Thursday, November 19, 2009

+ တောင်ခြေမှာ နေကွယ်တော့မည်လား



တာဝန်လေးတစ်ခုဖြင့် မွန်ပြည်နယ်၊ သထုံမြို့သို့ရောက်ရှိလာခဲ့ပါသည်။ ကိစ္စတာဝန်များပြီးသို့ အရှေ့အရပ်ကတောင်ကြီးကို ကြည့်ပြီး သွားချင်စိတ်တွေ ပေါ်လာခဲ့မိသည်။ ထိုတောင်ကတော့ သထုံမြို့၏ ကျက်သရေဆောင်တစ်ခုဖြစ်သော မြသပိတ်တောင်တော်ဖြစ်ပါသည်။ တောင်ခြေရောက်သည်အထိ မြသပိတ်ဘုရားလမ်းလေးအတိုင်း ရောက်လာခဲ့ပါသည်။ လမ်းလေးအဆုံးမှာတော့ တောင်ပေါ်သို့တက်နိုင်သော လှေကားဆောင်းတန်းလေးတစ်ခုကို တွေ့မြင်ရသည်။ လက်ကနာရီကို ကြည့်လိုက်တော့ နေ၀င်တော့မည်။ ဒီဆောင်းတန်းကိုကြည့်လိုက်တော့ အခြေအနေမကောင်း မျက်စိတစ်ဆုံးထိတောင် ဆောင်းတန်းက မဆုံးသေး။ တောင်တော်က တော်တော်မြင့်သည်။ ဘေးဘီဝဲယာကြည့်လိုက်တော့ သစ်သားဆိုင်းဘုတ်လေးဖြင့် တောင်တက်ကားလမ်းတဲ့။ ၀မ်းသာအားရပင် အနီးရှိဖြတ်လာသော လူတစ်ယောက်ကို မေးကြည့်တော့ ဟုတ်ပါသည်..တောင်တော်ပေါ်သို့ ကားလမ်းပေါက်ပါသည်။ ၀မ်းသာအားရပင် ဆိုင်ကယ်ကို တောင်တက်ကားလမ်းဘက်သို့ ဦးလှည့်လိုက်ကာ မောင်းထွက်လာခဲ့သည်။ မောင်းလာတုန်းကတော့ အ၀င်မုခ်ဦးလေးတစ်ခုအောက်မှ ၀င်ခဲ့သော်လည်း ဘာမုခ်ဦးဆိုတာ သေချာမဖတ်လိုက်မိ။ အနည်းငယ်မောင်းမိတော့မှ သထုံမြို့နယ် ဘိုးဘွားရိပ်သာဆိုသည် မုခ်ဦးနှင့် အ၀န်းအ၀ိုင်းလေးကို ဘိုးဘွားများ ရုပ်ထုများဖြင့် တွေ့မြင်လိုက်မှသာ ဘိုးဘွားရိပ်သာနားကိုရောက်မှန်း သတိထားမိလိုက်သည်။ သို့သော်လည်း အမှုမဲ့အမှတ်မဲ့သာ ကြည့်လိုက်ပြီး မိမိလိုရာခရီး မြသပိတ်တောင်တော်ပေါ်သို့ တက်ခဲ့လေသည်။

မြသပိတ်တောင်ပေါ်ရောက်တော့ ပတ်ဝန်းကျင်ရှုခင်းသည် တော်တော်ကို ကြည့်ကောင်းလှသည်။ ကရင်ပြည်နယ်အ၀င်လမ်းလေးများနှင့် တောတောင်များ၊ မော်လမြိုင်သို့သွားသောလမ်းမကြီး၊ ရန်ကုန်သို့သွားသော လမ်းမကြီးများ၊ အင်္ဂလိပ်ခေတ်ကဖောက်လုပ်ခဲ့သော လေယာဉ်ကွင်းဟောင်း နှင့် သထုံမြို့တို့သည် တောင်တော်ခြေရင်းတွင် အေးဆေးတိတ်ဆိတ်စွာတည်ရှိနေသည့် မြင်ကွင်းတို့သည် အလွန်မှ ရှုမငြီးလှပေ။ ရှုခင်းများကို ကြည့်ပြီး မိမိတက်လာသော တောင်ခြေကားလမ်းလေးရှိရာ မြသပိတ်တောင်ခြေကားလမ်း အစနေရာလေးကို လှန်းကြည့်မိသည်။ တစ်ထပ်တိုက် အဆောက်အအုံလေးများနှင့် တန်းလျားများသဖွယ် ဆောက်လုပ်ထားသော သထုံသုဝဏ္ဏဘူမိဘိုးဘွားရိပ်သာနေရာကို မြင်တွေ့နေရသည်။ တောင်တော်ပေါ်မှ ပြန်ဆင်းတော့ ဘိုးဘွားရိပ်သာကို နောက်တစ်ခေါက်ထပ်လာရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ကံအားလျော်စွာ နောက်တစ်နေ့တွင် အလုပ်ကိစ္စက စောစီးစွာပြီးစီးသောကြောင့် ဘိုးဘွားရိပ်သာဖက်ခြေဦးလှည့်ခဲ့သည်။ ဘွားဒေါ်ဦးဇွန်းတည်ထားခဲ့သော သထုံဘိုးဘွားရိပ်သာတွင် အဖိုး၊ အဖွားမြောက်မြားစွာ မရှိပါ။ ကျွန်တော်ရောက်ရှိချိန်တွင် စုစုပေါင်း ၁၅ဦးသာရှိပြီး ဂေဟာမှုးအပါအ၀င် ၀န်ထမ်း သုံးဦးသာဖြစ်သည်။ ဂေဟာမှူးပြောပြချက်အရတော့

"ဂေဟာမှာ လာနေဖို့ လာတဲ့သူတွေရှိတယ်။ ဒါပေမယ့် ဂေဟာက သိပ်မပြည့်စုံတော့ အစစအရာရာ ကိုယ်ထူကိုယ်ထု ပုံစံမျိုးလုပ်ရမှုကြောင့် ကြာကြာမနေနိုင်ဘဲ ထွက်သွားကြတာတွေရှိပါသည်။ မိမိတို့ဂေဟာမှာကလည်း ၀န်ထမ်းကို အများကြီးမခန့်နိုင်ဘူး။ ဒီတော့ မလုပ်ပေးနိုင်မှာစိုးလို့ ဘိုးဘွားအများကြီးလည်း မလက်ခံနိုင်ဘူးဖြစ်နေတယ်။ ၀န်ထမ်းတွေကိုလည်း လစာအများကြီး မပေးနိုင်တော့ လာလုပ်တဲ့သူမရှိဘူး။ အခုလာလုပ်နေတဲ့ ကောင်လေးဆို စကားမပြောတတ်တဲ့ ကောင်လေး။ လစာက တစ်သောင်းခွဲထဲဆိုတော့ တော်ရုံလူ လာမလုပ်ဘူး။ နောက်ပြီး ၀န်ထမ်းနဲတော့ ရာထူးနေရာအတိအကျ မဟုတ်ပဲ All Round လုပ်ပေးရတာဆိုတော့ လုပ်မဲ့သူ မရှိဘူးပေါ့။ အဖိုးအဖွားတွေ ကိုယ်တိုင်က တစ်နိုင်တပိုင် လှည်းကျင်းတာလေးတွေလုပ်ပေးတယ်။ မနက်အာရုံတက် ကြေးစည်ထုပေးတယ်။ ကိုယ့်အ၀တ် ကိုယ်လျှော်နိုင်တဲ့သူတွေ ကတော့ ကိုယ့်ဖာသာကိုယ်လျှော်ကြတယ်။ အလှူရှင်နဲတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ရိပ်သာလေးကို ထိန်းသွားနေရတာပေါ့။ ရန်ကုန်မှာကတော့ အလှူရှင်ပေါတော့ ဘိုးဘွားတွေ နေထိုင်ရတာ အဆင်ပြေတာပေါ့။ ဒီမှာကတော့ လာနေတဲ့ ဘိုးဘွားတွေ ရှိပေမယ့် ငွေကြေးအခြေအနေအရ ၀န်ထမ်းအခြေအနေအရ ဘိုးဘွားတွေကို အများကြီး လက်မခံနိုင်ဘူး။ နာဂစ်ဖြစ်ပြီးကတည်းက အဆောက်အအုံအချို့လည်း ပျက်စီးတယ်။ မြို့ခံတွေကတော့ လှူကြပေမယ့် အလျှင်မပြတ် Run သွားနိုင်ရုံလောက်ပဲရတယ်။ ပြင်ဆင်မှုတွေကတော့ မလုပ်နိုင်ဘူး။ အိမ်သာကအစ ဒီမှာက အဆင်မပြေဘူး။ ဘိုထိုင်အိမ်သာတွေမဟုတ်တော့ အဘိုးအဘွားတွေ အခက်အခဲတော့ နဲနဲရှိတယ်။"

ကျွန်တော်ရောက်ရှိလာချိန်တွင် အဖိုးအချို့က စကားလေးတပြောပြောဖြင့် ဂေဟာအတွင်း တံမြတ်လှည်းခြင်းများကို ပြုလုပ်နေကြသည်။ အဘွားတချို့ကတော့ သနပ်ခါးအဖွေးသားဖြင့် အ၀တ်ရုတ်နေကြသည်။ ကျွန်တော်စိတ်မကောင်းတော်တော်ဖြစ်မိပါသည်။ မိမိတွင်လည်း ထိုဂေဟာမှူးပြောသော ပြင်ဆင်စရိတ်လောက်အထိ လှူနိုင်ခြင်းငှာအတွက်လည်း ငွေကြေးအင်အား မတောင့်တင်းပါ။ နောက်ဆုံးပဒေသပင်သဘောဖြင့် ပါလာသောငွေအချို့ကိုပဲ လှူဒါန်းခဲ့နိုင်ပါသည်။ ကျွန်တော်ကို အဘိုးအဘွားတို့ ဆုတောင်းပေးသော ဆုများသည် ကျွန်တော်လှူလိုက်သော ငွေကြေးပမာဏထက်ပင်ကြီးမားလှပါသည်။ ကျွန်တော်မခံယူဝံ့ပါ။ ဒီအကြောင်းအရာကို သူငယ်ချင်းအချို့ကိုလည်း ပြောပြဖြစ်ပါသည်။ သို့သော်လည်း နေရာဒေသဝေးလံမှု သဒ္ဓါတရားဟူသောစိတ်သည်လည်း မျက်မြင်တွေ့ရလျှင် ပို၍ဖြစ်ပေါ်စေနိုင်သောကြောင့် သွားရန်တိုက်တွန်းရသော်လည်း ခရီးဝေးတော့ သိပ်မအောင်မြင်ချေ။

ခုတစ်လော လူငယ်အဖွဲ့အစည်းများ၏ လှူဒါန်းမှုများကိုလည်း အင်တာနက်စာမျက်နှာများထက်တွင် တွေ့ရသောကြောင့် အလွန်ပင်ဝမ်းမြောက်မိပါသည်။ သို့သော်လည်း ရန်ကုန်မြို့နှင့် လေးနာရီကြာမောင်းရသော သထုံမြို့လို့နေရာလေးတစ်ခုသို့ အရောက်သွား၍ လှူဒါန်းခြင်းငှာလည်း အလှမ်းဝေးသကဲ့သို့ဖြစ်နေပါသည်။ ဘွားဒေါ်ဦးဇွန်းတည်ထားခဲ့သော ဘိုးဘွားရိပ်သာများကို ကျွန်တော်လေ့လာမိသလောက် သထုံဘိုးဘွားရိပ်သာသည် လှူဒါန်းသူ အလှူရှင် အလွန်ပင်နည်းပါးကား ချို့တဲ့လှသည်။ ထို့ကြောင့် ဒီဆောင်းပါးလေးဖြင့် တောင်ခြေမှာ နေကွယ်တော့မည့် အဘိုးအဘွားများကို လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် သထုံမြို့နယ်၊ မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာလေးကိုလည်း တစ်ချက်လေးတစ်စေ့တစ်စောင်းကြည့်ပေးစေလိုပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

မြသပိတ်တောင်ပုံကိုတော့ ကိုယ်တိုင်မရိုက်ကူးနိုင်ခဲ့၍ ဒီဆိုဒ်မှ ကူးယူးဖော်ပြပါသည်။


2 comments:

GreenGirl said...

ရောက်တယ် အာမီရေ
အစ်မလည်း သတိရပါတယ်
အင်တာနက်နဲ့ဝေးနေတယ်ကွယ် :)

အလင်းရောင် said...

ပို့စ်လေးကတော့ ကောင်းတယ်၊ ဗုဒ္ဓဘာသာတစ်ယောက် အနေဖြင့် သိသင့်ပါတယ်လေ.. လှူရမည်နေရာကို မလှူကြပဲ လူထင်ပေါ်ကြားသော နေရာများတွင် လူတွေစည်းကား သူထက်ငါ့နာမည် ဆိုင်ဘုတ်ကြီးကြီးတပ်မှဆိုတာတွေ ရှောင်ပြီး၊ ယခုအာမီပြောသောနေရာနှင့် ဒီထက်ဆိုးသောနေရာများကို တတ်နိုင်သလောက် လှူဒါန်းပေးဖို့ ပတ်ဝန်းကျင်ကိုအားလုံး နိုးဆော်ရမည်။ အာမီ...ကျေးဇူးတင်ပါသည်။ အဘိုးအဘွားတွေရဲ့ အထီးကျန်ဆန်မှုကို ကိုယ်ချင်းစာမိ၏။

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us