Friday, September 12, 2008

+ ဒါနလေး ဝေငှပေး

ကျွန်တော်အထက်တန်းအောင်မြင်ပြီးသော် စစ်တက္ကသိုလ်တက်ရောက်ပြီး တပ်မတော်တွင် ၀င်ရောက်အမှုထမ်းခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်တာကာလကို ကျော်လွန်ခဲ့ပါသည်။ တာဝန်ကျရာဒေသ၊ စစ်မြေပြင်များသို့လည်း သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ခွင့်ရက်ရသော ရက်သတ္တပတ်တွင် မိဘများရှိရာ ရန်ကုန်မြို့သို့ ပြန်ရောက်လာခဲ့သော ကာလလေးတွင် ပြုလုပ်ခဲ့သော ဒါနလေးတစ်ခုကို ဝေငှလိုက်ပါသည်။ ခွင့်ရက်ရသောရက်များနှင့် တိုက်ဆိုင်စွာ ကျွန်တော့်မွေးနေ့ရက်ဖြစ်နေပါသည်။ အသက်နှင့်ရင်း၍ ရခဲ့သော လစာလေးကို အလှူဒါနလေးတစ်ခု လုပ်ချင်သောကြောင့် သူငယ်ချင်းတစ်ယောက် အကြံပေးချက်ဖြင့် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ ရောက်ရှိလာပါသည်......

ကျွန်တော့်လစာမှဖဲ့လှူရသောကြောင့် တစ်နေ့စာထမင်းစရိတ်လည်း ကျွန်တော်မတတ်နိုင်ခဲ့ပါ။ နောက်ဆုံးတွင် ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ကျွန်တော်ရှေ့တန်းစစ်မြေပြင်ရောက်နေခိုက် အလွန်စားချင်သော မုန့်မှာ J'Donut ဖြစ်သည်။ အခြားသော အစားအစာများကို ရရှိနိုင်သောလည်း Donut သည်မြို့ကြီးပြကြီးများရောက်မှသာ စားသောက်နိုင်သည်။ ကျွန်တော့်ဆန္ဒလေးဖြင့် Donut လေးများကို ကျောင်းသား (၁၁၀)ယောက်အတွက်ဝယ်ယူသွားကာ ကျောင်းရုံးအဖွဲ့ကို လှူဒါန်းပါသည်။ ကျောင်းအုပ်ဆရာမကြီးက ကိုယ်တိုင်ကိုယ်ကျလှူဒါန်းနိုင်ပါကြောင်းပြောကာ ကျွန်တော့်အား ခေတ္တမျှစောင့်ခိုင်းပါသည်။ ကျောင်းစင်ဝင်အောက်တွင် မုန့်များဖြင့်စောင့်နေရင်း ဘဲလ်သံတစ်ခုပေါ်ပေါက်လာပြီး (၂)မိနစ်မျှအကြာတွင် ကျောင်းဆောင်အသီးသီးမှ လူငယ်ကျားမအရွယ်စုံထွက်လာကြသည်။ သူတို့လျှောက်လှမ်းလာသော ခြေလှမ်းများကို ကြည့်ရင်း ကျွန်တော်စိုးရိမ်မိနေသည်။ ကျောင်းဆောင်များမှ ဖွင့်ထားသော တံခါးရွက်များအနားကိုဖြတ်တိုင်း၊ ရေမြောင်းများအနားမှသူတို့လျှောက်လာတိုင်း ရင်တလှပ်လှပ်မျှဖြစ်မိသည်။ ကျောင်းသူ၊ ကျောင်းသားများစုံသောအခါ မုန့်များကို ကိုယ်တိုင်ကိုယ်ကျ တစ်ဦးခြင်းစီ ဝေငှပေးလိုက်ပါသည်။ ဝေဌပေးပြီးသောအခါ ဆရာမတစ်ဦးက အလှူရှင်ကျွန်တော့်ကို ဆုတောင်းပေးရန်ပြောလိုက်သောအခါ... သူတို့ဆုတောင်းပေးလိုက်သော ဆုတောင်းသံများသည် ကျွန်တော်မျက်ရည်ဝဲမိသည်။ ကျွန်တော်ပေးလိုက်သောမုန့်လေးတစ်ခုအတွက် ဆုတောင်းပေးလိုက်သော ဆုတောင်းမှုများ....
ကျွန်တော်တို့သည်လည်း အမိနိုင်ငံတော်မှပေးသော လစာများဖြင့် ကျွန်တော့်တို့အသက်ကိုရင်း၍ ကာကွယ်စောင့်ရှောက်နေသော တာဝန်ထမ်းဆောင်နေမှုများသည်လည်း ပြည်သူပြည်သားများအတွက် ကျွန်တော်တို့၏ ဆုတောင်းပေးနေမှုများဖြစ်ပါသည်။ စက္ခုအာရုံမမြင်ရသော်လည်း ရဲရင့်စွာ သွားလာလှုပ်ရှားနေကြသော သူတို့လေးများကို ကြည့်ရင်း အာရုံခံစားမှုမရှိသော ကျွန်တော့်ခြေတုလေးများသည် အသက်ဝင်လာသကဲ့သို့ခံစားလိုက်ရပါသည်။

0 comments:

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us