Sunday, July 13, 2008

+ အောင်ပွဲရစစ်သည်တော်၏ ငြိုးနွမ်းသွားသော သပြေခက်


ကျွန်တော်တို့စစ်သားဘ၀မှာ တွယ်တာစရာမရှိအောင်နေနိုင်ရင်တော့ ကောင်းတာပေါ့...
ကိုယ့်အသက်ခန္ဓာကို ပေးဆပ်ထားပြီး တိုက်ပွဲဝင်နေရသော မသေချာမရေရာသော ဘ၀ထဲကို ခင်မင်တွယ်တာရသောသူကို မခေါ်ရက်ပါ။
ဒါပေမယ့် ပုထုဇဉ်လူသားကျွန်တော်လည်းချစ်ခြင်း၊ မုန်းခြင်းကို ခံစားတတ်သောကြောင့် ကျွန်တော့်ရဲ့မသေချာမရေရာသော ဘ၀ထဲကိုချစ်သူကောင်မလေးကို ခေါ်ခဲ့မိပါသည်။
အိမ်ထောင်ကျပြီးကတည်းက ကျွန်တော်ပြောင်းရွှေ့ရသော ဒေသများကို မငြီးမငြူဖြင့် လိုက်လံနေထိုင်ပေးသော ကျွန်တော့်ဇနီးလေး....
ကျွန်တော်စိတ်ဓါတ်ကျနေသော အခါများတွင်လည်း အားပေးနိုင်ခဲ့သူ...
ကျွန်တော့်ရဲ့ခြောက်သွေ့ခဲ့သော နောက်တန်းပြန်ဝင်ရသော ရက်များကို တပ်ဝမှ သပြေပန်းလေးများဖြင့် သားလေးကိုပိုက်ကာ ကြိုဆို၍ ကျွန်တော့်နေ့ရက်များကို အရောင်ပြောင်းလဲပေးခဲ့သူ..........

တောင်ပြာတန်း စစ်စခန်းဆီသို့ သွားနေရသော ခြေလျှမ်းတို့သည် အိမ်သူသက်ထားလေးဆီသို့ စိတ်ကရောက်ရောက်နေသည်။ မီးဖွားရက်နီးနေသော ဇနီးသည်အနားတွင် နေချင်ပါသော်လည်း တာဝန်ဝတ္တရားအရ ခရီးထွက်ခဲ့ရသည်။ စိတ်ကမဖြောင့် သားလေးမွေးတုန်းကလည်း ကျွန်တော် မရှိခဲ့ပါ။ ဒီတစ်ကြိမ်တွင်လည်း ကံကမကောင်းချင်တော့ လုံခြုံရေးလိုက်ရသည်။ ရက်သတ္တပတ်လေးပတ်ကျော်တွင်တော့ ကျွန်တော် နောက်တန်းပြန်ဆင်းခွင့် ရသော်လည်း ကြေးနန်းရောက်လာသော အရေးပေါ်ကိစ္စကြောင့် ရန်ကုန်ကို ကျွန်တော်သွားခဲ့ရသည်။ ၀မ်းသာမှုတွေဖြင့် ကျွန်တော်ကံတရားကို ကျေးဇူးတင်နေမိသည်။ သို့သော် ဇနီးသည်နေထိုင်သည့်မြို့သို့ သွားရောက်ရန်ပင် အချိန်မရသောကြောင့် ကိုယ့်ကိုယ်ကိုပင် စိတ်မကောင်းဖြစ်မိသည်။ ဖုန်းအဆက်အသွယ်အမြဲ ရနေသောကြောင့် တော်သေးသည် ပင်ဆိုရမည်။ ဤသို့ဖြင့်ပင် လူ့လောကထဲသို့ ကျွန်တော့်သမီးလေးရောက်ရှိလာပါသည်။

ကျွန်တော့်ဇနီးသည်လေးက ကျွန်တော့်ဘ၀အတွက် ခင်တွယ်စရာသားလေးနှင့် သမီးလေးကို ကျန်းကျန်းမာမာလေးဖြင့် မွေးထုတ်ပေးခဲ့တယ်။ သို့သော်လည်း ကံတရားက ကျွန်တော့်ဖက်ရှိမနေတော့ပါ.....တစ်ခုသော မနက်တွင် ကျွန်တော့်ထံဝင်လာသော ဖုန်းသည် ကျွန်တော့်ဘ၀ကို ပြောင်းလဲပစ်စေခဲ့သည်ကို ကျွန်တော်ကြိုသိခဲ့ပါလျှင်...

မီးဖွားပေးပြီကတည်းက ကျန်းမာရေးမကောင်းသောကြောင့်ရန်ကုန်ဆေးရုံသို့တင်ရန် မနက်ဖြန်လေယာဉ်ဖြင့် ပါလာမည့်အကြောင်း ညီမဖြစ်သူကဖုန်းဆက်ပြောခဲ့သည်။ ကျွန်တော် တာဝန်တွေကြားကပင် ဇနီးသည်ကို ကြိုရန် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်... လေယာဉ်ပျံဆင်းသက်လာပါပြီ...
ခန်းမဆောင်ပြင်သို့ ထွက်လာသော လူများထဲမှ ကျွန်တော့်ဇနီးသည်လေးသည် ဘီးတပ်ကုလားထိုင်လေးပေါ်တွင် ဖျော့ဖျော့လေးသာပါလာပါတော့သည်။
ကျွန်တော်ယူလာသောကားလေးက ဂျစ်ကား... တက္ကဆီထပ်ငှားရန်လုပ်သော ကျွန်တော့်လက်လေးကို လှမ်းကိုင်လိုက်သော သူမလက်ချောင်းလေးများက အားမရှိလှ...ကျွန်တော်ယူလာသော ဂျစ်ကားလေးကို ပင်ရှေ့ခန်းတွင် ကျွန်တော့်ပခုံးလေးကို မှီကာလိုက်ပါလာသောသူမ....

ဆေးရုံသို့ရောက်ရောက်ချင်းတွင်ပင် အရေးပေါ်အခန်းတွင်းသို့ ရောက်ရှိသွားသော သူမ...။ ကျွန်တော် သတိပြန်ဝင်လာချိန်မှာ ကျွန်တော့်ပုခုံးထက်က သူမကိုယ်တိုင်တပ်ဆင်ပေးလေ့ရှိသော ကြယ်ပွင့်လေးများပေါ်တွင် သူမ မျက်ရည်တွေ.... နာရီပေါင်းများစွာအကြာတွင် ကြားလိုက်ရသော စကားတစ်ခွန်း..
သူမ ဆုံးပြီတဲ့...
[အမှတ်မထင်မြင်တွေ့ခဲ့ရသော ကြေကွဲဖွယ်တစ်ခုပါ။ အစ်မ ကောင်းရာသုခတိလားပါစေ။]

0 comments:

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us