Saturday, March 7, 2009

+ ခေါင်းစဉ်ပြောင်းသွားသော ပန်းဖိုး


တိုင်းရုံးပေါ်ကိုရောက်တော့လည်း ကျောင်းတုန်းက သူငယ်ချင်းများကို သတိရမိသည်။ ကျောင်းတက်လိုက်ရသော နှစ်အားဖြင့် သုံးနှစ်တာစွန်းစွန်းသာ ဖြစ်ပေသော်လည်း ခင်မင်မှုများက ညီအစ်ကိုရင်းများကဲ့သို့ပင်…

ကျွန်တော်တို့အဖွဲ့ကလည်း တစ်ဖွဲ့လုံးရှေးဘ၀က ကုသိုလ်တူတူလုပ်ခဲ့လေသလား မပြောတတ်။ အမိကျောင်းတော်ကြီးမှ ခွဲခွာရပြီး မိမိတာဝန်ကျရာ တပ်စခန်းများသို့ တာဝန်ထမ်းဆောင်ရန် ရောက်ခဲ့ကြပြီး မဟာသင်တန်းတက်ရောက်ရန် ခေါ်ဆိုခံရသော အချိန်တွင်လည်း ဒီသူငယ်ချင်းတစ်အုပ်က ချယ်ရီတွေဝေပြီး နေကြာရိုင်းတွေနှင့် အတိုင်းမသိအောင် လှပနေသော ပြင်ဦးလွင်မြို့လေးတွင် ပြန်လည် ဆုံဆည်းခွင့် ရကြပြန်လေပြီ။ ဗိုလ်လောင်းဆိုသော အနေအထားလေးမဟုတ်တော့သော မိမိတို့ပခုံးပေါ်တွင် ရောက်ရှိလာသော တာဝန်များကြောင့် မိမိတို့အသွင်သဏ္ဍာန်များသည် ရင့်ကျက်မှုများဖြင့် ပြည့်နှက်ကောင်း ပြည့်နှက်နေပေလိမ့်မယ်။ သို့သော်လည်း မိမိတို့၏ သူငယ်ချင်းများကြား ခင်မင်မှုများသည် အစဉ်နုပျိုဆဲဖြစ်သည်။ မိမိဘ၀ကသာ မပြောင်းလဲပဲ နောက်တွဲမရှိသော်လည်း မိမိသူငယ်ချင်းအချို့ကတော့ နောက်တွဲများဖြင့် မဟာသင်တန်းသို့ လာရောက်တက်ရောက်ကြသည်။ ထို့ကြောင့်လည်း သူငယ်ချင်းအိမ်ထောင်သည်၏ အိမ်ကိုပင် အားမနာရှာမကြိုး စားအိမ်သောက်အိမ်လို သဘောထားကြရသည်။ သူငယ်ချင်းမိန်းမ မငြိုငြင်အောင်ကလည်း စီးပွားရေးပြုလုပ်ရန်အကြောင်းများကို ထမင်းစားရင်း သောက်ရင်းပြောရသည်က အမော။ ထိုအချိန်ကလည်း ကျွန်တော်တို့တွေ လခက တစ်လမှ (၁၅,၀၀၀) တည်း။ တစ်လနှင့် တစ်လ လောက်တယ်လို့ကို မရှိဘူး။

နောက်ဆုံး သူငယ်ချင်းမိန်းမက စိတ်မရှည်တော့ပဲ ပန်းစိုက်ပျိုးရန် အဆိုတင်သွင်းလာ၍ ကျွန်တော်တို့တွေလည်း ရရှိသော မြေကွက်လပ်ကြီးတွင် ပန်းစိုက်ပျိုးရန် တစ်ပျော်တစ်ပါးပြင်ဆင်ကြသည်။ ကျောင်းမသွားခင် ရေလာပြေးလောင်းလိုက်။ ကျောင်းကပြန်လာလျှင် ကိုယ့်အဆောင်ကိုယ်မ၀င်နိုင် သူငယ်ချင်းတစ်အုပ် သုတ်သုတ် သုတ်သုတ်ဖြင့် ပန်းခင်းဆီသွား ရေလောင်းပေါင်းသင်။ နောက်ဆုံးကိုယ့်ကိုယ်ကိုတောင် ပန်းသည်လိုလို ထင်လာတယ်။ ရွက်ဖျန်းတွေ ဖျန်းပက်ပေးရတယ်ဆိုတော့လည်း အမောပဲ.. ရှိတဲ့လစာထဲက ရှိစုမှတ်စုနဲ့ ၀ယ်ပြီး ဖျန်းပက်။ ရွက်ဖျန်းတန်ခိုး တယ်ကြီးသကိုး သန်လိုက်တဲ့အရွက်တွေ ဂန္ဓာမာပွင့်ထက်တောင် သူကကြီးနေသေး။ အပွင့်တွေ ပွင့်လာတော့ မိမိတို့အောင်မြင်မှုဆိုပြီး ဓါတ်ပုံတွေ တဖျတ်ဖျတ်နဲ့ ပန်းခင်းကြီးနှင့်အတူရိုက်လိုက်ကြတာ။ အပျော်တွေကတော့ ဒီအချိန်ထိရှင်သန်နေဆဲပဲ။

ပန်းတွေရောင်းတော့မှ ပြသနာကစသည်။ ရောင်းရသော ငွေကို ကြည့်ကာ သူငယ်ချင်းတစ်အုပ် ငိုရခက်ရီရခက်။ ကျွန်တော်တို့ ပန်းရောင်းတဲ့အချိန်က ပြင်ဦးလွင်တွင် ပန်းတွေ အရမ်းပေါသောကြောင့် ပန်းဈေးကျနေသော အချိန်တဲ့လေ….။ နောက်ဆုံးတွင်တော့ သူငယ်ချင်း၏အမျိုးသမီးက အလယ်တွင် ပုံထားသော ပန်းဖိုးရောင်းရငွေကို ကောက်ယူသွားကာ… ပြောလိုက်ပုံက
“ပန်းစစိုက်ကတည်းက ပန်းရောင်းသည်အထိ နေ့တိုင်းအိမ်မှာထမင်းစားတာဆိုတော့ အားလုံးပေါင်းလိုက်တော့ ဒီပန်းရောင်းရဖိုးနဲ့ဆို ကျေသွားပြီတဲ့” ဗျ။ ကျွန်တော်တို့လည်း ပန်းရောင်းရငွေဖြင့် Grand Royal Label တောင် မတပ်လိုက်ရပါဘူး။ သူမ က ထမင်းဖိုး Label တပ်သွားလေသည်။ ကျွန်တော့်သူငယ်ချင်း စီးပွားရေး အကျော်အမော်ပညာရှင်ကြီး ပအို့ဝ်လေးပြောလိုက်ပုံကတော့
“ထင်တော့ထင်သား.. ငါပါရင် မင်းတို့ ၀က်ပုံပြင်ပဲဖြစ်လာမယ်ဆိုတာ”
အားလုံးမှာ ငိုအားထက်ရယ်အားသန်ခဲ့ရသော ပြင်ဦးလွင်၏ ဆောင်းညများကို သတိရလျက်

2 comments:

အလင်းရောင် said...

သူငယ်ချင်း စာတွေဖတ်တယ် ပြန်ရေးလာတာတော့ ကောင်းပါတယ်...ဖတ်လို့ကောင်းတယ် ဇိမ်မရှိဘူးကွာ အပြည့်အစုံကို သွားလို့မရဘူး အဲဒါကြောင့် half feel လေးနဲ့ပဲ ဌာနေကို ပြန်သွားရတယ်။ နောက်တစ်ခါလာရင်တော့ အပြည့်အစုံလေး ဖတ်ရအောင် လုပ်ပါဦး သယ်ရင်းရ...

ဖြိုးငယ် said...

စီးပွားရေးတွေကောင်းနေပါလားဟ

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us