Thursday, April 2, 2009

+ စိတ်ကူးနှင့် သင်္ကြန်


သင်္ကြန်ချိန်ခါရောက်လို့လာခဲ့ပြီ တူးပို့တူးပို့သံများက လေလှိုင်းထဲတွင်တောင် ပျံ့လွှင့်နေပြီ။ တာဝန်ချိန်ပြီးဆုံးလို့ အိမ်ပြန်ရမည်ဟူသော အတွေးတစ်စကြောင့် လူက မပြုံးပဲနှင့်တောင် ပြုံးနေသယောင်ယောင်။ သူငယ်ချင်းများဆီကိုလည်း သင်္ကြန်ကာလတွင်း မဏ္ဍပ်အတူတူထိုင်ရန်ကို လှမ်းကာ စီစဉ်ထားမိကာ သင်္ကြန်အပျော်များက ခန္ဓာကိုယ်တွင်း စီးဝင်နေသည်။ မနေ့တစ်နေ့ကမှ ပူပူနွေးနွေးချစ်သူရထားသော ကျွန်တော့်အဖို့ အတာသင်္ကြန်ရက်များသည် ရွှေရောင်နေ့ရက်များအဖြစ် စိတ်ကူးယဉ်နေမိသည်။ ညီးမိသည့် သီချင်းလေးက ဟဲလေး၏ “ပျော်တာပေါ့ အနားလေးကို ကပ်။ ခါးလေးကိုဖက် ပြီးတော့လေ ရေတွေ အတူတူပက်။ ပျော်တာပေါ့”

မနက်မိုးလင်းကတည်းက ပျော်နေသော အပျော်သည် ညဖက် စက်မှ ညွှန်ကြားချက် ၀င်လာချိန်တွင် ဆပ်ပြာပူဖောင်းပေါက်သကဲ့သို့ ပေါက်သွားလေပြီ။နောက်တန်းသို့ပြန်မည့် စစ်ကြောင်းရှိမှသာ လိုက်ပြန်ရသော ကျွန်တော်တို့ ဆက်သွယ်ရေး စစ်သည်များအဖို့ တာဝန်ချိန်ပြီးသည်နှင့် စစ်ကြောင်းအပြန်ကို စောင့်မျှော်ခဲ့ရသည်မှာ အမော။ ယခုညွှန်ကြားချက်က ဆက်သွယ်ရေးTower တိုင် လုံခြုံရေးအတွက် ဆက်သွယ်ရေးအရာရှိနှစ်ယောက် နောက်ချန် နေခဲ့ရမည်။ ကံကဆိုးချင်တော့ Juniorများ နေခဲ့ရမည်ဆို၍ ပြေးမလွတ်သည်က မိမိ။ မိမိကဲ့သို့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ၄၉မှ ညီလည်း ငုတ်တုတ်မေ့လေပြီ။ ညွှန်ကြားချက် ၀င်ကတည်းက ပြန်ရင် အသင့်ပြင်ထားသော အထုပ်သည် ကျွန်တော့်ကို ရီပြ နေသယောင်ယောင်။

ညကတစ်ညလုံး အိပ်လို့မပျော်။ မနက်မိုးသောက်တော့ နောက်တန်းပြန်မည့် စစ်ကြောင်းကြီးကို ကြည့်ကာ လူက ၀မ်းနည်းလာသည်။ ဗိုလ်မှူးကလည်း စိတ်မကောင်းစွာဖြင့် ကျွန်တော့်ပုခုံးကို ပုတ်ကာ ထွက်သွားလေပြီ။ ၄၉ကညီကတော့ စစ်ကြောင်းထွက်သွားရာတစ်လျှောက် စခန်းချထားသည့်နေရာအဆုံးထိ လိုက်ပို့လေသည်။ မျက်နှာကတော့ တော်တော်မကောင်း။ ကျွန်တော်လည်း မိမိကိုမျှော်နေမည့် မိခင်နှင့် ချစ်သူဆီဖုန်းဆက်ရလေသည်။ တော်သေးသည် ဖုန်းကမိသေး၍။ မိခင်ကတော့ ငိုလေပြီ.. မိမိရောက်နေသော နေရာကလည်း မအေးချမ်းသောကြောင့် မိခင်ကို စိတ်ချပါဟု ပြောရန်ကလည်း မိမိကိုယ်တိုင် ရှေ့ဖြစ်မဟောတတ်တော့ မသိ။ ချစ်သူကလည်း ငိုပြန်သည်။ ခက်ရချီ။

မိခင်နှင့် ချစ်သူငိုတော့ ဒီဖေမောင်မှာ မနေသာတော့။ စစ်သားကြီးတန်မဲ့ ၀မ်းနည်းရလားဟု အပြစ်တင်လိုက တင်ပါစေ။ ကျွန်တော်လည်း အသွေးနှင့်ကိုယ် အသားနှင့်ကိုယ်ပါ။ သို့ရာသော်လည်း ကျွန်တော်တို့စစ်သားများသည် စစ်တိုက်ရန်။ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်။ လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်ဟူသော စကားချက်များကို ဦးထိပ်ပန်ဆင်ကြရသည်မှာ မိမိတို့တာဝန်ပင်ဖြစ်သည်။ သြ... အများသူငါများ ပျော်ရွှင်စွာ ရေပက်ကစားနေကြချိန်တွင် တပ်မတော်သား စစ်သည်များသည် မိမိတို့၏ စိတ်ကူးရင်သင်္ကြန်လေးများကို ရင်ထဲတွင်သာ ခံစားပြီး နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေကြပေသည်။

5 comments:

Dream said...

ဖတ်ပြီးစိတ်မကောင်းပါ.... ဦးဦးအာမီရေ

တနှစ်မပျော်တနှစ် ဦးဦးလည်း သင်္ကြန်ရဲ့ အပျော်လေး ခံစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...

ချစ်သူနှင့်လည်း သင်္ကြန်မှာ တူတူလျောက်လည်နိုင်တဲ့ အခွင့်အရေး ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်.....း)

ဖြိုးငယ် said...

ဒီလိုပါပဲဗျာ .. သင်္ကြန်ဆိုတာ ကျွန်တော်တို့အတွက်
ကောင်းကင်ပေါ်က လမင်းကြီးလိုပါပဲ..
ရှိမှန်းသာ သိတယ် .. ထိခွင့်မရှိသလိုပဲဗျာ ..

mgnge said...

ဟူးးး
အခု မှရောက်ဖူး ပေမယ့် 
စိတ်မကောင်းစရာ နဲ့ စကြုံရတာပဲနော်..။

ဒီလို ပါပဲ ကျွန်တော်တို့ စစ်သားဆိုတာ.........။

လွမ်းသုရင် said...

၂၀၀၄ခုနှစ်သင်္ကြန် ပြင်ဦးလွင် DSA ကျောင်းထဲမှာလေ... ရေဗူးလေးတွေကိုင်လာပြီး အစ်မ ကျွန်တော့ကို ရေလောင်းပါလားလို့ ပြောခဲ့တှဲ့ ဘယ်သူမှန်း မသိတော့တဲ့ မောင်လေးတွေကို သင်္ကြန်ရောက်တိုင်း သတိရမိပါတယ်...

မသက်ဇင် said...

သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us