Wednesday, April 22, 2009

ကျွန်တော်ကြုံခဲ့ဘူးသော မဟာသင်္ကြန်ပွဲတော်


“တူးပို့၊ တူးပို့” တေးသံများသည် မြန်မာတို့၏ ရိုးရာအတာသင်္ကြန်ပွဲတော်၏ သရုပ်ဖော်တေးသွားများ ပင်ဖြစ်သည်။ ရေဒီယိုလေးဆီမှ အတာသင်္ကြန်သီချင်းများကို လွှင့်ထုတ်နေလေပြီ…. သြ..မဟာသင်္ကြန်ပွဲတော်ကြီးတောင် နီးလာပြီကိုး.. ကျွန်တော်ရောက်ရှိနေသော နေရာလေးကတော့ သင်္ကြန်ပွဲတော်ရောက်၍ ရေလောင်းချင်လျှင်တောင် အလောင်းခံမည့်သူကို မနည်းရှာယူရမည့်နေရာလေး…။
နယ်ဒေသလေးတစ်ခု၏ ရထားလမ်းလုံခြုံရေးကို တာဝန်ယူနေရသော မနေ့တနေ့ကမှ ကျောင်းဆင်းလာသော ဗိုလ်ပေါက်စလေး ကျွန်တော်… သင်္ကြန်ဆိုတာကတော့ အများတကာလို ကားများဖြင့် မြို့တစ်ပတ် ရေပက်ခံထွက်ကြသည်ဆိုသည်မှာ ဗီဒီယိုဇာတ်လမ်းထဲတွင်သာ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့များခံစားပြ၍သာ ခံစားကြည့်ခဲ့ဘူးသည်။ အမိကျောင်းတော်ကြီးမှာတုန်းကတော့ ကျွန်တော်တို့ ဗိုလ်လောင်းများအတွက် မဏ္ဍပ်များဆောက်လုပ်ပေးပါ ဖျော်ဖြေမှုများဖြင့် မဟာသင်္ကြန်ပွဲတော်ကို သုံးနှစ်တိုင်တိုင် သူငယ်ချင်းများဖြင့် ပျော်ရွှင်မြူးတူးစွာ ဖြတ်သန်းခဲ့ကြရသေးသည်။ အမိကျောင်းတော်ရင်ခွင်မှ ထွက်ခွာပြီး မိမိ တာဝန်ကျရာ နေရာများသို့ ရောက်ရှိချိန်တွင်တော့ ကျွန်တော်တို့သည် လူငယ်လူရွယ်များပင် ဖြစ်သော်လည်း နိုင်ငံတော်ကပေးအပ်ထားသော တာဝန်သည် ကျွန်တော်တို့ ပုခုံးထက်တွင် ကပ်လျက်ပါခဲ့ပါပြီ။ သင်္ကြန်ဆိုတာလည်း အမိကျောင်းတော်တုံးက အပျော်ကိုသာ ပြန်စမြှုပ်ပြန်ရတော့မည့် အနေအထားသာ ဖြစ်သည်။
တေးသွားလေးတစ်ခုကြောင့် တွေးတောလိုက်သော အတွေးသည် အမိကျောင်းတော်ကြီးတွင် ပျော်ရွှင်ခဲ့ဘူးသော အတိတ်ကသင်္ကြန်ပုံရိပ်များဆီပါ ရောက်ရှိသွားကာ အနားသို့ ဆရာကြီးရောက်လာသော အခါ အတွေးတို့သည် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားလေသည်။

‘ဗိုလ်ကြီး.. ကြေးနန်းရောက်ပါတယ်။ နေရာအပြောင်းအလဲရှိပါတယ်။ ပစ္စည်းတွေသိမ်းဆည်းပြီး မနက်ဖြန်ညနေ နောက်ဆုံးထားပြီး တပ်မကို သတင်းပို့ရပါမယ်။’
ကံကြမ္မာကကောင်းချင်တာလားတော့ မသိ။ တပ်ပြန်ရမည်ဆိုရင်တော့ ရေငတ်တုန်းရေတွင်းတွေ့ ဆိုသလို သင်္ကြန်ငတ်တုံး သင်္ကြန်တွင်းလေး တပ်ပြန်ရလည်း မဆိုးချေ။ ထို့နောက် ပစ္စည်းများသိမ်းဆည်းပြီး နောက်ဆုံးရထားတစ်စီးကို စောင့်ကာ တပ်ရင်းသို့ ပြန်ချီတက်လာကြသည်။ ဆရာကြီးတွေကတောင် ကိုယ့်ထက် ခြေလှမ်းမြန်နေသယောင်ယောင်။ သားသမီး၊ ဇနီးမယားကို တွေ့ချင်တဲ့ ဇောလေးက ကိုယ့်သင်္ကြန်ပိုးထပ်တောင် အားကောင်းပ။ တပ်ရင်းရောက်ပြီး သတင်းပို့စရာရှိတာများကို ပို့ပြီး အဆောင်သို့ပြန်လာခဲ့သည်။ ကျွန်တော်တို့ လူပျိုဆောင်သွားရာလမ်းလေးသည် အိမ်ထောင်သည်လိုင်းခန်းများ နားလေးမှ ဖြတ်သွားရသည်။ ရုတ်တရက် ကျောဖက်မှ အေးကနဲဖြစ်သွား၍ လှည့်ကြည့်မိလိုက်ရာ…

“ဟားဟား… ဦးဦးကို သေနတ်မှန်သွားပြီ။ စိတ်ဆိုးရဘူးနော်… ဒါသင်္ကြန်ရေ..”
ကလေး လေးများသည် သင်္ကြန်မတိုင်ခင်ကပင် ရေပြွတ်ကို အသုံးချနေကြလေပြီ။ အင်း ဘာပဲပြောပြော သင်္ကြန်ရေဆိုတော့လည်း အေးမြပါသည်။
နောက်တစ်နေ့မနက်တွင် တန်းစီအပြီး ရင်းမှူးခေါ်၍ တပ်ရင်းရုံးကို လာခဲ့သည်။ တပ်ရင်းမှူးနှင့် တွေ့အပြီး တပ်ရင်းရုံးပြန်အထွက်တွင် လူက စိုင်းစိုင်းခမ်းလှိုင်သီချင်းလို… “ကျွန်တော်လေထဲ မြှောက်တက်သွားတာလား” ဆိုသကဲ့သို့ ပျော်ရွှင်မှု အဟုန်ကြောင့် ခြေထောက်တောင် မြေကြီးဖြင့် မထိတော့သယောင် ခံစားလိုက်ရသည်။ ရန်ကုန်မြို့မဟာသင်္ကြန်ပွဲတော် လုံခြုံရေးတဲ့ဗျ…….. သင်္ကြန်ပိုးလေးကျွန်တော် တစ်သက်တွင်တစ်ခါတောင် မကြုံဖူးသော မဟာသင်္ကြန်ပွဲတော်ကို မြင်ရတော့မည်။ အတွေးများဖြင့် အပျော်များဖြင့် ပစ္စည်းများထုပ်ပိုးရန် အဆောင်ဆီသို့ အပြေးတပိုင်းပြန်လာခဲ့မိသည်။
ကျွန်တော်တို့တပ်စုသည် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တက္ကသိုလ်များ ဓမ္မာရုံတွင် စခန်းချသည်။ ကျွန်တော့်ရင်အစုံသည် ဒိန်းတလိန်းနတ်ဝင်သလို တဒိန်းဒိန်းဖြစ် နေသည်။ ညအချိန်တွင်တောင် နာရီစက္ကန့်တံများ ရွေ့လျားးသံသည် နှေးကွေးသလို ခံစားနေရသည်။ မနက်ဖြန်ဆိုလျှင် ကျွန်တော်ရင်ခုန်ရသော မဟာသင်္ကြန်အကြိုနေ့သို့ရောက်ပါတော့မည်။ တစ်ညလုံး ကျွန်တော်ကောင်းကောင်အိပ်မရခဲ့။ မနက် ငါးနာရီတွင် equipment အပြည့်အစုံဖြင့် လုံခြုံရေးစောင့်ရမည့် နေရာကို ချီတက်ကြပါသည်။ နေရာလေးကတော့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင် အနောက်နားတွင်ဖြစ်သည်။ အင်းလျားလမ်းရှိ မဏ္ဍပ်များလုံခြုံရေးဖြစ်သည်။ ကုသိုလ်ကံကတော့ တော်တော်ကောင်းနေသည်ဆိုရမည် သင်္ကြန်ပိုးလေးကျွန်တော် မဏ္ဍပ်များရှေ့တည့်တည့်နေရာမှာမှ လုံခြုံရေးတာဝန်ကျသည်တဲ့။ ယခုချိန်တွင်တော့ မဏ္ဍပ်များအားလုံးသည် လှုပ်ရှားမှုများမရှိပဲ ငြိမ်သက်နေကြသည်။ ညနေပိုင်းတွင်သာ မဏ္ဍပ်အချို့ဖွင့်ပွဲများပြုလုပ်ကြသည်။
မဟာသင်္ကြန်အကျနေ့သို့ရောက်ပါပြီ။ ကျွန်တော့်ရှေ့တွင် မြင်နေရသော မဏ္ဍပ်သို့ အရွယ်စုံအရောင်စုံဖြင့် လူများတဖြည်းဖြည်းဖြင့် ရောက်ရှိလာကာ လှုပ်ရှားမှုလေးများဖြင့် မဏ္ဍပ်သည် အသက်ဝင်လာလေသည်။ ကျွန်တော်တို့နှင့် ရွယ်တူလောက်သာရှိလောက်သော လူငယ်လေးများကလည်း တေးသွားများဖြင့် မဏ္ဍပ်ပေါ်တွင် ပျော်ရွှင်မြူးတူးကာ ကခုန်နေကြသည်။ ရေပက်ခံကားများကလည်း လမ်းမတစ်လျှောက်ပြည့်ကျပ်ကာ အင်းလျားကန်ရေများကို အန်တုကာ ပျော်ရွှင်စွာရေပက်ခံနေကြသည်။
ကံများက မကောင်းချင်တော့ ကျွန်တော့်ရှေ့တည့်တည့်မှ မဏ္ဍပ်တွင် အစ်မ၀မ်းကွဲဖြစ်သူက ရှိနေလေသည်။ ကျွန်တော့်ကို မြင်သည်နှင့် ၀မ်းသာအားရ ခုန်ပေါက်ပြေးဆင်းလာကာ ခြံစည်းရိုးနားသို့ ကပ်လာသည်။

“ဟဲ့… မောင်မောင်။ နင်ဒီမှာ တာဝန်ကျတယ်ဟုတ်လား။ ငါ့ကိုတောင် ဖုန်းမဆက်ဘူး။”
“ငါ အဆင်မပြေလို့ပါ”

“ဟဲ့..ငါတို့မဏ္ဍပ်ကိုလိုက်ခဲ့ပါလား။ ငါ့မှာ မဏ္ဍပ်ကဒ်ပိုသေးတယ်။ အင်္ကျီကတော့ ငါ့သူငယ်ချင်းတစ်ယောက်ဆီမှာ အပိုပါလာတယ်။ အပေါ်အကျီ င်္လဲလိုက်… နင်ကံကောင်းတယ်ဟာ သင်္ကြန်မှာမှ ရန်ကုန်ကိုတာဝန်ကျတာ”

“ငါမလိုက်တော့ပါဘူး.. အစ်မ။ ငါက တာဝန်ချိန်ကြီးမှာ”

“ဟ.. နင့်အထက်အရာရှိ ရှိတာမှ မဟုတ်တာ။ ဘာဖြစ်လည်း ဆရာကြီးတွေကလည်း နင်ပြောထားရင် ဖြစ်တာပဲဟာ။ နင်ကလည်း သိပ်ကို စည်းကမ်းလိုက်နာနေပါလား။ ”
“အစ်မ… ကျွန်တော့်ကို အဲဒီလို မပြောပါနဲ့။ စစ်စည်းကမ်းဆိုတာ ကျွန်တော်တို့အသက်ပါ။ ကျွန်တော့်တာဝန်က သင်္ကြန်တွင်းမှာ လုံခြုံရေးစောင့်နေရတာပါ။ စစ်တိုက်ပွဲမှာမှ တာဝန်စည်းကမ်းဆိုတာ ရှိတာမဟုတ်ပါဘူး။ အသက်ကိုတောင် ပေးအပ်ပြီးမှ နိုင်ငံကို ကာကွယ်မယ်လို့ သစ္စာအဓိဌာန်ပြုထားတဲ့ ကျွန်တော်တို့တွေအတွက်တော့ ဒီသင်္ကြန်အပျော်ဆိုတာ မပြောပလောက်ပါဘူး။ ကျေးဇူးတင်ပါတယ် အစ်မ။ ကျွန်တော့်ကို နားလည်ပေးပါ။”

“အေးလေ… နင့်သဘောပါ။ နင့်ဘ၀ကလည်း မြင်သာမြင် မကြင်ရတဲ့ဘ၀ကြီး…..”

အစ်မဖြစ်သူလည်း စိတ်ပျက်စွာဖြင့် ပြန်လည်ထွက်သွားလေသည်။

အင်းလျားလမ်း၏ တဖက်ခြမ်းသည် ပျော်ရွှင်မှုများဖြင့် ကခုန်လှုပ်ရှားနေသော်လည်း အခြားတစ်ဖက်ခြမ်းတွင် သံလွင်ရောင်ဝတ်စုံကို ၀တ်ဆင်ထားကာ ခရေပွင့်အမည်းရောင်လေးကို ပုခုံးထက်တွင်တင်၍ အမိကျောင်းတော်ကြီးတွင် ကိုယ်တိုင် ပါဝင်ဆင်နွှဲ၊ ပျော်ရွှင်ခဲ့ရသော သင်္ကြန်နေ့ရက်များ၏ အပျော်ပီတိများကို ရင်ဝယ်ပိုက်ကာ အင်းလျားလမ်းတဖက်ခြမ်းရှိ မဏ္ဍပ်များပေါ်ရှိ ထိုပျော်ရွှင်စွာကခုန်နေသူများ ဘေးအန္တာရာယ်ကင်းကင်းရှင်းရှင်ဖြင့် အေးချမ်းစွာ မဟာသင်္ကြန်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကျွန်တော်….။

စာအပြည့်အစုံသို့….

Saturday, April 18, 2009

+ မီးသတ်သမားလေးတစ်ဖြစ်လည်း တပ်မတော်သား


နွေရာသီပူပြင်းမှုက ရက်စက်မှုများစွာဖြင့် ပူပြင်းနေသည်။ လေပွေများသယ်ဆောင်မှုကြောင့် အဆောင်ရှေ့မြေတလင်းတွင်လည်း သစ်ရွက်ခြောက်များ ဘယ်ညာယိမ်းနွဲ့ကာ ရွေ့လျားနေကြသည်။ ရေရှားသော ဒေသဖြစ်သောကြောင့် သစ်ပင်ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်းကရှားသည်။ မြက်ခြောက်ပင်များသာ များပြားစွာ ပေါက်ရောက်မှုကြောင့် တိုက်သောလေတိုင်းတွင်လည်း ဖုန်လုံးများက တဖွေးဖွေး။ ဖန်ဝါနေမင်းကလည်း ပါဝါကုန်အောင် အပူချိန်ကို မြင့်တင်နေသလားထင်ရလောက်အောင် ခန္ဓာကိုယ်တွင်းမှ ချွေးများအင်္ကျီရွှဲအောင် စိုလေပြီ။ မတတ်သာသည့်အဆုံး ကိုယ်ပေါ်မှ ယူနီဖောင်းကို ခွာရသည်။ ချွေးတိတ်စေရန် ယပ်တောင်အားကိုးဖြင့် နွေဂိမာန်ကို အံတုကာနေလိုက်သည်။ အဆောင်ရှေ့မှ မိမိနာမည်ခေါ်သံကြားသဖြင့် ထွက်လာစဉ် ကိုယ့်ကိုယ်ကို မြင်ယောင်မိသည် ယပ်တောင် တဖျတ်ဖျတ်ဖြင့် ကျိကုံးလိုလို ဘာလိုလို။

“ဗိုလ်ကြီး… အောက်ဖက်ရာဘာခြံတွေမှာ မီးလောင်နေလို့ ဗိုလ်မှူး ခေါ်ခိုင်းလိုက်ပါတယ်။ “

ကျွန်တော် ခေါင်းနားပန်းတော်တော်ကြီးသွားသည်။ အောက်ရာဘာခြံများနှင့် ကျွန်တော်တို့တပ်ရင်းက သိပ်မနီးသော်လည်း သိပ်မဝေးလှ။ ပိုဆိုးသည်က နွေရာသီလေပွေများကြားတွင် လောင်သော တောမီး။ ချက်ချင်းဆိုသလို ကုတင်ပေါ်တွင် လွှားထားသော တီရှပ်တစ်ထည်ကို ကောက်စွပ်၊ ဦးထုပ်ဆောင်း၍ ဆိုင်ကယ်ကိုဆွဲကာ တပ်ရင်းရုံးသို့ အသောနှင်ရသည်။ ဗိုလ်မှူးမှာကြားသည့်အတိုင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ရန် ကင်မရာကို အဆောင်တွင် ပြန်ဝင်ယူ တပ်စုတစ်စုကို မီးလောင်ရာသို့ ချက်ချင်းလွှတ်ပြီး မိမိနှင့် ရဲဘော်နှစ်ယောက်က မီးလောင်ရာသို့ ဆိုင်ကယ်ဖြင့် လိုက်လာခဲ့ကြသည်။ မီးတောက်က တော်တော်ကြီးသည်။ တောမရှင်းထားသော ခြံကွက်တစ်ခုကို လောင်မြိုက်နေသောကြောင့် မီးတောက်အားက ကောင်းပြီး မီးလောင်ရာလေပင့်ဆိုသကဲ့သို့ လေပွေအပင့်ကြောင့် မီးက ဘယ်ညာယိမ်းကာ မီးပွားများကျပြီး ဘယ်ရွေ့ဘယ်က စသတ်ရမည် မသိအောင်။ မီးငြိမ်းသတ်သော ရဲဘော်များလည်း မီးပွားများ ကိုယ်ပေါ်မကျအောင် မီးလွတ်ရာသို့ ပြေးကြရသည်။ မီးလောင်မှုက တပ်နှင့် ဆန့်ကျင်ဖက်လားရာသို့ ပြောင်းပြန်လောင်လေပြန်သည်။ ကျွန်တော်လည်း ဓါတ်ပုံတစ်ပုံနှစ်ပုံသာမှတ်တမ်းတင်ပြီး ဆိုင်ကယ်ကို မီးလွတ်ရာသို့ထားကာ မီးမကူးသေးသော တဖက်ကပ်ရပ်သီဟိုခြံဆီသို့ သွားကာ အခြားရဲဘော်များနှင့်အတူ မီးဖြတ်အောင် တောကိုရှင်းရသည်။ အခြားခြံများမှ ခြံအလုပ်သမားများကလည်း မီးလမ်းကြောင်းဖြတ်အောင် မြက်ခြောက်များကို ခုတ်နေသောကြောင့် ကျွန်တော်လည်း နီးစပ်ရာ သစ်ရွက်စိမ်းပင်များကို စုကိုင်ကာ မီးတောက်များကို လိုက်သတ်ရသည်။ ရေရှားသော ဒေသဖြစ်သောကြောင့် ရေကိုလည်း အလွယ်တကူမရနိုင်။ ကျွန်တော့်ရဲဘော်များက တောစီးဖိနပ်များဝတ်ဆင်ထားသဖြင့် မီးလောင်ထားပြီးသား မြေပြင်ကို လွယ်လွယ်ကူကူနင်းနိုင်ကာ လောင်ကျွမ်းမှု အတွင်းထဲသို့ ၀င်သတ်နိုင်သေးသည်။ အခြားအလုပ်သမားများက ရိုးရိုးဖိနပ်များကိုသာ ၀တ်ဆင်ထားသောကြောင့် မြေပြင်ပြာပူဒဏ်ကို ကြာကြာမခံနိုင်။

"ဆရာကြီး .. သတိထားအုံး။ လောင်နေတာက ၀ါးတွေ။ ပေါက်ထွက်တဲ့ မီးစတွေကို သတိထားဗျ။ မီးဟပ်မယ် နောက်နည်းနည်းဆုတ်။"

ကျွန်တော်စီးလာသည့်ဖိနပ်ကလည်း ချစ်သူလေးဝယ်ဆင်ထားသော ကတ္တီပါဖိနပ်အပြာလေး။ ဖုံတွေ ပြာတွေကြားမှာ လုံးပါး ပါးလေပြီ။ မီးလောင်မှု၏ မြေပြင်အပူရှိန်ကြောင့် အတွင်းသို့ မတိုးနိုင်ဘဲ မိမိရဲဘော်များကို နောက်မှ သတိပေးရသည်။ ဆရာကြီးတို့က ဇောနှင့် မီးသတ်နေသောကြောင့် မီးကွင်းအလယ်သို့ တိုးတိုးဝင်နေသကဲ့သို့ ဖြစ်နေပြီ။ မီးက အပြန့်လိုက် လောင်သောကြောင့် တော်တော်နှင့် မပြီးနိုင်။ သီဟိုခြံစပ်မှ ဖုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးလည်း မနေသာတော့။ သင်းပိုင်ကိုသာရုံပြီး မီးဝင်သတ်လေသည်။ လောင်ကျွမ်းချိန်တစ်နာရီစွန်းစွန်းတွင် စတင်လောက်ကျွမ်းသော နေရာ၏ သုံးဧကစွန်းစွန်းလောက်အရောက်တွင် မီးတောက်ကျိုးကာ မီးသေလေပြီ။ လောင်ကျွမ်းသောနေရာဒေသနှင့် မြို့ကလည်း အလျှမ်းတော်တော်ဝေးသောကြောင့် မီးသတ်ကားလည်း မလာနိုင်။ နောက်ဆုံးတွင်တော့ ရဟန်းရှင်လူအများနှင့် ရဲဘော်ရဲဖက်များ ကောင်းမှုဖြင့် မီးညွန့်ကြိုးလေသည်။ ရာသီဥတုပူပြင်းမှုကို လွန်ခဲ့သော နာရီပိုင်းခန့်က စာဖွဲ့ခဲ့သော ကျွန်တော်ပင်လျှင် စာမဖွဲ့နိုင်တော့ချေ။ မီးဟပ်ထားသော ခြေလက်များနှင့် ပြာပူနင်းထားသော ခြေထောက်များကို တစ်ချက်ကြည့်ကာ မီးလောင်ထားပြီးသား မြေပြင်ကြီးကို ကြည့်ပြီး သက်ပြင်းတစ်ချက်သာ ချနိုင်သည်။ ရဲဘော်များကိုကြည့်ပြီးလည်း စိတ်မကောင်းမိ။ ရဲဘော်အချို့၏ ယူနီဖောင်းများလည်း သစ်ငုတ်များနှင့် ငြိသောကြောင့် ပြဲရွဲကုန်ပြီ။ အချို့လည်း မီးပွားများစင်သောကြောင့် ပေါက်ကုန်ပြီ။ မိမိယူနီဖောင်းဘောင်းဘီလည်း ရစရာမရှိ။ အနားများ စုတ်ပြတ်ကုန်သည်။

မီးငြိမ်းသတ်ပြီး လမ်းမဖက်သို့ ပြန်ထွက်လာချိန်တွင် အချိန်မီမီးငြိမ်းသတ်နိုင်၍ မီးလွတ်ကင်းသွားသော ခြံများမှ လူများ၏ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာများကို မြင်ရချိန်တွင် ပင်ပန်းခဲ့သမျှသည် နွေဂိမာန်ချိန်တွင် မိုးပြေးလေလေးတိုက်ခတ်သကဲ့သို့ ခံစားလိုက်ရမိသည့် ကျွန်တော့်၏ တပ်မတော်သားတစ်ယောက်၏ မီးသတ်သမားဖြစ်စဉ်မှတ်တမ်းလေးကို တင်ပြလိုက်ပါသည်။


စာအပြည့်အစုံသို့….

Thursday, April 2, 2009

+ စိတ်ကူးနှင့် သင်္ကြန်


သင်္ကြန်ချိန်ခါရောက်လို့လာခဲ့ပြီ တူးပို့တူးပို့သံများက လေလှိုင်းထဲတွင်တောင် ပျံ့လွှင့်နေပြီ။ တာဝန်ချိန်ပြီးဆုံးလို့ အိမ်ပြန်ရမည်ဟူသော အတွေးတစ်စကြောင့် လူက မပြုံးပဲနှင့်တောင် ပြုံးနေသယောင်ယောင်။ သူငယ်ချင်းများဆီကိုလည်း သင်္ကြန်ကာလတွင်း မဏ္ဍပ်အတူတူထိုင်ရန်ကို လှမ်းကာ စီစဉ်ထားမိကာ သင်္ကြန်အပျော်များက ခန္ဓာကိုယ်တွင်း စီးဝင်နေသည်။ မနေ့တစ်နေ့ကမှ ပူပူနွေးနွေးချစ်သူရထားသော ကျွန်တော့်အဖို့ အတာသင်္ကြန်ရက်များသည် ရွှေရောင်နေ့ရက်များအဖြစ် စိတ်ကူးယဉ်နေမိသည်။ ညီးမိသည့် သီချင်းလေးက ဟဲလေး၏ “ပျော်တာပေါ့ အနားလေးကို ကပ်။ ခါးလေးကိုဖက် ပြီးတော့လေ ရေတွေ အတူတူပက်။ ပျော်တာပေါ့”

မနက်မိုးလင်းကတည်းက ပျော်နေသော အပျော်သည် ညဖက် စက်မှ ညွှန်ကြားချက် ၀င်လာချိန်တွင် ဆပ်ပြာပူဖောင်းပေါက်သကဲ့သို့ ပေါက်သွားလေပြီ။နောက်တန်းသို့ပြန်မည့် စစ်ကြောင်းရှိမှသာ လိုက်ပြန်ရသော ကျွန်တော်တို့ ဆက်သွယ်ရေး စစ်သည်များအဖို့ တာဝန်ချိန်ပြီးသည်နှင့် စစ်ကြောင်းအပြန်ကို စောင့်မျှော်ခဲ့ရသည်မှာ အမော။ ယခုညွှန်ကြားချက်က ဆက်သွယ်ရေးTower တိုင် လုံခြုံရေးအတွက် ဆက်သွယ်ရေးအရာရှိနှစ်ယောက် နောက်ချန် နေခဲ့ရမည်။ ကံကဆိုးချင်တော့ Juniorများ နေခဲ့ရမည်ဆို၍ ပြေးမလွတ်သည်က မိမိ။ မိမိကဲ့သို့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ၄၉မှ ညီလည်း ငုတ်တုတ်မေ့လေပြီ။ ညွှန်ကြားချက် ၀င်ကတည်းက ပြန်ရင် အသင့်ပြင်ထားသော အထုပ်သည် ကျွန်တော့်ကို ရီပြ နေသယောင်ယောင်။

ညကတစ်ညလုံး အိပ်လို့မပျော်။ မနက်မိုးသောက်တော့ နောက်တန်းပြန်မည့် စစ်ကြောင်းကြီးကို ကြည့်ကာ လူက ၀မ်းနည်းလာသည်။ ဗိုလ်မှူးကလည်း စိတ်မကောင်းစွာဖြင့် ကျွန်တော့်ပုခုံးကို ပုတ်ကာ ထွက်သွားလေပြီ။ ၄၉ကညီကတော့ စစ်ကြောင်းထွက်သွားရာတစ်လျှောက် စခန်းချထားသည့်နေရာအဆုံးထိ လိုက်ပို့လေသည်။ မျက်နှာကတော့ တော်တော်မကောင်း။ ကျွန်တော်လည်း မိမိကိုမျှော်နေမည့် မိခင်နှင့် ချစ်သူဆီဖုန်းဆက်ရလေသည်။ တော်သေးသည် ဖုန်းကမိသေး၍။ မိခင်ကတော့ ငိုလေပြီ.. မိမိရောက်နေသော နေရာကလည်း မအေးချမ်းသောကြောင့် မိခင်ကို စိတ်ချပါဟု ပြောရန်ကလည်း မိမိကိုယ်တိုင် ရှေ့ဖြစ်မဟောတတ်တော့ မသိ။ ချစ်သူကလည်း ငိုပြန်သည်။ ခက်ရချီ။

မိခင်နှင့် ချစ်သူငိုတော့ ဒီဖေမောင်မှာ မနေသာတော့။ စစ်သားကြီးတန်မဲ့ ၀မ်းနည်းရလားဟု အပြစ်တင်လိုက တင်ပါစေ။ ကျွန်တော်လည်း အသွေးနှင့်ကိုယ် အသားနှင့်ကိုယ်ပါ။ သို့ရာသော်လည်း ကျွန်တော်တို့စစ်သားများသည် စစ်တိုက်ရန်။ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်။ လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်ဟူသော စကားချက်များကို ဦးထိပ်ပန်ဆင်ကြရသည်မှာ မိမိတို့တာဝန်ပင်ဖြစ်သည်။ သြ... အများသူငါများ ပျော်ရွှင်စွာ ရေပက်ကစားနေကြချိန်တွင် တပ်မတော်သား စစ်သည်များသည် မိမိတို့၏ စိတ်ကူးရင်သင်္ကြန်လေးများကို ရင်ထဲတွင်သာ ခံစားပြီး နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေကြပေသည်။

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us