Thursday, June 11, 2009

+ မိခင်ရင်ခွင်ဆီသို့ ခဏတာ ခိုလှုံခွင့်


မိုးတွေက မရပ်မနားကို ရွာနေလေပြီ။ တောတစ်ခုလုံးကလည်း ညို့မှိုင်းမှိုင်းဖြင့် သစ်ပင်ဝါးပင်များ လေအဝှေ့တွင် ရိုက်ခတ်သံများနှင့် တောင်တန်းများသည် မိုးစက်မိုးပေါက်များအောက်တွင် အိပ်စက်နေလေသည်။ လူနာများဆီမှ ညီးသံသဲ့သဲ့ကြားတိုင်း ရင်တွင်းကို ဆောက်နှင့်ထွင်းသလိုခံစားရသည်။ မိမိလည်း ဒီထက်ပို၍ လူနာများသက်သာစေချင်အလို့ငှာ မတတ်သာချေ။ တောင်ဆင်းလမ်းကို မိုးရေများကြားမှ သတိထားဆင်းကာ လူနာများကို ထမ်းလာသော မိမိရဲဘော်များကိုလည်း ဂရုဏာသက်မိသည်။ မနေ့ကဖြစ်ပွားသွားသော တိုက်ပွဲကြောင့် ဒဏ်ရာရလူနာများကို ရန်ကုန်သို့ပြန်ပို့ရန်တာဝန်ကို ကျွန်တော်တာဝန်ယူရသည်။ မိမိချစ်သူကို တွေ့ခွင့်ရမည်ဟု ၀မ်းသာမိသော်လည်း ယခုကဲ့သို့လူနာပို့ဖြင့် ပြန်ရမည်ကိုဖြင့် စိတ်မသက်သာ...

တပ်စုတစ်စုနှင့်အတူတောင်ငူသို့ပြန်ဆင်းလာသော လမ်းတစ်လျှောက်တွင်လည်း မိုင်းများကို ထပ်မံမနင်းမိစေရန် သတိထား သွားနေရသည်။ ကျွန်တော်တို့တပ်မတော်သားများသည် မွေးဖွားလာသော အမိကျောင်းတော်များသာကွာခြားကြပြီး ရှေ့တန်းစစ်မြေပြင်တွင် တအူတုံဆင်း ညီအစ်ကိုရင်းခြာများကဲ့သို့ ချစ်ခင်ကြသည်။ ယခုလည်း စစ်ကြောင်းတွင်လိုက်ပါလာသော ၄၉မှ ညီငယ်က သူ့အသက်ကိုပင် ပဓာနမထားပဲ ကျွန်တော်တို့ ဆေးတပ်သားများကို စိတ်ပူနေပြန်သည်။
"ဆေးဗိုလ်ကြီး...စိတ်မပူနဲ့ဗျာ။ ညီ..လျှောက်တဲ့ခြေလှမ်းနောက်ကသာလိုက်။ ဆေးဗိုလ်ကြီးတို့တစ်ခုခုဖြစ်ရင် ကျွန်တော်တို့တွေ မကုတတ်ဘူးဗျ"
အသက်အားဖြင့် ကျွန်တော့်ညီငယ်လောက်သာရှိသော ကောင်လေးက အားပေးစကားပြောပုံမှာ ချစ်စရာကောင်းပါသည်။ ကျွန်တော်လည်း သူ့နောက်မှ ထပ်ချပ်မခွာလိုက်ရင်း တစ်နေရာအရောက်တွင်..

"ဆေးဗိုလ်ကြီး... ကျွန်တော်ဆီးသွားချင်လို့။ ဒီဖက်သွားတာ။ ဆေးဗိုလ်ကြီးရော သွားမလို့လား"

ကျွန်တော်လည်း ၄င်းက ထပ်ချပ်မခွာလိုက်ဟုဆိုသောကြောင့် သူ့ခြေလှမ်းများကို နင်းခဲ့သည်ကို အရှက်ပြေလေးဖြင့်..

"အေးကွာ..ငါလည်း မိုးအေးတော့ သွားချင်လာသလားလို့ကွ"
နောက်ဆုံးတွင် မရှိ ရှိတာကို ဖြစ်ညစ်ပေါက်ခဲ့ရသည်။

မိုးများကလည်း သည်းထန်စွာရွာသွန်းသောကြောင့် လူနာများလည်း မသက်သာလှ။ စိတ်မကောင်းစရာဖြစ်ရသည်ကား ငှက်ဖျားပိုးဦးနှောက်ထဲရောက်သွားသော လူနာစစ်သည်တစ်ဦးသည် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း လမ်းခုလတ်တွင်ပင် အသက်ဆုံးရလေသည်။ ကျန်ဒဏ်ရာရစစ်သည်များကိုလည်း သတိထားရသည်။ မိုးရွာလွန်းသောကြောင့် မိုင်းထိထားသောနေရာမှ အသားများပုပ်လိုက်မလာစေရန်လည်း ကြည့်ရှုရသည်။ သုံးရက်လောက် လမ်းလျှောက်လာပြီးချိန်တွင် မိမိကိုယ်တိုင်ပင် ခွေယိုင်ယိုင်ဖြစ်နေသည်။ မြေသားများကလည်း မိုးရွာလွန်းသောကြောင့် ပျော့လာကာ တောင်စောင်းတိုင်းကို သတိထားဆင်းနေရချိန်တွင် ခြေထောက်ထိပ်များက နာကျင်စပြုလာသည်။ လေးရက်မြောက်နေ့တွင် ကျွန်တော်တို့ တောင်ငူမြို့ကို ရောက်ရှိလာခဲ့ပြီ။ လူက နားချင်သော်လည်း မနားနိုင်။ လူနာများကို မှီရာရထားဖြင့် ချက်ချင်းတင်ပြေးရန်အတွက် ဘူတာတွင် စီစဉ်စရာများကို စီစဉ်ရသည်။ ညီဖြစ်သူကတော့ နားနေရန်ပြောသော်လည်း လူနာများမျက်နှာကို ကြည့်ပြီး မနားရက်။ ရထားတစ်စီးရသည်နှင့် လူနာများကို သွေးချိန် အခြေအနေကောင်းတော့မှ ကျောမှ ကျောပိုးအိတ်ကိုချကာ ခြေပစ်လက်ပစ်ထိုင်နိုင်တော့သည်။ တခဏမျှနားကာ သူငယ်ချင်းများနှင့် မိခင်ထံသို့ဖုန်းဆက်ကာ ပြန်လာမည့်အကြောင်းကို သတင်းပို့ရသေးသည်။

တရွေ့ရွေ့ဖြင့် ရွေးလျားလာသော ရထားတွဲရှည်ကြီးများ ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ချိန်တွင် လူနာများအခြေအနေကလည်း ထပ်မံဆိုးရွားလာခြင်းကို မတွေ့ရတော့သောကြောင့် ရင်အေးရတော့သည်။ ဘူတာတွင် လာကြိုနေသော သူငယ်ချင်းများကလည်း ကျွန်တော့်ရုပ်သွင်ကိုကြည့်ကာ စိတ်မကောင်းကြ။ သို့သော်လည်း မည်သည့်စကားတစ်ခွန်းမျှမဆိုပဲ အိတ်များကိုသာ သယ်သွားကြသည်။ ကားကူရှင်ကိုမှီရင်း အိပ်ပျော်သွားလိုက်တာ ကားကလေးသိပ်ကနဲ ရပ်ချိန်တွင် ကားမှန်ပြတင်းမှ မိခင်မျက်နှာကို မြင်ရလျှင်ပင် ၀မ်းနည်းဝမ်းသာဖြစ်ကာ ကားပြင်သို့ထွက်၍ မိခင်ကို သိုင်းဖက်မိသည်။ မေမေကလည်း ကျွန်တော့်ပုံပန်းသဏ္ဍာန်ကိုကြည့်ကာ မျက်ရည်ပေါက်ကြီးငယ်ကျလေတော့သည်။

"မေမေရယ်..ဘာလို့များ ငိုတာလည်းဗျာ။ ကျွန်တော်ဘာမှ မဖြစ်ပဲပြန်လာတာပဲဗျာ "

မိခင်ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးရင်း မိခင်၏အေးမြသောရင်ခွင်ကို ကျွန်တော်တစ်ပတ်တိတိပြန်လည်ခိုလှုံခွင့်ပေးသော ကံတရားကြီးကို ကျေးဇူးတင်လိုက်မိသည်။

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us