ဝယ်ထားသော စာအုပ်လေးကို ပေးခဲ့ချင်သည့်အတွက် ဖုန်းဆက်မိခြင်းဖြစ်သည်။

“မီးငယ်အတွက် လက်ဆောင်တစ်ခုပါလာတယ်။ စာအုပ်လေးတစ်အုပ်ပါ.. ယောနသံဇင်ယော။ မီးငယ် ဖတ်ဘူးလား။”
“ဖတ်တော့ မဖတ်ဘူးဖူး။ ကြားတော့ ကြားဖူးတယ်။”
“အေး. မီးငယ် ဆီ ပို့ပေးလိုက်မယ်။ မနက်ဖြန် မီးငယ်ကို လာခိုင်းရမှာလဲ အားနာတယ်ကွ။ ဒီဖက်ကိုက ဝေးတယ်လေ။ ငါ့ ဖာသာ ငါ စာတိုက်ကပဲ ပါဆယ်ပို့လိုက်ပါတော့မယ်ဟာ…”

ကိုယ်တိုင်ကိုယ်ကျပေးချင်သော်လည်း မတတ်သာသည့်အခြေအနေ၊ မီးငယ်ကိုလည်း အဝေးကြီးကို မလာခိုင်းရက်ပါ။ တွေ့ချင်သော ဆန္ဒတစ်ခုကို ချိုးနှိမ်ကာ ဖြစ်သင့်သော လုပ်ဆောင်မှုကိုသာ လုပ်ရပေတော့မည်။

“ကိုကြီးက မနက်ဖြန် ဘယ်အချိန်ပြန်မှာလဲ.. တပ်သားတွေကို ကားနဲ့တင်လွှတ်လိုက်ပြီးရင် ပြီးပြီမဟုတ်လား။ ညကျတော့မှ ကိုယ့်ဖာသာကို လိုင်းကားနဲ့လိုက်ပြန်ပေါ့။ ဇိမ်လေးနဲ့ အေးအေးလူလူတောင်ပြန်ရသေး..”
“ငါက တပ်ကတာဝန်နဲ့လာတာ။ ဒီလိုလုပ်လို့မရဘူးလေ။ တပ်မက ကားကိုတာဝန်ခံပြီးယူလာတာလေ။ ငါ ဘယ်လိုလုပ်နေခဲ့လို့ရမလဲ။ ဘယ်အချိန်ပြန်မယ်ဆိုတာကလဲ ကြိုပြောလို့မရဘူး။ ဒီမှာကိစ္စ၀ိစ္စတွေ ပြီးတာနဲ့ချက်ချင်းကောက်ပြန်မှာ။ မှန်းထားတာကတော့ ထမင်းစားပြီးတော့လောက်ပေါ့။”
“ကိုကြီးကလည်း အချိန်တခုသတ်မှတ်ပြီးတော့ ပြန်ပေါ့။ အချိန်အတိအကျပြောလေ..”
“မီးငယ်..တပ်မတော်မှာ ဟိုအချိန်ရယ် ဒီအချိန်ရယ်ဆိုပြီး ကိုယ်ပိုင်သတ်မှတ်ခွင့်မရှိဘူး။ အထက်ကအမိန့်အတိုင်း ခုပြန်ဆို ခုပြန်ရ။ မပြန်နဲ့နေဦးဆိုလည်း နေရမှာပဲ။ နင့်အစ်ကို ငါ စစ်သားဆိုတာ မမေ့နဲ့ဦး။ အေး.. ငါပြန်တော့မယ်ဆိုတာ နှုတ်ဆက်တာပါ။”

တဖက်မှ “အင်း”တစ်လုံးသာ ပြောပြီး ဖုန်းချသွားလေပြီ ကျွန်တော့်လက်ထဲတွင် ကိုင်ထားသော သူ့မအတွက် စာအုပ်လေးသည် ကျွန်တော့်ကို လှောင်ပြုံးကလေး ပြုံးပြနေသည်။
နောက်တစ်နေ့ ကိစ္စ၀ိစ္စများပြီးလို့ တပ်မတော် FAW ကားကြီး၏ လေးလှစွာသော တံခါးကြီးကို လေးကန်သော လက်များဖြင့် ပိတ်လိုက်ပြီး မ၀ံ့ရဲသော အကြည့်များဖြင့် လက်မှနာရီကို ကြည့်မိလိုက်သည်။ အချိန်ကား နေ့လည်တစ်နာရီထိုးလေပြီ။
နေ့လည်။ ၁း၀၀
“ကဲ… ဆရာကြီးရေ။ စထွက်ရအောင်”

ကျွန်တော်တို့ကားကြီးသည် တညင်းကုန်းလမ်းဆုံသို့ ထွက်လာခဲ့ပြီး ဌာနေတပ်သို့ တရွှေ့ရွှေ့ ပြန်လည် ထွက်ခွာလာခဲ့သည်။
ည။ ၁၀း၀၀
“ဟယ်လို… “

အိပ်ချင်မူးတူးအသံတစ်ခုဖြင့် ထူးသော ညီမငယ်အသံ။

“ငါပါ မီးငယ်။ ငါတပ်ပြန်ရောက်ပြီဆိုတာ လှမ်းပြောတာပါ။ ငါမနက်ဖြန်ရှေ့တန်းထွက်ရမယ်။ နေ့လည်ကတည်းက လှမ်းဖုန်းဆက်တယ်။ မနက်က ငါ့ကို တပ်က အားချင်းပြန်လာပါဆိုလို့ မီးငယ်ဆီ ဖုန်းဆက်တာလှမ်းပြောတာ ဖုန်းပိတ်ထားတယ်”
“ဟုတ်လား.. မီးငယ်က ဒီနေ့ စုဆောင်းရေးတပ်ကို ရောက်သွားတာ။ ကိုကြီးကို လာရှာတာလေ။ ဟိုရောက်တော့ ကြောင်တောင်တောင်နဲ့ လိုက်မေးတာလဲ ဘယ်သူမှ မသိဘူး။ တော်သေးတယ် သူငယ်ချင်းတစ်ယောက်ပါလို့။ မီးငယ်းက ကိုကြီးအတွက် ၀ယ်ထားတဲ့ စာအုပ်လေး လာပေးတာပါ။ တက္ကသိုလ်ဘုန်းနိုင်.. ညနက်နက်မှာလထွက်ခြင်း စာအုပ်လေ”
“ဟင်.. မီးငယ် က ဘယ်အချိန်ရောက်လာတုန်း။”
“၁း၁၅ လေ.. လမ်းမှာ မိုးတွေ အရမ်းသည်းလို့ ဖြေးဖြေးမောင်းလာရတာလေ။”

ကျွန်တော်၏ ဖုန်းကိုင်ထားသော လက်များသည် အေးခဲသွားသလိုခံစားလိုက်ရသည်။ ကံကြမ္မာကြီးက မျက်နှာသာမပေးပါချေ။ ကိုရီးယားကားများ၏ အလွဲများကို ကြည့်တိုင်း မဖြစ်နိုင်ဟု ဝေဖန်ကဲ့ရဲ့ခဲ့သော မိမိကို ကိုရီးယားမင်းသား၊ မင်းသမီးများကပင် နည်းတောင်နည်းသေးဟု လှောင်ရယ်နေသကဲ့သို့ပင်တွေးမိသည်။ သူမအတွက် ပေးခဲ့ချင်သောစာအုပ်”ယောနသံစင်ရော်”နှင့် သူမဆီမှ ကျွန်တော့်အတွက် ပေးချင်သာ စာအုပ်”ညနက်နက်မှာ လထွက်ခြင်း”။

“ရှေ့တန်းကို ပို့ပေးလိုက်မယ်လေ.. ကိုကြီး ဖတ်လို့ရတာပေါ့။ ဘုရားတရာလည်း မမေ့နဲ့နော်။ မေတ္တာသုတ်လေးဘာလေးရွတ်နော်။”

“အင်းပါ မီးငယ်ရယ်။ စာအုပ်ကတော့ နင်သာသိမ်းထားလိုက်ပါ။ ငါ အသက်မသေပဲပြန်လာရင် ငါကိုယ်တိုင် မီးငယ်ဆီက လာပြန်ယူမှာပါ။ ငါ့ကို သတိရရင်တော့ စစ်သည်တို့လိုရာတေးကဏ္ဍမှာသာ သီချင်းလေးတောင်းပေးလိုက်ပါ။ ငါရဲ့ ရေဒီယိုအိုလေးက ဒီအချိန်တော့ အသုံးဝင်လောက်ပါပြီ။”

ရှေ့တန်းစစ်မြေပြင်သို့ မသွားမှီ ဖြစ်ပျက်သွားသောအမှတ်တရလေးကို ရေးသားဖော်ပြလိုက်ပါတယ်။ ညီအစ်ကိုများလည်း ကျွန်တော့်ကဲ့သို့ ကိုရီးယားအလွဲလေးများ မတွေ့ကြုံကြပါစေနှင့်ဟု ဆုတောင်းရင်း…။
စာဖတ်ပရိသတ်များကိုလည်း ကျွန်တော် ရတခမှ ဒီအမှတ်တရအဖြစ်အပျက်ဆောင်းပါးလေးဖြင့် နှုတ်ဆက်ခဲ့ပါသည်။
လေးစားစွာဖြင့်
တချိန်က (ရတခ)

စာအပြည့်အစုံသို့….

Sunday, August 23, 2009

+ အိမ်သာဋီကာ


မိတ်ဆွေကြီး ကိုရင်ညိန်း၏ အီးဋီကာကို ဖတ်ထားဘူးလေရာ မိမိအလှည့်တွင်လည်း မည်ကဲ့သို့ နှီကာရေးရန် တွေးမရ ဖြစ်ခဲ့ရဖူးလေသည်။ ယခုတော့ တိုက်တိုက်ဆိုင်ဆိုင်.. ကိစ္စတစ်ခုဖြစ်ပျက်ခဲ့တာလေးကို အမှတ်တရ ပြန်ပြောင်း ပြောရလေတော့မည်။

အချိန်ကား စာရေးသူ ကိစ္စရပ်တစ်ခုဖြင့် ဟဲဟိုးသို့လေယာဉ်ဖြင့် လိုက်ပါလာခဲ့သည်။ လေယာဉ်ပေါ်ရှိအိမ်သာ၏ လူမအားမှုများကြောင့် အောင့်ခြင်း အမျိုးမျိုးဖြင့် အောင့်ကာ လေယာဉ်ဆိုက်သည်အထိ သည်းခံပြီး အပေါ့သွားချင်သော စိတ်ကို ချုပ်တည်းခဲ့ရလေသည်။ Luggage များကို ရွေးရန် စောင့်ဆိုင်းနေချိန်တွင် အနားရှိ လေဆိပ်အိမ်သာသို့ အပြေးတပိုင်း ထွက်လာခဲ့သည်။ အိမ်သာအတွင်းသို့ရောက်ပြီး အတန်ငယ်အကြာတွင် အလေးစွန့်သော အခန်းများဆီမှ
"ဟေး..ဟေးဟေး.. ဟေး….ဟေးဟေး"
စာရေးသူလဲ အနဲငယ်တော့ ကြောင်တောင်တောင် ဖြစ်ယုံတင်မက ကြောက်သလိုလိုပင်ဖြစ်မိသွားသည်။ နေ့ခင်းကြောင်တောင် သရဲခြောက်ခြင်းတော့ မဖြစ်နိုင်ဟု စိတ်ကို တင်းကာ လက်ဆေးကန်ဖက် ထွက်လာချိန်တွင်.. ။ ထို အသံမျိုးစုံထွက်သော အခန်းမှ ဦးကြီးတစ်ယောက်ထွက်လာလေသည်။ မျက်နှာကြီးကလည်း ပြုံးပြုံး၊ ပြုံးပြုံး။ ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ် ဆိုသကဲ့သို့ သူကရှက်ရှက်ဖြင့် ပြောပုံရသော လေသံကြီးဖြင့်..
"အေးကွာ.. အိမ်သာတံခါးချက်တွေက မကောင်းဘူးထင်ပ။ ပိတ်မရလို့ အပြင်က တစ်ယောက်လာဖွင့်မှာ စိုးလို့ကွာ အသံပြုနေရတယ်။"
စာရေးသူလည်း အိမ်သာအပြင်ရောက်မှသာ အသံထွက်ရယ်နိုင်လေသည်။ ဤဦးကြီးသင်ပေးခဲ့သော အိမ်သာဂျက်ပြသနာဖြေရှင်းနည်းကို ချစ်သူလေးကိုတောင် သင်ပေးခဲ့မိသည်။ စာဖတ်သူမျာလည်း ဤနည်းကို လိုသလိုသုံးကြနိုင်စေရန် ဝေမျှလိုက်သည်။

စာရေးသူ၏ညီမငယ်ပြောပြဖူးသော အိမ်သာနှီကာလေးကို ပြန်လည်တင်ပြရလျှင်.. အချိန်ကား အထက်အရာရှိကြီးလမ်းကြောင်းရှိခြင်းကြောင့် တပ်ရင်းတပ်မ အရာရှိအရာခံစစ်သည်များအာလုံး မအားနိုင်အောင် ရှိကြလေသည်။ မိတ်ဆွေကြီးG3 တစ်ယောက်လည်း အထက်လူကြီး နားနေမည့်နေရာတာဝန်ကို ယူရလေသည်။ မိတ်ဆွေကြီးလည်း အစစအရာရာစီစဉ်စရာများကို စီစဉ်ပြီးချိန်တွင် နောက်ဆုံး အိမ်သာဆီသို့ အသိရောက်သွားသည်။ မိတ်ဆွေကြီးလည်း အိမ်သာကို အနံအသက်ကင်းစင်ရုံတင်မက အစစအရာရာသန့်ပြန့်စေရင်တွေးရင်းတွေးရင်း အိမ်သာရေဆွဲသော ရေအတွင်းသို့ အမွေးအိတ်ချိတ်ရန် စိတ်ကူးရမိလေသည်။ စိတ်ကူးအတိုင်းပင် လက်တွေ့လုပ်ဆောင်မှုကို ဆောင်ရွက်ပြီး ကျေနပ်မှုများဖြင့် စီစဉ်မှုများကို အဆုံးသတ်ခဲ့သည်။ အထက်လူကြီးလည်း တပ်သို့ရောက်လာပါပြီ။ သြ၀ါဒခံယူမှုများ၊ တွေ့ဆုံမှုများနှင့် လုပ်ငန်းစဉ်ရှင်းလင်းမှုများ ပြုလုပ်ပြီးချိန်များအပြီးတွင် ခရီးတစ်ထောက်ဆက်လက်မထွက်ခွာခင် ရေအိမ်ကို အသုံးပြုလေသည်။ ထို့နောက် အထက်လူကြီးလည်း ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာသွားခဲ့သည်။ မိတ်ဆွေကြီးလည်း ပင်ပန်းမှုများကို အနားယူရန် အဆောင်သို့သွားမည်အပြု… ပြသနာက စပါပြီ။ တင်လိုက်ရသော ထုချေလွှာ.. ဖြေရှင်းလိုက်ရသော စကားလုံးများ…

ဖြစ်ပုံကတော့.. မိတ်ဆွေကြီးက ရေအိမ်သုံးပြီး ရေဆွဲလျှင်တောင် မွေးပျံ့စေရန် သုံးလိုက်သော ဆေးရည်အိတ်သည် ချိတ်ထားသော နေရာမှ ပြုတ်ကျကာ..ရေဆွဲပေါက်၏ ရေထွက်ပေါက်ကို ကွက်တိကို ပိတ်မိတာ ရေဆွဲမရသော ပြသနာဖြစ်ပေါ်ခဲ့လေသောကြောင့်ပေတည်း။

စာဖတ်သူများလည်း သတိကြီးစွာဖြင့် ရေအိမ်ကို အလှအပဆင်နိုင်ကြပါစေရန် ရည်သန်ပြီး ရေးသားလိုက်ပါသည်။

စာအပြည့်အစုံသို့….

Saturday, August 15, 2009

+ ဗိုလ်လောင်းဘ၀နှင့် Outpass

dsta logo in myanmar Pictures, Images and Photos


နွေရာသီဟုခေါ်တွင်သော်လည်း ပြင်ဦးလွင်နွေဥတုကတော့ အေးစိမ့်စိမ့်လေးတော့ ရှိနေလေသည်။ တနေ့ညကတည်းက အမေ့နှင့် အဆက်အသွယ်ရပြီး လူက ပျော်သလိုလို ဖြစ်နေသည်။ လူကြုံပစ္စည်းနှင့် စားစရာများပို့လိုက်သည်။ မစားရတာကြာလေပြီဖြစ်သော ပုဇွန်ဟင်းနှင့် ချောကလက်များ ထည့်ပေးလိုက်သည်တဲ့…

မနက်ဖြန်ကို မြန်မြန်ရောက်ချင်နေမိသည်။ ပစ္စည်းများကို သယ်လာမည့်သူလေးကလည်း ကျွန်တော်၏ ငယ်သူငယ်ချင်းလေး။ ရင်ခုန်ခြင်း အလျင်းမရှိကြသေးသော် ကျွန်တော်တို့နှစ်ယောက်၏ ခင်မင်မှုသည် မိဘများက ဘာလိုလိုပြောထားသောကြောင့် အိုးတိုးအန်းတန်းတော့ဖြစ်သည်မှာ အမှန်ပင်။ သူမနှင့် မတွေ့သည်မှာ ဒီကိုရောက်ပြီး နှစ်နှစ်လောက်ရှိပြီ ကျွန်တော်လည်း ဒုတိယနှစ်ဗိုလ်လောင်းဘ၀ရှေ့တစ်လက်မ နောက်ပြောင်ဘ၀ဖြင့် သူမကို တွေ့ရမည်ဆိုသောကြောင့် အနည်းငယ်တော့ ရှက်မိသည်။

နေကြာရိုင်းများကို ရှင်းနေရင်းဖြင့် သူမအကြောင်းများကို စိတ်ကူးပေါက်ရင်းတွေးနေမိသည်။ ဧည့်တွေ့လာကြသူများတွင် ကျွန်တော့်ဘ၀တွင် မိန်းကလေးသူငယ်ချင်း လာရောက်ခြင်းမရှိခဲ့သေးသောကြောင့် သူမရောက်လာမည်ကိုပင် ရင်ခုန်သလိုလိုဖြစ်နေသည်။ သူငယ်ချင်းအချို့ကိုလည်း နည်းနည်းတော့ ကြွားလုံးလေး ထုတ်ထားမိလိုက်သည်။ ယခင်နေ့များက အလွန်တရာမှ ကြည့်မရသော နေကြာရိုင်းပင်များသည် ယနေ့တွင်မူ လှပနေသလို ခံစားမိလိုက်သည်။ နေကြာရိုင်းပင်များကို ကိုယ်လုံးများဖြင့် ပစ်တိုက်ပြီး လှဲနေသည်ကိုပင် နမြောသလိုလိုခံစားရလာသည်။

မနက်ခရာမှုတ်သံကိုပင် နောက်ကျနေသလိုလို။ မနက်PT ပြေးပြီး ပြန်လာချိန်တွင် မိုးကြိုးပစ်သလိုကြားလိုက်ရသော အမိန့်ကြောင့် အပျော်များသည် အရည်ပျော်သွားခဲ့လေပြီ။ ယနေ့ညနေတွင် Dinner ပွဲရှိသည်။ အထက်အရာရှိကြီးအချို့လာမည်။
Outpass လည်းပိတ်.. ဧည်တွေ့လည်း…ဂျိတ် ။

သေလေပြီ သူမက ဒီနေ့မနက်မှ ရန်ကုန်မှ မန္တလေးလို့ရောက်မည်။ နေ့လည်လောက်မှ တက်လာမည်ဆိုပါက ညနေဧည့်တွေ့ချိန်မှဖြစ်မည်….သွားလေပြီ။ ကျွန်တော့် အတွေးများ အပျော်လေးများသည်… ဇော်ဝင်းထွဋ် ၏ သီချင်းဘ၀သို့ရောက်လေပြီ။ တနေ့တာကြီးကလည်း မကုန်နိုင်တော့သလိုလို.. တနေ့လုံးလည်း လူနှင့်စိတ်နှင့်မကပ်.. နာရီလက်တံလေး လေးနာရီထိုးနေချိန်ထိ ရင်ထဲက အလုံးက တင်းခံနေသလိုလို။ ထမင်းစားစဉ်ကလည်း ဇွန်းပြန်ခုန်ဟင်းနှင့် စားထားတာတောင်.. အရိုးစူးသလိုလို လည်ချောင်းထဲတွင် နင်တင်တင်။ အဆောင်ပေါ်မှပဲ အဝေးကို ခပ်ဆွေးဆွေးတွေးငေးနေမိစဉ်..

"ဗိုလ်လောင်း xxxxx ဘယ်မှာလဲ… ညီ။"

ခပ်မာတင်းတင်းအသံတစ်ခုထွက်လာသောကြောင့် ကျောတောင်ချမ်းသွားသည်။ လှည့်ကြည့်လိုက်ချိန်တွင် အရပ်ဝတ်ဖြင့် အရာရှိရုပ်သွင်ပြင်နှင့် အစ်ကိုကြီးတစ်ယောက်။

"ကျွန်တော်ပါ။"

လက်ကလည်း ဗိုလ်လောင်းတို့ထုံးစံအတိုင်း လက်သီးလေးတစ်ဆုပ်ဆုပ် သတိလေးဆွဲပြီး ပြန်ထူးလိုက်သည်။

"အေး ဒါဆို အစ်ကိုနဲ့ ခဏလိုက်ခဲ့ကွာ။ ဖြစ်တယ်မလား။ ညီတို့ Dinner အချိန်ကလိုသေးတယ်မလား။"
"ဟုတ်"

လက်ကလည်း အသင့်အနေအထားပင် သူငယ်ချင်းတစ်ယောက်၏ တိုက်ပုံအမည်းလေးကို လှမ်းဆွဲလိုက်ကာ အမြန်ဝတ်ပြီး လာခေါ်သော အစ်ကိုကြီးနောက်သို့ အပြေးတစ်ပိုင်းလိုက်ခဲ့လေသည်။ လိုင်းခန်းများနှင့် ကပ်နေသော အဆောင်တစ်ခုအနီးသို့ရောက်ချိန်တွင် ပြုံးပြနေသာ အပြုံးတစ်စုံကို သူမြင်လိုက်ရချိန်တွင် တော်တော်လေးကို ပျော်မိသည်။ သူငယ်ချင်းမလေး…
သူမနှင့်အတူ သူမအစ်မ၀မ်းကွဲတစ်ယောက်။ ထို့နောက် အရပ်ဝတ်ဖြင့် အရာရှိရုပ်သွင် အစ်ကိုနောက်တစ်ယောက် ဆိုင်ကယ်နှစ်စီးဖြင့်…

"ဟဲ့ xxxxx နင့်ကို လာတွေ့ရတာလည်း အက်ရှင်ကားရိုက်နေရသလိုပဲ။ ငါတို့ကို ဧည့်တွေ့မပေးဘူး။ ဒါဆိုလည်း ပစ္စည်းပါးလိုက်မယ်ဆိုတော့လည်း ဂိတ်ဝမှာ အပတ်စဉ်( xxx ) က အစ်ကိုကြီးက သူ့အပတ်စဉ်ကြီး ထုတ်ပြောပြီး ငါ့အစ်ကိုတွေတောင် အဆူခံလိုက်ရသေးတယ်။ နင့်အတွက်လူကြုံကလည်း ဒီနေ့မပေးလို့ မဖြစ်တော့ဘူးလေ။ ချောကလက်တွေဆိုတော့ အရည်ပျော်ချင်ချင်ဖြစ်နေပြီ ဒါတောင် ငါ မန္တလေးမှာ ခဏ အအေးပေးထားသေးလို့။ မနက်ဖြန်လဲ ငါက မန္တလေးပြန်ဆင်းမှာလေ နင့်ကို တွေ့ချင်လို့ တက်လာလိုက်တာ။"

သူမသည် တရစပ်စကားများကို ပြောလည်းပြော ပစ္စည်းများလည်း ထုတ်ပေးလေသည်။ သူမအစ်မနှင့် ကျန်အစ်ကိုတစ်ယောက်ကတော့ ခပ်ပြုံးပြုံး။

"နင်ဘယ်လိုဝင်လာတာလဲ.. ဒီနေရာကြီးကို။ ငါလည်း နင့်ကို ဘယ်လိုဆက်သွယ်ရမှန်းမသိလို့ နင်တော့ ကျောင်းရှေ့မှာ ယောင်ချာချာဖြစ်နေပြီ ထင်နေတာ။ တော်သေးတယ်ကွာ.."

"ဟယ်.. ငါ့အစ်ကိုတွေ သိလို့ပေါ့။ သူတို့ပို့ပေးလို့သာပေါ့။ ထားပါ..ဒါတွေ။ နင်နောက်ကျနေမယ် ပြန်တော့လေ။ မဟုတ်ရင် အထိုးခံနေရအုံးမယ်။"

လက်က နာရီလေးကို ခေတ္တမျှပင်ရပ်ထားခွင့်ရချင်သွားသည်။ သူမသည် မိုင်ပေါင်းများစွာ ဝေးသော နေရာလေးမှ ကျွန်တော့်ထံသို့ ရောက်အောင် လာခဲ့လေသည်။ အစ်ကိုတော်များကိုပင် ကျေးဇူးတင်ရမလိုလို။

"ညီ.. မင်း ပြသနာတက်မယ်။ ပြန်တော့ကွ။"

လာခေါ်သော အစ်ကို သတိပေးမှ သူငယ်ချင်းမလေးကို နှုတ်ဆက်ကာ အဆောင်များဆီကို သုတ်ခြေတင်ရသည်။ လည်ပင်းတွင် နင်နေသော အရိုးလေးကတော့ ကျသွားပါသည်။ သို့သော် ခံစားချက်တစ်ခုကတော့ ထိုအဆောင်လေးရှေ့တွင် အမှတ်တရ ကျန်ခဲ့လေသည်။

(ဗိုလ်လောင်းလေးများ၏ ဘ၀ကို နားလည်ပေးနိုင်စေရန် ဒီဆောင်းပါးလေးဖြင့် ချစ်သူဗိုလ်လောင်းလေးကို စိတ်ခုနေသော ညီမလေးတစ်ဦးကို တောင်းဆိုချင်ပါသည်။)


စာအပြည့်အစုံသို့….

Sunday, August 2, 2009

+ လယ်ထဲရောက် စစ်သားလေးကျွန်တော်


“ထွန်တုံးကိုတဲ့ ခြေတော်တင် နွားကြန်စုံနှင် x x x x x “

ငယ်ငယ်တုန်းက သင်ခဲ့ရသော သီချင်းလေးကို ငြီးရင်း တပ်ပိုင်လယ်ကွင်းများဆီသို့ ခြေဦးလှည့်မိသည်။ ဒီနေ့တာဝန်က စပါးခင်းများ စစ်ရမည်။ ထို့နောက် မွေးမြူရေးကွင်းတစ်ခုကို စစ်ရမည်။ တပ်ရင်းရုံးက ထွက်လာကတည်းကတော့ Plan A , Plan B နှင့် ဟုတ်သလိုလို။ လယ်ထဲရောက်တော့ ငုတ်တုတ်မေ့ပြီ။

လယ်ကွက်များက အငှားချထားပြီး လုပ်ခြင်း မဟုတ်သောကြောင့် တနိုင်တပိုင်လုပ်ကိုင်ကြရခြင်းဖြစ်သည်။ ကွင်းထဲ ကြည့်လိုက်ချိန်တွင် အလုပ်လုပ်နေသော သူများက မိမိရဲဘော်များ။ မိမိလည်း မနေသာ မကြည့်ရက်။ လယ်ကန်သင်းရိုးပေါ်မှ နေ၍ ဟိုလိုလုပ်ပါလား….ဒီလိုလုပ်ပါလား….ဟုလည်း အချိုရည်ကြော်ငြာလည်း မရိုက်ချင်။ ဒီတော့ ကိုယ်တိုင်ကွင်းဆင်းရလေပြီ။

ဝတ်လာသော ယူနီဖောင်းလေးက ခပ်နွမ်းနွမ်းဖြစ်နေခြင်းကိုပင် ကြိတ်ကျေးဇူးတင်နေမိသည်။ အကျီ င်္ကိုသင့်ရာနေရာတွင် ချိတ်ပြီး ဘောင်းဘီကို ဒူးအထက် ခေါက်တင်ကာ လယ်ကွင်းထဲသို့ ဆင်းလိုက်သည်။ ဆရာကြီးတစ်ယောက်က လှမ်းအော်လေသည်။
"ဗိုလ်ကြီး… ဟာ မလုပ်ပါနဲ့ဗျာ။ ကျွန်တော်တို့လုပ်လည်း ရပါတယ်။"
"မထူးပါဘူး ဆရာကြီးရာ။ တစ်ယောက်ပြီးတော့ အလုပ်မြန်မြန်ပြီးသပေါ့။ ကျွန်တော်လည်း လုပ်ဖူးသွားတယ်ပေါ့ဗျာ။"

တခင်းစာ ပျိုးကျဲပြီးသည်နှင့် ခြေလက်ဆေးပြီး မွေးမြူရေးရှိရာသို့ လှမ်းလာခဲ့လိုက်သည်။ မွေးမြုရေးဆိုလို့ နွားတို့ ကြက်တို့ ၀က်တို့တော့ မဟုတ်ဘူးခင်ဗျ။ မဟာပညာကျော် တီကောင်မွေးမြူရေးစခန်းတစ်ခုပင်ဖြစ်သည်။ တီကောင်ရိုးတိုးရွတလေးများ ပေါက်ဖွားနှုန်းကိုမှတ် နားမလည်သေးသည်များကိုလည်း မေးမြန်းပြီး ခန်းစက်ရာအဆောင်ဆီသို့ ခပ်သွက်သွက်ပင်ပြန်လာခဲ့သည်။ မိုးလေးများက တဖွဲဖွဲကျနေသောကြောင့် ပျိုးကျဲထားသော လယ်ကွင်းလေးဆီကိုပင် အလွမ်းပြေကြည့်ခဲ့မိသည်။ ကိုယ်တိုင်စိုက်ပျိုးခဲ့သော လယ်ကွင်းကြီး သီးပွင့်သည်အထိ မိမိမြင်နိုင်ပါအုံးမည်လား။

အင်း…. မိမိတို့ စစ်သားဘ၀က အတည်တကျပြောလို့ ဒီနေ့တွေ့ရပေမယ့် နောက်နေ့တွင် မတွေ့နိုင်တော့ပေ။မိုးသားများ တလိပ်လိပ်ကျဆင်းသွားပြီး လေငြိမ်သွားချိန်တွင် အောက်လင်းဓါတ်မီးကြီးကို ဆွဲ၍ ဆက်သွယ်ရေးဖုန်းလေးရှိရာသို့ အသော့နှင်ခဲ့လေသည်။ သူငယ်ချင်းများဆီကို ဖုန်းအိုကြီး တဂစ်ဂစ်နှင့် ဆက်ပြီးသွားချိန်တွင် ညီမလေးဆီကို ဖုန်းဆက်လိုက်မိသည်။

ယာယီတပ်ခွဲမှူးဘ၀ အတွေ့အကြုံများကို ပြောပြမိရာတွင် ရယ်လိုက်သော ညီမလေး.. အူတောင် တက်လောက်တယ်။ အော်… တစ်ချိန်က စစ်မြေပြင်မှာ ရန်သူတွေကို ခြေမှုန်းချိန်ကလည်း ကျွန်တော်ပါပဲ။ တိုင်းရုံးပေါ်တွင် ပန်ကာလေးအောက်တွင် အလုပ်ရှုပ်ခဲ့သူကလည်း ကျွန်တော်ပါပဲ။ ယခုလယ်စိုက်ပြီး တီကောင်မွေးနေတာလည်း ကျွန်တော်ပါပဲ…

ဘ၀ဖြစ်ပုံဆန်းကျယ်အားလုံးကတော့ စစ်သားဘ၀တွင် အတွေ့အကြုံများပင်ဖြစ်ပေတော့သည်။

တချိန်က ရတခ

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us