Saturday, November 29, 2008

+ သူတို့ အမြင်နှင့် အတွေး

ဖားစည်သံတွေ မြည်ဟိန်းနေတဲ့ သံလွင်မြစ်ကြီးဘေးကမြို့လေးဆီကို ဆေးမှူးတာဝန်နဲ့ ကျွန်တော်တာဝန်ကျရာ တပ်မတစ်ခုကိုရောက်ရှိလာပါတယ်။ ရောက်ရောက်ချင်းတော့ တပ်မိသားစုနဲ့စပြီး မိတ်ဆက်တဲ့အနေနဲ့ ပွဲလေးတစ်ခုလုပ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်လေးကလည်း ဒီပွဲလေးဆီက ရလာတဲ့ အတွေးအမှင်စလေးပါ။


ကျွန်တော်တို့ သမားဇာနည်များရဲ့ တာဝန်ထမ်းဆောင်မှုများကတော့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသော အောင်စစ်သည်များ၏ ကျန်းမာရေးကို စောင့်ရှောက်မှုအပြင် ၄င်းတို့၏ မိသားစုများ၏ ကျန်းမာရေးကိုပါ ပြုစုစောင့်ရှောက်ပေးရသော သမားဇာနည် အောင်စစ်သည်များဖြစ်ပါသည်။ တပ်တွင်း အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များကိုလည်း ကျန်းမာရေးဗဟုသုတများကိုလည်း အချိန်နဲ့တပြေးညီ ပြောကြားအသိပညာပေးရမည့် တာဝန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။

ထိုနေ့ပွဲလေးမှာတော့ ကျွန်တော်တင်ဆက်ဆွေးနွေးတဲ့ အကြောင်းအရာလေးကတော့ သားဆက်ခြားခြင်း အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ သားဆက်ခြားသည့် ဆေးကို လိမ့်ပတ်လည်အောင် ပုံမှန်သောက်ခြင်းဖြင့် သားဆက်ခြားနိုင်သကဲ့သို့ ဆေးသောက်ရန်ပျက်ကွက်တတ်သူတွေ အတွက် အလွယ်ကူဆုံးသားဆက်ခြားခြင်းကတော့ ကွန်ဒုံးကို အသုံးပြုခြင်းဆိုတဲ့ အကြောင်းအရာလေးကို သေသေချာချာ တင်ပြဆွေးနွေးခဲ့ပါသည်။ ကျွန်တော့်တင်ပြဆွေးနွေးမှု အဆုံးမှာ စစ်သည်များဖက်မှ မရှင်းလင်းတာလေးများမေးနိုင်တယ် ဆိုတဲ့ စကားလေးအဆုံးမှာတော့ စစ်သည်တစ်ဦးက ကွန်ဒုံးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အရာတစ်ခုကို သူ့အတွေးလေးဖြင့် ပြောလိုက်ပုံက
"ဗိုလ်ကြီးတင်ပြတာကို လက်ခံပါတယ်။ တကယ်တော့ ဗိုလ်ကြီးတို့ပြောတဲ့ ကွန်ဒုံးကို အသုံးပြုရတာ အဆင်မပြေပါဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ ပူအိုက်လို့ရေချိုးပါတယ်ဆိုကာမှ မိုးကာဝတ်ပြီး ရေချိုးနေရသလိုပါပဲ" တဲ့ခင်ဗျာ။ စကားအဆုံးမှာတော့ ကျောင်းဆင်းကာစ အရာရှိပေါက်စ လူပျိုလေး သမားဇာနည်ကျွန်တော်သည် ခန်းမအရှေ့တွင် မည်သို့ပြောရမည် မသိအောင် ဆွံ့အသွားပါတော့သည်။ ခန်းမတစ်ခုလုံးလည်း ရယ်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

စာအပြည့်အစုံသို့….

Saturday, November 22, 2008

+ စစ်သည်တော်လေး... ကျွန်တော်ကြားချင်တဲ့စကား

စားပွဲပေါ်က လက်ကိုင်ဖုန်းလေးကို ကောက်ယူ၍ နံပါတ်တစ်ခုကို ကောက်နိုပ်လိုက်မိသည်။ တဖက်က ထူးသံသဲ့သဲ့ပြန်ကြားရချိန်တွင် ကျွန်တော့်ရင်အစုံ အေးသွားသလိုခံစားလိုက်ရသည်။


"xxxx ပါ"

တဖက်က ကောင်မလေးက ရယ်ပြုံးပြုံးလေးဖြင့်ပင် လောက၀တ်စကားများကို ပြောဆိုနေလေသည်။ သူမရဲ့ ရယ်သံလေးတွေကို မရပ်စေချင်ဘူး။ ရယ်သံလေးတွေက ကျွန်တော့်ရဲ့ ရင်ခုန်သံတွေဆိုတာကို ကျွန်တော်ကလွဲရင် ဘယ်သူများက သိနိုင်မှာတုန်း။ သို့သော်လည်း ပြောရမည့်စကားကိုတော့.....ပြောရမည့်အချိန်ကိုရောက်လာခဲ့ပြီ။

"မီးငယ်.... ကိုယ် ရှေ့တန်းထွက်ရတော့မယ်။ ဘော်စဲကို နားကိုပါ။"

ရယ်သံလေးသည် လုံးဝတိတ်ဆိတ်သွားကာ ကျွန်တော့်အခန်းအတွင်းဝယ် အပ်ကျသံကိုတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

"ဘယ်တော့သွားရမှာတုန်း...... မနောက်ရဘူးနော်။ မီးငယ် က အသည်းငယ်တယ်။"
ကြောက်ရွံ့မှုတစ်ခုကို ဖုံးကွယ်ကာ ဟန်ဆောင်မေးလိုက်သော ကောင်မလေး၏တုံ့ပြန်မှု။ ကောင်မလေးရယ် ဘာလို့များအရာရာကို ဟန်ဆောင်ချင်ရတာတုန်း။ မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးတွေက ဟန်ဆောင်မှုတွေကို သရော်နေသလိုပါပဲ။

"နောက်လသွားရမှာ မီးငယ်။ ဒီနေ့ အစည်းအဝေးမှာ သွားဖို့တာဝန်ပေးလိုက်ပြီ။ ဟိုမှာတစ်နှစ်လောက်စခန်းထိုင်ရမယ်။ အဲဒါ......"
ကောင်မလေးဖက်က သက်ပြင်းလေးချသံနှင့်အတူ.......

"ရှေ့တန်းမသွားခင် ဆောင်ရန်ရှောင်ရန်တွေ သိတယ်မလား..ကိုကြီး။ "
"သိပါတယ်..မီးငယ်။ ဒါပေမယ့် ကိုယ် တိုက်ပွဲမှာ ကျသွားခဲ့မယ်ဆိုရင်တောင် မီးငယ်ဆီက ချစ်တယ်ဆိုတဲ့ စကားလေးတော့ ကြားသွားပါရစေကွာ။"
ကောင်မလေးဆီက တိတ်ဆိတ်မှုများ ပြန်လည်စတင်သွားလေသည်။ ကျွန်တော့်၏ နှလုံးခုန်သံများသည်လည်း တိတ်ဆိတ်သော ညအမှောင်မှာ ကျယ်လောင်နေသလို ခံစားနေရသည်။ သိပ်မကြာလိုက်ပါ.........

"တီ......... Low Battery....Turn Off Your Phone Now"

ကောင်မလေးဆီက ပြန်ဖြေလိုက်တာကို ကျွန်တော်မကြားနိုင်တော့ပါ။ ကောင်မလေးရယ် ငါတိုက်ပွဲမှာ ကျသွားရင်တောင် ငြိမ်းအေးဇရပ်ကို လာပေးပါကွာ။ မင်းရဲ့ အသံလေးကို ကြားချင်နေသေးတယ်။ ကိုယ်တို့စစ်သားတွေဘ၀မှာ ချစ်သောသူကို အသက်ပေးချစ်မယ်ဆိုတဲ့စကား မဆိုနိုင်ပါဘူး..ကောင်မလေးရယ်။ ကိုယ်တို့အသက်တွေက နိုင်ငံတော်ကို ကာကွယ်ဖို့အတွက်ပါ။ ကိုယ့်ကိုယ်ကို မပိုင်တဲ့ ကိုယ်ဘ၀ထဲကို မင်းလေး လျှောက်လှမ်းလာမယ်ဆိုတဲ့ အဖြေကို ငါ့ခန္ဓာမြေမကျခင်မှာ ကြားချင်တာပါ.......

[ခံစားချက်များကို ပြောပေးသော စစ်တက္ကသိုလ်ဆင်းအစ်ကိုကြီးတစ်ယောက် ရှေ့တန်းစစ်မြေပြင်တွင် ဘေးအန္တရာကင်းပါစေ။]

စာအပြည့်အစုံသို့….

Tuesday, November 18, 2008

+ ရေကြည်တစ်ပေါက်


ခရီးကမသွားတာကြာတော့ မသွားချင်။ သို့သော်လည်း တစ်ခါတစ်လေလေး မိသားစုနှင့် သွားတာဆိုတော့လည်း ပါလာရသည်။ အိမ်သားများ အဆင်သင့်ထွက်ရန်ကို စောင့်ရင်းစောင့်ရင်းဖြင့် ခရီးစထွက်ချိန်က မိုးတောင်စင်စင်လင်းနေပြီ။ ကားလမ်းတွေကတော့ မိုးရာသီက နှိပ်စက်ထားမှုကြောင့် ပျက်တဲ့နေရာက ပျက်နေသည်။ သို့သော်လည်း အင်တိုက်အားတိုက်ပြန်လည် ပြင်ဆင်နေကြသောကြောင့် ကောင်းမွန်နေတာများကြောင့် ခရီးလမ်းက ဖြောင့်ဖြူးနေသည်။

နေမွန်းတည့်ကျော်လာသည်နှင့်အမျှ ဖန်ဝါနေမင်းကြီးသည် မာန်ဟုန်ပြင်းပြင်းနှင့် ပူလောင်လာသည်။ ပူလောင်မှုဖြင့် ပြင်ပလေကိုရှုသွင်းရန် ကားပြတင်းမှန်လေးကို ချကာ ကားလမ်းမတစ်ကြောကို လှမ်းကြည့်မိလိုက်သည်။ ရှေ့တွင်လမ်းပြင်နေသောကြောင့် ကားကအရှိန်နှေးလိုက်သည် ။လမ်းပြင်လုပ်သားများကလည်း နေရောင်ကို အံတုကာ ကတ္တရာပူပူလောင်လောင်များဖြင့် အလုပ်ရှုတ်နေကြပေသည်။ အတွေးတို့က တစ်စတစ်စနှင့် လွန်ခဲ့သော အတိတ်ဆီက ပုံရိပ်များကို ပြန်လည်မြင်ယောင်မိလာသည်။

ကျွန်တော်တို့စစ်သည်များသည် နိုင်ငံတော်ကာကွယ်ရေးတင်မကပဲ နိုင်ငံတော်တည်ဆောက်ရေးတွင်မှာပါ တတပ်တအားပါဝင်ကြရသည်။ ရထားလမ်းဖောက်၊ တံတားဆောက်စသည့် လုပ်ငန်းများတွင်လည်း ပါဝင်ခဲ့ရသည်။ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့သော တပ်ရင်းတစ်ခုသည်လည်း ထိုလုပ်ငန်းများ ဆောင်ရွက်မှုကို ပါဝင်လုပ်ဆောင်ပေးခဲ့ရသေးသည်။ ထိုစဉ်ကလည်း ဤကဲ့သို့ နေပူပြင်းပြင်းတွင် စစ်ယူနီဖောင်းတဖက်နွမ်းကို ၀တ်ကာ နေအပူကို အံတု၍ ကားလမ်းဖောက်မှုကို ပါဝင်ခဲ့ကြသည်။ ပူလောင်မှုကြောင့် အာခံတွင်းများပင် ခြောက်ကပ်လာသည်။ ယူလာသောရေဗူးလေးကလည်း ရေကုန်လို့ ခြောက်တောင်ခြောက်နေပြီ။ နောက်ဆုံးတွင်တော့ ဖြတ်သွားသော ကုန်ကားကြီးများဆီမှ ရေကျန်များရှိလျှင်ချခဲ့ဖို့တောင်းသောက်ရသည့် အနေအထားပင်ဖြစ်ခဲ့ရသည်။ နေ့လေးတစ်နေ့မှာတော့ အိမ်စီးကားလေးတစ်စီးသည် ကျွန်တော်တို့လမ်းပြုပြင်နေသော အနားသို့ဖြတ်ရင်း ဖြည်းညင်းစွာရပ်၍ ရေသန့်ဗူးလေးများကို ကမ်းပေးလေသည်။ ကျွန်တော်တို့အားလုံး ၀မ်းသာကြရသည်။ ကျွန်တော်တို့ စစ်သည်များကို စာနာနားလည်ပေးသော ထိုရေဘူးဝေပေးသော ကောင်မလေးကိုလည်း ယနေ့ထိတိုင် မြင်ယောင်ကာ ကျေးဇူးတင် ချီးကျူးမိသည်။

အတွေးများအဆုံးတွင်တော့ ကျွန်တော့်လက်အစုံသည် ရေသန့်ဘူးများဆီသို့ ရောက်သွားကာ ပြတင်းပေါက်မှတဆင့် လမ်းလုပ်သားများဆီသို့ ကမ်းပေးမိလိုက်သည်။




စာအပြည့်အစုံသို့….

Sunday, November 9, 2008

+ မိသားစုတွေဆုံချိန်မှာ တစ်ဦးတစ်ယောက်မရှိခဲ့သော်...


ယနေ့တော့ ရာသီဥတုက သာယာနေသေးသည်။ ဥတုရာသီတောကိုမှီဆိုသည်မှာ ဟုတ်မှန်ပေလိမ့်မည်။ ချင်းရိုးရာယဉ်ကျေးမှုလွှမ်းချုံနေသော ဖောင်းပြင်မြို့လေးတွင် မိန်းကလေးအရွယ်စုံများက ချင်းတပတ်လေးများကို ခြုံကာ ဆောင်းရာသီဖက်ရှင်ကို တွေ့မြင်နေရသည်။ မနေ့ကအထိ ချွေးတောက်တောက်ကျအောင် ပြေးလွှားလုပ်ကိုင် နေရသော ပင်ပန်းမှုများသည် လှေဆိုက်သို့ မော်တော်ဆိုက်ကပ်ချိန်တွင် နွမ်းနယ်မှုများ ပျောက်ကင်းသွားသလိုပင် ခံစားလိုက်ရသည်။ ကျွန်တော့်ဘ၀တွင် ဤကဲ့သို့သော ခံစားမှုမျိုးကို မကြုံလိုက်ရပါ။ နိုင်ငံတော်အလံကို လွှင့်ထူ၍ မော်တော်ပေါ်မှ ဆင်းသက်လာကျသော.....
ကျွန်တော်တို့တပ်မှ အရာရှိ၊အရာခံ၊ အကြပ်စစ်သည်များအားလုံး၏ ပြုံးပျော်ရွှင်သော မျက်နှာများကို မြင်ရသည်မှာ ရင်ထဲတွင် အေးမြလှသည်။ မြို့ခံလူထုကလည်း လက်ခုပ်သြဘာများတီးကာ ကြိုဆိုကြသောကြောင့် အားတက်ဖွယ်မြင်ကွင်းများပင်ဖြစ်သည်။ တပ်ရင်းမှူးကို အလေးပြုရင်း နောက်ဖက်မှ ဆင်းသက်လာသော စစ်သည်များကို လှမ်းကြည့်လိုက်မိသည်။ ရင်းမှူးက ခေါင်းကိုသာ တချက်ငြိမ့်ပြပြီး မော်တော်ယာဉ်များ ရပ်နားထားရာသို့ ဆက်လက်ချီတက်သွားလေသည်။

မော်တော်ယာဉ်များ တပ်ဂိတ်ဝကို မြင်နေရလောက်သည့်နေရာအရောက်တွင်ပဲ ရှေ့တန်းပြန်စစ်သည်များကို ကြိုဆိုစောင့်မျှော်နေကြသော အိမ်သူသက်ထားဇနီးမယားများနှင့် သားသမီးများက အိုးစည်ဗုံးမောင်းများ တီးခတ်၍ သပြေခက်များဖြင့် ကြိုဆိုကြလေသည်။ တပ်တွင်းသို လမ်းလျှောက်ဝင်ရောက်ချိန်တွင် ကျွန်တော်ငယ်ငယ်က ကြည့်ဖူးသော ဝေလည်းမွှေး၊ ကြွေလည်းမွှေးဇာတ်လမ်းထဲမှာသာ ဇာတ်ဝင်ခန်းအဖြစ်ကြည့်ခဲ့ရသော မြင်ကွင်းသည် ယခုအခါ ကျွန်တော့်ရှေ့တွင် ဖြစ်ပျက်နေသည်။ ငိုသူငို၊ ပျော်သူပျော်.. သားကဆွဲ သမီးကတွဲနှင့် မိသားစုပြန်လည်ဆုံစည်းပုံများသည် အေးမြသော မြင်ကွင်းများဖြစ်သည်။ သို့သော်လည်း....... လွန်ခဲ့သောနှစ်များ ဒီလိုအချိန်က ကျွန်တော်၏ သူငယ်ချင်းသည် ကျွန်တော့်ကို ဒီလိုနေရာတွင်ပင် ကျွန်တော့်ကဲ့သို့စောင့်စားနေခဲ့ပေလိမ့်မည်။ ယခုအချိန်တွင်တော့ ကျွန်တော်၏သူငယ်ချင်း ဗိုလ်အောင်ကိုမင်းထင် တစ်ယောက်သည်လည်း တပ်မတော်အရိုးရောဂါကုဆေးရုံ ကုတင်(၅၀၀)တွင် ကျွန်တော့်တုန်းကကဲ့သို့ပင် ပြတင်းပေါက်ဆီမှ လှန်းမြင်နေရသော ကျိုက္ကလို့စေတီတော်ကြီးကို ဖူးမျှော်ကောင်း ဖူးမျှော်နေလောက်ပြီ...

သြ... ကျွန်တော်တို့ဘ၀တွေက ကျရာတာဝန်ကို ကျရာနေရာမှာ ထမ်းဆောင်နေကျသော တပ်မတော်သားစစ်သည်များဘ၀ကို စဉ်းစားမိရင်း တပ်ရင်းရုံးသို့ အပြေးတစ်ပိုင်းထွက်လာမိခဲ့သည်။
(တိုက်ပွဲတွင် အသက်ကို ပဓါနမထားပဲ နိုင်ငံတော်ကို ကာကွယ်ခဲ့သော စစ်တက္ကသိုလ်အပတ်စဉ်(၄၇)ဆင်း သူငယ်ချင်းတစ်ယောက်သို့ အမှတ်တရပါ။)
သူငယ်ချင်း
ငါတို့အသက်တွေ မြေ၀ယ်မကျသ၍
ငါတို့တွေသည် တိုက်ပွဲဝင်မည်
ငါ့သက်ခန္ဓာ ဆုံးသော်ငြားလည်း
ငါထမ်းဆောင်မည်...
ငါတို့တွေသည်...
နောင်တစ်ခေတ်၏ အောင်စစ်သည်။ ။

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us