Sunday, March 15, 2009

+ ဂုဏ်ယူပါသည် သူငယ်ချင်း


နေရာတကာကြည့်လိုက်တိုင်း တောင်တန်းတွေ ပြီးတော့ မြူတွေ မိုးလေးကလည်း ဖြောက်တောက်ဖြောက်တောက် လေပြေလေးက ညင်းပြပြ နေမမြင်ရတာလဲ ဒီနေ့ ဆို ၃၊၄ ရက်ရှိပြီ။ ဒီအချိန် ရန်ကုန်တွင်တော့ဘယ်လိုနေမည်မသိ။
သူရောက်နေရာ တာဝန်ကျရာ ကရင်ပြည်နယ်တနေရာ မဲပလီ စခန်းတွင် ရာသီဥတုအခြေအနေမကောင်းတော့ပါ။ ဒီအချိန်ကတော့ ငှက်ဖျားစပြီလေ။ အင်မတန်ကြောက်စရာကောင်းသောငှက်ဖျားပါ။ တပ်မတော်သားများအတွက်တော့ အမှောင်ထဲက ရန်သူပါပဲ။ ဒီနေရာကိုသူရောက်နေတာ (၄)လတင်းတင်းပြည့်ပြီပေါ့။ ပတ်ဝန်းကျင်တွင် ရွာလဲမရှိ။ လူသူလဲမရှိ။ ဆေးဝါးကလဲ အလွန်ရှားပါးနေချိန်ပေါ့ ...
တစ်ရက်တစ်ရက်ဆေးရုံတက် လူနာကလဲ ၁၀ ယောက်ထက်နည်းသည့် နေ့ရယ်မရှိ။ အားလုံးက ငှက်ဖျားတွေချည်းပဲ။ ဒီကြားထဲ မိုင်းထိလူနာကလည်း (၁)လအတွင်း အယောက် (၂၀)လောက် amputation (ခြေထောက်ဖြတ်ရတာ) လုပ်နေရသည်။ ကိုယ့်ကိုယ်ကိုလဲ ဂရုမစိုက်ဖြစ်တော့။ လူရုပ်ပေါ်တော့မည်မထင်။ ရန်ကုန်တွင်နေသော ချစ်သူနဲ့လဲ အဆက်အသွယ်မရတာ တော်တော်ကြာခဲ့ပြီ။ သူကော အစဉ်မှပြေရဲ့လား။ သူဘာတွေလုပ်နေမလဲ၊ ကျွန်တော်မသိနိုင်တော့ပါ။ သတိကောရပါသေးရဲ့လားချစ်သူ။ ဘယ်တတ်နိုင်မလဲလေ တာဝန်ကတော့ တာဝန်ပဲပေါ့။

မိုးတွင်းဝင်လာသောအခါတွင် သောင်းကျန်းသူများလဲ ပျောက်ကုန်ပြီ။ မိုင်းထောင် ဆက်ကြေးတောင်း အလုပ်ပဲလုပ်ကြတော့သည်။ သူတို့ လည်း ငှက်ဖျားကြောက်ကြသည်လေ။ မကြောက်နိုင်တာကတော့ ကျွန်တော်တို့ပါပဲ။ တစ်တောဝင် တစ်တောထွက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရသည်။ ဟိုနေရာသတင်းရ ဟိုနေရာလိုက်။ ပြေးတမ်းလိုက်တမ်းကစားနေရသည်။ အဲဒီတော့ ခြေထောက်တွင် မျက်စိ မပါသောကြောင့် မှိုစားကြရသည်။(မိုင်းထိခြင်းကို စကားဝှက်)။ တိုင်းပြည်အတွက်လည်းအကျိုးမရှိ ပြည်သူအတွက်လဲ အကျိုးမဲ့သော သောင်းကျန်းသူများရဲ့ လုပ်ရပ်တွေပါပဲ။

ဒီနေ့နေလို့ သိပ်မကောင်းဘူးဟု သူထင်နေသည်။ ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ ရာသီဥတုကြောင့်လော။ တနေကုန် လူနာကြည့် နေရလို့သိပ်သတိမထားမိ။ ညနေပိုင်းကြမှပိုသိသာလာသည်။ ဒါငှက်ဖျားပဲ။ သူ့လက်ထောက်ဆရာကြီးကို ပြောပြမိသည်။ ဆိုးတိုင်ပင်ကောင်းတိုင်ပင် သူပဲရှိသည်။ ဦးလေးတယောက်လို အစ်ကိုတယောက်လို သူ့ကိုစောင့်ရှောက်ခဲ့လို့လဲ ခင်မင်မိသည်။

"ဆရာကြည်ရေ ကျွန်တော်တော့ ငှက်ဝင်ပြီနဲ့ တူတယ်ဗျာ"
"ဟာ ဒေါက်တာ ကာကွယ်ဆေးမသောက်ထားဘူးလား။"
"ကျွန်တော် မအားတာနဲ့ မသောက်ထားမိဘူးဗျာ၊ ပြတ်သွားတာ တော်တော်ကြာပြီ။"
"ဘယ်လို ဖြစ်တာတုန်း ဒေါက်တာရယ် ဒီဒေသအကြောင်းလဲသိရဲ့ သားနဲ့။ ဒေါက်တာ artesunate ထိုးပေးရမလား။ ပြင်ထားလိုက်မယ်လေ။"
"နေဦးဗျာ artesunate ကိုနှမြောတယ်ဗျာ။ မနေ့ ကတက်လာတဲ့ ရဲဘော်လေးတွေ အတွက်ချန်ထားလိုက်ပါဗျာ။ နောက်လဲ ဒီရာသီ မကုန်မချင်းလာနေဦးမှာပဲ။ save လုပ်ထားလိုက်ပါဦး။"
"မဟုတ်တာ ဒေါက်တာ ကလဲ ဒီကိစ္စ မပေါ့ပါနဲ့ဗျာ။ သိပ်ကြောက်ဖို့ ကောင်းတယ်။ ဒေါက်တာက ဒီမှာခေါင်းပေါင်းနော် လဲလို့ မဖြစ်ဘူး။"
"ရပါတယ် ဆရာကြည့် စေတနာကို နားလည်ပါတယ်။ quinine ပဲပေးဗျာ။"
"ကျွန်တော် immune ကောင်းပါတယ်။ အချိန်တန်တော့ subside ဖြစ်သွားမှာပါ။"


နောက်ပိုင်းလူနာတွေပိုများလာသည်။ နေမကောင်းလဲ နားလို့မရ။ ကိုယ်မရှိလို့မဖြစ် အားငယ်နေသော မျက်လုံးတွေကို သနားသည်။ နှစ်သိမ့်ပေးချင်သည်။ ကိုယ်လို မိဝေးဖဝေး အနေဆင်းရဲ ရဲဘော်ရဲဘက်တွေကို ပြုစုရဦးမည်။ မနားနဲ့ မနားနဲ့ မင်းနားလို့ မဖြစ်ဘူး။

ကိုယ့်ကို ကိုယ် သတိပေးနေရသည်။ လူကတနေ့ တခြားကျလာသည်။ ခေါင်းကလဲတချက် တချက်ကိုက်လာသည်။ ဘေးကတော့ ဆရာကြည်က အရိပ်တကြည့်ကြည့်။ ဒေါက်တာနားတော့နားတော့ အချိန်တိုင်းပြောနေသည်။ နောက်ပိုင်းခေါင်းမထောင်နိုင်တော့ အဖျားကပိုဆိုးလာတော့သည်။ မရတော့။ တပ်မဆေးမှူးအစ်ကိုနှင့် ၇၀ ကိုင်တော့(ဆက်သွယ်ရေးစကားပြောခြင်း)။ ညီလေးရေ မြွေ နှစ်ကောင်ခေါင်းပေါင်းကိုယ်တိုင် လင်းနို့ဖြစ်နေပြီပေါ့။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါကွာဆိုပြီး အားပေးသွားသည်။ လူတော့ လဲပေးရ အရမ်းခက်နေတယ်ဟုပြောသွားသည်။

နောက်ပိုင်းမရတော့ artesunate တင်ရတော့သည်။မရတော့ လူကအိပ်ယာထဲက မထနိုင်တော့ပြီ။ ကယောင်ကတန်းတွေ မြင်လာသည်။ တပည့်ကို သေနတ်အပ်ထားရသည်။ ငါတောင်းလဲမပေးနဲ့၊ စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး ဖေါက်လာမှာစိုးရသည်။ အဲဒီအချိန် ရန်ကုန်ကအမေ့ကို သတိရသည်။ အရမ်းအားငယ်လာသည်။ ပြီးတော့ ချစ်သူ။ သူကော သတိမှရရဲ့ လား။ ငယ်ငယ်တုန်းက ဖျားနာနေချိန် ပြုစုခဲ့သောအမေ။ အခု ကျွန်တော့်ဘေးမှာ ဘယ်သူမှမရှိ။ နောက်တော့ အမှောင် အတိကျသွားသည်ကိုသာ သိတော့သည်။ ဘာမှမသိတော့။ နောက်ဘာတွေဆက်ဖြစ်သွားလဲ ကျွန်တော် မသိတော့။ ကျွန်တော်အဝေးကြီးကို လွင့်ထွက်သွားသည်။ အဆုံးအစမဲ့ အမှောင်ကမ္ဘာကြီးထဲကို။ ကျွန်တော်သတိရလာတော့ မျက်နှာကျက်ဖြူဖြူ ပြီးတော့ ပန်ကာကြီး။ ကျွန်တော် ဘာတွေဖြစ်ခဲ့လဲ ဘာမှစဉ်းစားလို့မရတော့ပါ။ ဘေးမှာတော့ ကျွန်တော့်အမေလေ။ ကျွန်တော့်ကိုကြည့်ပြီး ပြုံးနေတယ်။
သားသတိရပြီလားတဲ့။ မျက်ဝန်းမှာမျက်ရည်စတွေနဲ့ပေါ့။ ကျွန်တော့်အမေ့ကိုကြည့်ပြီး ချုံးပွဲချငိုလိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော်က လူကြီးဖြစ်နေပြီလေ။ ထိန်းနိုင်ရမှာပေါ့၊
ပြီးတော့ကို ပထမဆုံးမေးမိတဲ့သူက ကိုယ့်ချစ်သူလေ
သူဘယ်မှာလဲအမေ
အမေကတော့
သားရယ်တဲ့ ဒါသဘာဝတွေပါပဲ တဲ့။ သူက စစ်သားမိန်မ လုပ်ရမှာကြောက်တယ်တဲ့ကွယ်။ သူအဲဒီဒဏ်တွေကြောက်တယ်တဲ့ အမြဲတမ်းပူပင်သောကရောက်နေ ရတယ်တဲ့
ကျွန်တော် သဘောပေါက်ပါပြီ။
ရပါတယ်ကို သူ့ ကိုခွင့် လွှတ်လိုက်ပါတယ်လို့ ပဲပြောပေးပါ။
သူကြားနိုင်ပါစေလို့ ရယ်ပေါ့။ ဘယ်အချိန်ဘယ်နေရာရောက်ရာက် နိုင်ငံတော်တာဝန်ကို ဦးလည်မသုန်ထမ်းရွက်နေတဲ့ စစ်သားတွေမှာ ကိုယ့်အတွက် ကိုယ်ချစ်တဲ့သူတွေအတွက်ဘယ်မှာအချိန်ရှိနိုင်ပါ့မလဲ။ ဘာပဲပြောပြောလေ ကျွန်တော် ချစ်တဲ့တပ်မတော် ကျွန်တော်ချစ်တဲ့စစ်သားတွေ အတွက်ပေးဆပ်ရတာကိုပဲ ကျွန်တော်ကျေနပ်ပါတယ်လေ။ ကျွန်တော်ချစ်တဲ့ နိုင်ငံတော်အတွက် ကျွန်တော်ဟာ အမြဲတမ်းသားကောင်းရတနာဖြစ်နေအောင်ပဲ ကြိုးစားရင်း………………

(စစ်ဆင်ရေးမှပြန်လာပြီး cerebral malaria နှင့် ဆေးရုံတက်နေသောသူငယ်ချင်း အမြန်ဆုံး ကျန်းမာပါစေဆုတောင်းလျက်)

Dr.ဘလိတ်ဒါး

9 comments:

Anonymous said...

နောက်လူအတွက်ဆေးတွေချန်ထားတဲ့စိတ်ကို လေးစားပါတယ်။

ဒါပေမယ့် ဆရာဝန်ကျန်းမာမှ ကျန်တဲ့သူတွေဆေးကုနိုင်မယ်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားတဲ့။ အဲဒိသစ်ပင် လဲသွားရင် ဒီငှက်တစ်သောင်းဘယ်မှာနားမလဲ။

ဖြိုးငယ် said...

ဂုဏ်ပြုပါတယ်ဗျာ .. လေးစားပါတယ် ..
စစ်သားတွေမှာလည်း တော်တော်ချစ်တက်ကြပါပေတယ်.... ချစ်သူကို ခွင့်လွတ်နားလည်ပေးနိုင်စွမ်းလည်း ရှိတက်ကြပါတယ်..
ကိုယ့်ဘ၀ကို ကိုယ်က အနားလည်ဆုံး ဖြစ်နေတာကိုဗျ... အမြန်ဆုံးနေကောင်းပါစေဗျာ

Anonymous said...

လူနာတွေအတွက် ပိုကြည့်တတ်တဲ့ ဆရာဝန်လေးကို လေးစားပါတယ်...

GreenGirl said...

သနားသွားတယ်း(

မသက်ဇင် said...

ဖတ်သွားပါတယ်---
ရသ အရေးကောင်းတယ်--

Dream said...

ဖတ်ပြီးရင်ထဲ မောသွားတယ်.. ဦးဦးက အရေးအသားကောင်းတော့ ဟတ်ဒ်ထိသွားတယ်... :(

mgnge said...

ကောင်း ပါ့ ဘရာသာရာ... ။ စစ်သားလည်းနှလုံးသားနဲ့ 
ကိုယ်ချင်း စာစိတ်နဲ့ ...။
ခွင့်လွှတ်တတ်တဲ့ စိတ်ရှိ ပါတယ်...။

လေးစားလျက်
ညီငယ်

kiki said...

ဪ ..ဇဗ္ဗူ တလူ ဤလိုသူမျိုးလည်း ဒီခေတ်အခါမှာ ရှိပါသေးရဲ့ နော် ။ မှတ်သားလောက်ပါပေတယ် ။လေးစားပါတယ် ။ မောင်မင်းကြီးသား အမြန်ဆုံး ကျန်းမာပါစေ ။

Anonymous said...

www.4everarmy.co.cc is very informative. The article is very professionally written. I enjoy reading www.4everarmy.co.cc every day.
payday loans edmonton
loans

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us