Thursday, September 25, 2008

+ ပုခက်လွှဲပေးသော လက်တစ်စုံ


ဝီစီသံတညံညံ၊ သီချင်းသံတကြော်ကြော်ဖြင့် ကျွန်တော်တို့တွေသည် နေပြည်တော်ဆီ... နွေဦးဥသြအော်မြည်သံနှင့်အတူ တပေါင်းလသို့ ကူးပြောင်းလာပါပြီ။ ကျွန်တော်တို့တပ်မတော်၏ ရက်မြတ်တစ်ခုဖြစ်သော မတ်လ(၂၇)ရက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ရန် သွားနေကြသော စစ်ကားတန်းကြီး၏ ရှည်လျားမှုသည် ဒေါင်းကတောင်ကြောတန်းပေါ်တွင် ပုရွက်ဆိတ်တန်းကြီး သွားနေသကဲ့သို့ ကြည့်ကောင်းလှသည်။ ခရီးစဉ်မစတင်ခင် ရက်ကတည်းက အိပ်ရေးကမ၀လှ ကားပေါ်တွင် အိပ်ချင်သော်လည်း ကျွန်တော်တို့ စစ်သားတွေရဲ့ ကားက လေအိပ်ကားမဟုတ်။ နောက်ဆုံးတွင်တော့..

ကားအမိုးကိုင်းတွင် ပုခက်လုပ်၍ အိပ်လိုက်သည်။ ပုခက်တွင်းသို့ ၀င်အိပ်လိုက်ချိန်တွင် မေမေ့မျက်နှာလေးကို ပြေးမြင်မိသည်။ ကျွန်တော်တို့ ငယ်စဉ်ဘ၀က ပုခက်တွင်းမှနေ၍ မိခင်တေးဆိုသံကို နားထောင်ကာ အနားယူအိပ်စက်ကြသည်။ ပုခက်တွင်းမှ ကျွန်တော့်မျက်စိအစုံပိတ်၍ အိပ်ပျော်သည်အထိ မေမေက တေးဆိုသိပ်ကာ အနားတွင် နေပေးခဲ့ပါသော်လည်း ....
မေမေမျက်စိအစုံပိတ်၍ ထာဝရအိပ်စက်ကာ ကျွန်တော်တို့ကို ခွဲခွာသွားချိန်တွင် ကျွန်တော်သည်အနားတွင် ရှိမနေ နိုင်ခဲ့ပါ။ ကျည်ပစ်ခတ်သံများ၊ ဗုံးပေါက်ကွဲသံများကြားတွင် မျက်ရည်ကျရင်း မေမေ့မျက်နှာကို မြင်ယောင်ရင်း ရက်လတွေကုန်ဆုံးခဲ့ပါပြီ။
မေမေ... ကျွန်တော်အခု ပုခက်အတွင်းမှာ အိပ်နေပြီ။ မေမေ့တေးဆိုသံ မကြားရပေမယ့် ကျွန်တော့်ရဲဘော်ရဲဘက်များရဲ့  တေးဆိုသံများက ကျွန်တော့်ကို ချော့သိပ်နေကြတယ် မေမေ။ ပုခက်လွှဲသော လက်များ အေးချမ်းစွာ ပုခက်လွှဲနိုင်အောင်... ပုခက်ထဲမှာရှိနေတဲ့ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တော်လေးတွေ အေးချမ်းစွာ အိပ်ပျော်နိုင်အောင်.. မေမေကိုယ်တိုင်ပုခက်လွှဲသိပ်ခဲ့တဲ့ မေ့မေ့သားက အသက်ပေးပြီး ကာကွယ်သွားရင်း.....

မေ့မေ့ကို သတိရလျက်။ ။

1 comments:

Anonymous said...

တစ်ခါတစ်လေတော့လည်း ဒီလိုပါပဲ. ဖြစ်ချင်တာမဖြစ်ရဘူးလေ.. မိခင်နဲ့စစ်သားဘဝ ယှဉ်တွဲပြထားတာလေး တော်တော်ကောင်းတယ်.. :)

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us