Wednesday, November 25, 2009

+ ပရဟိတအလှူလေးအတွက် တိုက်တွန်းနှိုးဆော်ချက်

 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မရမ်းချောင်း ကျေးရွာ တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး မှ ကြီးမှူး ဖွင့်လှစ်ထားသော ပရဟိတ ကျွေးမွေးစောင့် ရှောက်ရေးဂေဟာတခု ဖြစ်သည်။

အဆိုပါ ဂေဟာ၏ ရည်ရွယ်ချက်မှာ -


၁။ အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါပျက်စီးပြီး လုပ်ကိုင်မစားသောက်နိုင်သူများအား ကျွေးမွေးစောင့်ရှောက်ရန်နှင့် နေထိုင်မှုစီစဉ်ဆောင်ရွက်ပေးရန်။

၂။ မသန်စွမ်းသူ လူနာများ၏ ကျန်းမာရေးနှင့် ကိုယ်လက်အင်္ဂါ ထပ်မံမပျက်စီးရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန်။

၃။ မသန်စွမ်းသူ အနာကြီးဝေဒနာရှင်များ အတွက် စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်လာစေရန် နှင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရန်။

၎။ အနာကြီးရောဂါသည် ကလေးများကို ကျွေးမွေးစောင့်ရှောက်ပြီး ဆေးဝါးကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။


၅။ အနာကြီးရောဂါ ဖြစ်ဖူးပြီး မိမိကိုယ်တိုင် လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိသူ လူနာများ၏ အရွယ်မရောက်သေးသည့် ကလေးများကို ယာယီ ထိန်းသိမ်းကျွေးမွေးစောင့်ရှောက်ပေးခြင်း။

၆။ လူမျိုးဘာသာ ခွဲခြားခြင်းမရှိပဲ အနာကြီးရောဂါကြောင့် ခိုကိုးရာမဲ့ ဖြစ်သူများနှင့် ကျောထောက်နောက်ခံမရှိသူ လူနာများအား တန်းတူ ညီမျှ စောင့်ရှောက်ပေးခြင်း တို့ဖြစ်သည်။
အဆိုပါရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရာတွင် တွေ့ကြုံရသော အခက်အခဲများကို ဦးစွာတင်ပြပါမည်။

၁။ ဆေးဝါးအခက်အခဲ

အနာကြီးရောဂါ ဝေဒနာရှင် အများစုမှာ အသက် ၆၀ ကျော်ဖြစ်ခြင်းကြောင့် အနာကြီးရောဂါ အပြင် အခြားသော သွေးတိုး ၊ ဆီးချို ၊ စိတ်ကျရောဂါများ ခံစား နေရခြင်းကြောင့် အဆိုပါရောဂါများအား ကုသရန်အတွက် ဆေးဝါးများ ၊ အနာဆေးထည့်ရာတွင် လိုအပ်သော (Dressing) ပစ္စည်းများ လိုအပ်ချက်ရှိနေပါသည်။

၂။ လျှပ်စစ်မီးအခက်အခဲ

မရမ်းချောင်းကျေးရွာသည် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးမရရှိသေးသဖြင့် ညဦးပိုင်းအချိန်များတွင် လူနာများ အိပ်ယာခင်းကျင်းပြင်ဆင်ရန်နှင့် အပန်းပြေ ရုပ်မြင်သံကြားကြည့်ရှုရန်အတွက် ၂ နာရီခန့် လျှပ်စစ်မီးရရှိစေရေးအတွက် ဂျပန်နိုင်င (Okinawa Foundation)ံမှ လှူဒါန်းထားသော မြင်းကောင်ရေ ၁၆ ကောင်အားရှိသော မီးစက်ဖြင့် မီးပေးရာတွင် ဒီဇယ်ဆီ ၂ ပုလင်းမှ ၃ ပုလင်းကုန်ကျလျက်ရှိပါသည်။ ဆီအသုံးပြုခွင့်ရရှိနိုင်ရေးအတွက် လျှောက်ထားဆဲဖြစ်ပါသဖြင့် အဆိုပါ နေ့စဉ် ကုန်ကျသည့် ဒီဇယ်ဆီ ရရှိနိုင်ရေးအတွက် အလှူရှင်များလိုအပ်လျက်ရှိပါသည်။







အဆိုပါ ဂေဟာတွင်၏ စောင့်ရှောက်မှုကို ခံယူနေသော ဝေဒနာရှင် ၇၈ ဦးရှိပါသည်။ ဂေဟာ၏ လက်ခံနိုင်စွမ်းမှာ ကျား ၄၀ ဦး နှင့် မ ၄၀ ဦးဖြစ်ပါသည်။ အဆိုပါ ဝေဒနာရှင်များသည် စက်ချုပ်ခြင်း ဒေသပေါ် လက်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ဖြင့် မိမိတို့၏ တကိုယ်ရေ အသုံးစရိတ်များကို ဖြေရှင်းလျက်ရှိပါသည်။

အခြားသော အခက်အခဲများစွာ ကျန်ရှိနေသေးသော်လည်း ဆေးပညာလောက ပရဟိတ အလှူငွေအတွက် လတ်တလော ထည့်ဝင်သူနည်းပါးခြင်း ကြောင့် အထက်ပါ အချက် ၂ ချက်ကိုသာ ဖြည့်ဆည်းပေးနိုင်မည်ဟု ယူဆပါသည်။ အဆိုပါ ဂေဟာအား ပြည်တွင်းပြည်ပ အလှူရှင်များ တိုးပွားလာအောင် ဆောင်ရွက်ပေးခဲ့သူမှာ စာပေလောကတွင် ထင်ရှားသော စာရေးဆရာ ချစ်စံဝင်း နှင့် ဆရာမ လမင်းအိမ်တို့ ဖြစ်ပါသည်။ ၎င်းတို့၏ ကလောင်စွမ်းဖြင့် မြန်မာနိုင်ငံ အနာကြီးရောဂါရှင်များ၏ ဘ၀သရုပ်မှန်ကို စာဖတ်ပရိတ်သတ်များ တရားဟော ဆရာတော်များ၏ ရင်ထဲတွင် စွဲထင်စေခြင်းဖြင့် ဤပရဟိတ ဂေဟာအား အကျိုးပြုထားသည်ကို ဓါတ်ပုံမှတ်တမ်းများ နှင့် ဂေဟာဝန်ထမ်း ၂ ဦး၏ ပြောပြချက်အရသိရှိရပါသည်။ အခြားသော အလှူရှင်များမှလည်း တတ်အားသရွေ့ အလှူငွေများ ထည့်ဝင်လျက်ရှိသော်လည်း ယခုအချိန် တွင် လိုအပ်နေသော အစိတ်အပိုင်များအား ဆေးပညာလောက အဖွဲ့ဝင်များအား တင်ပြခြင်းဖြစ်ပါသည်။

ဆေးပညာလောက ၏ အဖွဲ့ဝင်များအများစုမှာ လူငယ်များဖြစ်ကြပါသည်။ လူငယ်များ ဖြစ်ကြသည့်နည်းတူ ပညာရှာမီးသည့် အရွယ်ဖြစ်သောကြောင့် အလှူငွေထည့်ဝင်ရာတွင် အခက်အခဲရှိကောင်းရှိနိုင်ပါသည်။ သို့သော်လည်း မိမိတို့ထက် နိမ့်ပါးသော လူများအား ကြည့်ရှုစောင့်ရှောက်ခြင်းသည် မြန်မာနိုင်ငံသားများအတွက် အင်မတန် အဖိုးမဖြတ်နိုင်သော အရာဖြစ်ခြင်းကြောင့် မိမိတို့တတ်အားသရွေ့ နည်းသည်များသည်မဆို လူအား ငွေအားဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။
လတ်တလော ထည့်ဝင်ငွေများဖြင့် အဆိုပါ ပရဟိတဂေဟာတွင် သက်ကြီးရွယ်အိုများအား တတ်အားသရွေ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း နှင့် စက်သုံးဆီကိစ္စ ကို တတ်အားသရွေ့ဖြေရှင်းပေးခြင်းတို့ဖြင့် စတင်လှုပ်ရှားသွားမည်ဖြစ်ပါသည်။ သို့ပါ၍ မိမိတို့ တတ်အားသရွေ့ လူအင်အား ငွေအင်အား လှူဒါန်းလိုပါက အောက်ပါမေးလ်များသို့ ဆက်သွယ်နိုင်ပါသည်။


အက်ဒမင်အဖွဲ့ (admin.army.dr@gmail.com)
တောကျီးဂန်း (tawkyeegan@gmail.com)
ဘလိတ်ဓါး (black.rose.on.my.bed@gmail.com)
ဒေါက်တာကျော်သူဟိန်း (flowerlover.hein670@gmail.com)

တပ်မတော်ဆေးတက္ကသိုလ်မှ အလှူရှင်ညီငယ်များ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန မှ ဒေါက်တာကျော်သူဟိန်း၊ ဒေါက်တာအောင်ကျော်ခန့်တို့ထံတွင် အလှူငွေများ ပေးသွင်းနိုင်ပါသည်။

ခင်မင်လေးစားစွာဖြင့်
တောကျီးကန်း

စာအပြည့်အစုံသို့….

Thursday, November 19, 2009

+ တောင်ခြေမှာ နေကွယ်တော့မည်လား



တာဝန်လေးတစ်ခုဖြင့် မွန်ပြည်နယ်၊ သထုံမြို့သို့ရောက်ရှိလာခဲ့ပါသည်။ ကိစ္စတာဝန်များပြီးသို့ အရှေ့အရပ်ကတောင်ကြီးကို ကြည့်ပြီး သွားချင်စိတ်တွေ ပေါ်လာခဲ့မိသည်။ ထိုတောင်ကတော့ သထုံမြို့၏ ကျက်သရေဆောင်တစ်ခုဖြစ်သော မြသပိတ်တောင်တော်ဖြစ်ပါသည်။ တောင်ခြေရောက်သည်အထိ မြသပိတ်ဘုရားလမ်းလေးအတိုင်း ရောက်လာခဲ့ပါသည်။ လမ်းလေးအဆုံးမှာတော့ တောင်ပေါ်သို့တက်နိုင်သော လှေကားဆောင်းတန်းလေးတစ်ခုကို တွေ့မြင်ရသည်။ လက်ကနာရီကို ကြည့်လိုက်တော့ နေ၀င်တော့မည်။ ဒီဆောင်းတန်းကိုကြည့်လိုက်တော့ အခြေအနေမကောင်း မျက်စိတစ်ဆုံးထိတောင် ဆောင်းတန်းက မဆုံးသေး။ တောင်တော်က တော်တော်မြင့်သည်။ ဘေးဘီဝဲယာကြည့်လိုက်တော့ သစ်သားဆိုင်းဘုတ်လေးဖြင့် တောင်တက်ကားလမ်းတဲ့။ ၀မ်းသာအားရပင် အနီးရှိဖြတ်လာသော လူတစ်ယောက်ကို မေးကြည့်တော့ ဟုတ်ပါသည်..တောင်တော်ပေါ်သို့ ကားလမ်းပေါက်ပါသည်။ ၀မ်းသာအားရပင် ဆိုင်ကယ်ကို တောင်တက်ကားလမ်းဘက်သို့ ဦးလှည့်လိုက်ကာ မောင်းထွက်လာခဲ့သည်။ မောင်းလာတုန်းကတော့ အ၀င်မုခ်ဦးလေးတစ်ခုအောက်မှ ၀င်ခဲ့သော်လည်း ဘာမုခ်ဦးဆိုတာ သေချာမဖတ်လိုက်မိ။ အနည်းငယ်မောင်းမိတော့မှ သထုံမြို့နယ် ဘိုးဘွားရိပ်သာဆိုသည် မုခ်ဦးနှင့် အ၀န်းအ၀ိုင်းလေးကို ဘိုးဘွားများ ရုပ်ထုများဖြင့် တွေ့မြင်လိုက်မှသာ ဘိုးဘွားရိပ်သာနားကိုရောက်မှန်း သတိထားမိလိုက်သည်။ သို့သော်လည်း အမှုမဲ့အမှတ်မဲ့သာ ကြည့်လိုက်ပြီး မိမိလိုရာခရီး မြသပိတ်တောင်တော်ပေါ်သို့ တက်ခဲ့လေသည်။

မြသပိတ်တောင်ပေါ်ရောက်တော့ ပတ်ဝန်းကျင်ရှုခင်းသည် တော်တော်ကို ကြည့်ကောင်းလှသည်။ ကရင်ပြည်နယ်အ၀င်လမ်းလေးများနှင့် တောတောင်များ၊ မော်လမြိုင်သို့သွားသောလမ်းမကြီး၊ ရန်ကုန်သို့သွားသော လမ်းမကြီးများ၊ အင်္ဂလိပ်ခေတ်ကဖောက်လုပ်ခဲ့သော လေယာဉ်ကွင်းဟောင်း နှင့် သထုံမြို့တို့သည် တောင်တော်ခြေရင်းတွင် အေးဆေးတိတ်ဆိတ်စွာတည်ရှိနေသည့် မြင်ကွင်းတို့သည် အလွန်မှ ရှုမငြီးလှပေ။ ရှုခင်းများကို ကြည့်ပြီး မိမိတက်လာသော တောင်ခြေကားလမ်းလေးရှိရာ မြသပိတ်တောင်ခြေကားလမ်း အစနေရာလေးကို လှန်းကြည့်မိသည်။ တစ်ထပ်တိုက် အဆောက်အအုံလေးများနှင့် တန်းလျားများသဖွယ် ဆောက်လုပ်ထားသော သထုံသုဝဏ္ဏဘူမိဘိုးဘွားရိပ်သာနေရာကို မြင်တွေ့နေရသည်။ တောင်တော်ပေါ်မှ ပြန်ဆင်းတော့ ဘိုးဘွားရိပ်သာကို နောက်တစ်ခေါက်ထပ်လာရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ကံအားလျော်စွာ နောက်တစ်နေ့တွင် အလုပ်ကိစ္စက စောစီးစွာပြီးစီးသောကြောင့် ဘိုးဘွားရိပ်သာဖက်ခြေဦးလှည့်ခဲ့သည်။ ဘွားဒေါ်ဦးဇွန်းတည်ထားခဲ့သော သထုံဘိုးဘွားရိပ်သာတွင် အဖိုး၊ အဖွားမြောက်မြားစွာ မရှိပါ။ ကျွန်တော်ရောက်ရှိချိန်တွင် စုစုပေါင်း ၁၅ဦးသာရှိပြီး ဂေဟာမှုးအပါအ၀င် ၀န်ထမ်း သုံးဦးသာဖြစ်သည်။ ဂေဟာမှူးပြောပြချက်အရတော့

"ဂေဟာမှာ လာနေဖို့ လာတဲ့သူတွေရှိတယ်။ ဒါပေမယ့် ဂေဟာက သိပ်မပြည့်စုံတော့ အစစအရာရာ ကိုယ်ထူကိုယ်ထု ပုံစံမျိုးလုပ်ရမှုကြောင့် ကြာကြာမနေနိုင်ဘဲ ထွက်သွားကြတာတွေရှိပါသည်။ မိမိတို့ဂေဟာမှာကလည်း ၀န်ထမ်းကို အများကြီးမခန့်နိုင်ဘူး။ ဒီတော့ မလုပ်ပေးနိုင်မှာစိုးလို့ ဘိုးဘွားအများကြီးလည်း မလက်ခံနိုင်ဘူးဖြစ်နေတယ်။ ၀န်ထမ်းတွေကိုလည်း လစာအများကြီး မပေးနိုင်တော့ လာလုပ်တဲ့သူမရှိဘူး။ အခုလာလုပ်နေတဲ့ ကောင်လေးဆို စကားမပြောတတ်တဲ့ ကောင်လေး။ လစာက တစ်သောင်းခွဲထဲဆိုတော့ တော်ရုံလူ လာမလုပ်ဘူး။ နောက်ပြီး ၀န်ထမ်းနဲတော့ ရာထူးနေရာအတိအကျ မဟုတ်ပဲ All Round လုပ်ပေးရတာဆိုတော့ လုပ်မဲ့သူ မရှိဘူးပေါ့။ အဖိုးအဖွားတွေ ကိုယ်တိုင်က တစ်နိုင်တပိုင် လှည်းကျင်းတာလေးတွေလုပ်ပေးတယ်။ မနက်အာရုံတက် ကြေးစည်ထုပေးတယ်။ ကိုယ့်အ၀တ် ကိုယ်လျှော်နိုင်တဲ့သူတွေ ကတော့ ကိုယ့်ဖာသာကိုယ်လျှော်ကြတယ်။ အလှူရှင်နဲတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ရိပ်သာလေးကို ထိန်းသွားနေရတာပေါ့။ ရန်ကုန်မှာကတော့ အလှူရှင်ပေါတော့ ဘိုးဘွားတွေ နေထိုင်ရတာ အဆင်ပြေတာပေါ့။ ဒီမှာကတော့ လာနေတဲ့ ဘိုးဘွားတွေ ရှိပေမယ့် ငွေကြေးအခြေအနေအရ ၀န်ထမ်းအခြေအနေအရ ဘိုးဘွားတွေကို အများကြီး လက်မခံနိုင်ဘူး။ နာဂစ်ဖြစ်ပြီးကတည်းက အဆောက်အအုံအချို့လည်း ပျက်စီးတယ်။ မြို့ခံတွေကတော့ လှူကြပေမယ့် အလျှင်မပြတ် Run သွားနိုင်ရုံလောက်ပဲရတယ်။ ပြင်ဆင်မှုတွေကတော့ မလုပ်နိုင်ဘူး။ အိမ်သာကအစ ဒီမှာက အဆင်မပြေဘူး။ ဘိုထိုင်အိမ်သာတွေမဟုတ်တော့ အဘိုးအဘွားတွေ အခက်အခဲတော့ နဲနဲရှိတယ်။"

ကျွန်တော်ရောက်ရှိလာချိန်တွင် အဖိုးအချို့က စကားလေးတပြောပြောဖြင့် ဂေဟာအတွင်း တံမြတ်လှည်းခြင်းများကို ပြုလုပ်နေကြသည်။ အဘွားတချို့ကတော့ သနပ်ခါးအဖွေးသားဖြင့် အ၀တ်ရုတ်နေကြသည်။ ကျွန်တော်စိတ်မကောင်းတော်တော်ဖြစ်မိပါသည်။ မိမိတွင်လည်း ထိုဂေဟာမှူးပြောသော ပြင်ဆင်စရိတ်လောက်အထိ လှူနိုင်ခြင်းငှာအတွက်လည်း ငွေကြေးအင်အား မတောင့်တင်းပါ။ နောက်ဆုံးပဒေသပင်သဘောဖြင့် ပါလာသောငွေအချို့ကိုပဲ လှူဒါန်းခဲ့နိုင်ပါသည်။ ကျွန်တော်ကို အဘိုးအဘွားတို့ ဆုတောင်းပေးသော ဆုများသည် ကျွန်တော်လှူလိုက်သော ငွေကြေးပမာဏထက်ပင်ကြီးမားလှပါသည်။ ကျွန်တော်မခံယူဝံ့ပါ။ ဒီအကြောင်းအရာကို သူငယ်ချင်းအချို့ကိုလည်း ပြောပြဖြစ်ပါသည်။ သို့သော်လည်း နေရာဒေသဝေးလံမှု သဒ္ဓါတရားဟူသောစိတ်သည်လည်း မျက်မြင်တွေ့ရလျှင် ပို၍ဖြစ်ပေါ်စေနိုင်သောကြောင့် သွားရန်တိုက်တွန်းရသော်လည်း ခရီးဝေးတော့ သိပ်မအောင်မြင်ချေ။

ခုတစ်လော လူငယ်အဖွဲ့အစည်းများ၏ လှူဒါန်းမှုများကိုလည်း အင်တာနက်စာမျက်နှာများထက်တွင် တွေ့ရသောကြောင့် အလွန်ပင်ဝမ်းမြောက်မိပါသည်။ သို့သော်လည်း ရန်ကုန်မြို့နှင့် လေးနာရီကြာမောင်းရသော သထုံမြို့လို့နေရာလေးတစ်ခုသို့ အရောက်သွား၍ လှူဒါန်းခြင်းငှာလည်း အလှမ်းဝေးသကဲ့သို့ဖြစ်နေပါသည်။ ဘွားဒေါ်ဦးဇွန်းတည်ထားခဲ့သော ဘိုးဘွားရိပ်သာများကို ကျွန်တော်လေ့လာမိသလောက် သထုံဘိုးဘွားရိပ်သာသည် လှူဒါန်းသူ အလှူရှင် အလွန်ပင်နည်းပါးကား ချို့တဲ့လှသည်။ ထို့ကြောင့် ဒီဆောင်းပါးလေးဖြင့် တောင်ခြေမှာ နေကွယ်တော့မည့် အဘိုးအဘွားများကို လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် သထုံမြို့နယ်၊ မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာလေးကိုလည်း တစ်ချက်လေးတစ်စေ့တစ်စောင်းကြည့်ပေးစေလိုပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

မြသပိတ်တောင်ပုံကိုတော့ ကိုယ်တိုင်မရိုက်ကူးနိုင်ခဲ့၍ ဒီဆိုဒ်မှ ကူးယူးဖော်ပြပါသည်။


စာအပြည့်အစုံသို့….

Wednesday, November 18, 2009

+ မမေ့သင့်သော စကားဝှက်များ

ထိုနေ့လေးကဖြင့် အမှတ်တရ ပြောစမှတ်နေ့လေးဖြစ်ခဲ့သည်.. ထိုနေ့ကား ကျွန်တော်တို့တပ်မွေးနေ့လေးပါ။ နေ့ခင်းဖက်တွင် တပ်တွင်း၌ အခမ်းအနားလေးများ ကျင်းပပါသည်။ ညနေဖက်တွင် တနေကုန်ပင်ပန်းထားသည်များကို အနားယူရန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်စပစ်မိကြသည်။ မျက်စတောင် မပစ်လိုက်ရပါ။ လှမ်းကြည့်ယုံဖြင့်ပင် ဆိုင်ကယ်သော့ဆွဲပြီးနေသူက အဆင်သင့်။ ရုံးတာဝန်ကျသောသူမှလွဲလျှင် ကျန်သူများလည်း ယူနီဖောင်းကိုယ်စီလဲကာ တစ်ပျော်တစ်ပါးပင် ကရ၀ိတ်ရှိရာသို့ လာခဲ့ကြသည်။ ကိုရီးယားယဉ်ကျေးမှု ထွန်းကားလာသောကြောင့် မိန်းကလေးများက ကိုရီးယားမလေးများလို ၀တ်ဆင်ပြောဆိုကြချိန်တွင် ယောကျာ်းသားများကလည်း အလုပ်ပြန်က ကာရာအိုကေလေးဝင်ဆိုသည့် ဓလေ့ကိုလည်း အားကျမိလေရာ.. ယနေ့တွင်တော့ အားချိန်လေးလည်းရ သူငယ်ချင်းများလည်း စုမိသောကြောင့် ကရ၀ိတ်နှင့် ကာရာအိုကေသီးသန့်ခန်းလေးရှိရာ ဤမြို့၏ တစ်ဆိုင်တည်းသော ဆိုင်သို့ ရောက်ရှိသွားခဲ့ကြသည်။

"မင်းတို့ အိမ်မပိုင်တဲ့ကောင်တွေ လှည့်ပြန်ရင်ပြန်ထား။ ပြီးမှ စောစောပြန်မယ်ဘာညာ။ ချယ်ရီဦးနာရီကြော်ငြာလာမရိုက်နဲ့။ ပြန်ချင်ရင် မ၀င်ခင်ကတည်းက လှည့်ပြန်"
ကိုယ်တွေက အပူအပင်ကင်းရာလေးများဖြစ်သောကြောင့် ဤကဲ့သို့ အသံကောင်းဟစ်နိုင်ခြင်းဖြစ်သည်။ ကျန်နောက်တွဲရှိသူငယ်ချင်းများကလည်း သိက္ခာတော့အကျမခံ။ မာန်ကိုချီကာ..

"မပိုင်ရင် ၀က်တောင်မမွေးဘူး။ မင်းလို ၀က်ပေးမွေးပြီး သေတာ မဟုတ်ဘူး။"
အင်း..ဒင်းတို့မလဲ တစ်ခါလာလည်း ဒီဝက်ကိစ္စ၊ ကျောင်းတော်တုန်းက ပြသနာသည် ပုခုံးထက် အပွင့်ရောက်သည်အထိ မပြီးနိုင် မစီးနိုင်။ အားလုံးက နောက်ကြောင်းအေးသည်ဆိုသဖြင့် ၂နာရီစာ ကာရာအိုကေခန်းကို ငှားလိုက်သည်။ နေလေးစောင်းစောင်း ကရ၀ိတ်လေးစီးပြီး သီချင်းလေးဟစ်ရသည်က အရှိန်တက်လာသည်။ အချိန်မည်ကဲ့သို့ ကုန်သည်မသိအောင်။ မိုက်ကလည်း ဘယ်အချိန်ကတည်းက ဟဲချင်နေကြသည်မသိ။ ကိုယ့်အလှည့်ရောက်ဖို့ မိုက်စောင့်ရတာကို တစ်လုပ်။ မိုက်ခဲလေးများပေတည်း။

"ဟိတ်ကောင်.. တစ်နာရီစာ ထပ်ယူကွာ။ စိတ်ရှိလက်ရှိ အော်ရတာ အားမရသေးဘူး။ မင်းက တံခါးပေါက်နီးတယ်။ ကောင်တာကို မင်းသွားပြောလိုက်ကွာ။"
တံခါးပေါက်နားထိုင်မိသည့် မိမိသည်ပင်လျှင် ခြေမြန်တော်တပ်သားလိုလို။ ရှိစေတော့လေ။ မိမိမိုက်ခဲရန်အလှည့်ကလည်း လိုသေးသည် နာရီကလည်း ပြည့်တော့မည်။ နောက်ထပ်တစ်နာရီ ထပ်တိုးရန် ကောင်တာသို့ထွက်လာခဲ့သည်။ ကောင်တာတွင် တစ်နာရီထပ်တိုးရန် မှာချိန်တွင် ဆိုင်ခြံဝန်းအတွင်း ဆိုင်ကယ်တစ်စီးဝင်ချလာသည်။ သေပြီ... သူငယ်ချင်းများ၏ မိန်းမများဖြစ်သည်။ ကိုယ်ဝန်ကြီး ကားတားကားတားဖြင့် ဆိုင်တွင်းသို့ဝင်လာလေသည်။ ပျက်ပြင်းကတော့ တိုးပြီ။ မိမိကိုကလည်းတွေ့နေပြီ ဖြစ်သော်ကြောင့် ပြေးပုန်း၍လည်း မရလေတော့။

"ကို xxxxx ပါတယ် မဟုတ်လား။ သူဘယ်မှာတုန်း။"
"မပါပါဘူး.. မီးငယ်"
"ကဲပါ.. ဘယ်နားမှာသာပြောပါ။"
"ထိပ်ဆုံးက အခန်းမှာ မီးငယ်"
"လာ.. မူယာ မနဲ့အထဲကိုပါ လိုက်ခဲ့ပေးနော်။"
ကိုယ်လေးလက်ဝန်ကြီး ကားတားကားတားနှင့် အနောက်မှလည်း မူယာကလည်း ပိန်ရှည်ပိန်ရှည်ဖြင့် ကပ်ရပ်လိုက်ပါသွားသည်။ ကျွန်တော်လည်း ရုတ်တရက် ဘာလုပ်ရမည်မသိ။ အထဲမှာက သကောင့်သားများက သောက်စားနေလေသည်။ မီးငယ်ရောက်ချိန်တွင် ကွိကနဲမိသွားနိုင်ပေသည်။ ဖြစ်ချင်တော့ ခါးကြားမှ စကားပြောစက်ကို စမ်းမိချိန်တွင် ခပ်သွက်သွက်ပင် သကောင့်သားများကို ခေါ်လိုက်မိသည်။ ကံလေးက ကောင်းချင်တော့ ကိုယ်တော်များက စက်ကိုဖွင့်ထားပေသည်။ ဆူညံသံများ မြောက်မြားစွာကြားမှ တဖက်မှထူးသံကို ကြားသည်နှင့် မိမိလည်း စကားဝှက်ဖြင့် အချက်ပေးရလေတော့သည်။

"ဖီးကြမ်းနှင့် သီးမွှေး လိုက်လာတယ်။"
တဖက်မှ နားလည်လား မနားလည်လား မသိ။ ကျွန်တော်လည်း စကားဝှက်များကို စဉ်းစားမရတော့။ မျက်စိထဲပေါ်လာရာကို ပြောလိုက်မိသည်။ ခဏအကြာတွင် မီးငယ်နှင့် မူယာပြန်ထွက်လာသည်။ မီးငယ်ကတော့ ဒေါသထွက်သော လေသံကြီးဖြင့်..

"ကို xxxx ကိုတွေ့ရင်ပြောလိုက်ပါ။ မီးငယ်လက်ပူးလက်ကျပ်မတွေ့လို့နေနှင့်ဦးလို့။"
မီးငယ်တို့ဆိုင်ကယ်လေး ထွက်သွားမှ ကျွန်တော်လည်း သက်ပြင်းချမိလေသည်။ အခန်းအတွင်းသို့ အပြေးတပိုင်းဝင်သွားမိချိန်တွင် သကောင့်သား xxxx ကမရှိလေတော့။ ကျွန်တော့်ထံမှ အချက်ပေးရောက်ကတည်းက တဖက်အခန်းသို့ပြေးပုန်းလေသည်တဲ့။ ကျွန်တော့်ကိုလည်း သကောင့်သားက ကျေးဇူးတင်သဖြင့် ကရ၀ိတ်တစ်ခွက်ပိုတိုက်လေသည်။ ထိုနေ့ကတော့ မှတ်မှတ်ရရပါ။ အဆောင်ပြန်ရောက်တော့ စကားဝှက်များကို ပြန်လေ့လာသင့်သည်ဟု ကိုယ့်ကိုယ်ကို သုံးသပ်ရင်း အမှတ်တရနေ့လေးအဖြစ်နှင့် ဒိုင်ယာရီစာအုပ်တွင် ရေးမှတ်ထားမိလိုက်သည်။


စာအပြည့်အစုံသို့….

Monday, August 31, 2009

+ စာအုပ်လေးတစ်အုပ် နှင့်အတူ နှုတ်ဆက်ခြင်း


အပျော်များစွာဖြင့် တအိအိဖြင့် မောင်းနှင်နေသော တပ်မတော်သုံးစီးတော်ယာဉ်FAW ကားကြီးကို စီးကာ တပ်မတာဝန်ဖြင့် တပ်သားသစ်များကို အပ်ရန်လိုက်ပါလာခဲ့သော ခရီးစဉ်တစ်ခု.. မတွေ့တာကြာပြီဖြစ်သော ညီမငယ်နှင့် တွေ့ရတော့မည်ဟု အတွေးများဖြင့် ပျင်းရိဖွယ်ကောင်းလှသော ခရီးရှည်ကြီးသည်ပင်လျှင် ကျွန်ုပ်အတွက် ပျော်စရာဖြစ်နေခဲ့သည်။
တပ်သားစုဆောင်းရေးတပ်ရောက်ပြီး မိမိခေါ်ဆောင်လာသော တပ်သားသစ်များကို ဆေးစစ်ခြင်းနှင့် အခြားသော အမှုကိစ္စများကို ဆောင်ရွက်ရန် အလို့ငှာ ဗျာများနေသောကြောင့် ညီမငယ်ဖြစ်သူထံ ဖုန်းမဆက်သွယ်ဖြစ်ခဲ့။ ပေးစရာရှိသော လူကြုံများနှင့် လုပ်စရာရှိတာများကို ဆောင်ရွက်ပြီးလို့ သုံးရက်မြောက်တွင် ညီမငယ်ထံ ဖုန်းဆက်လိုက်မိသည်။

“မီးငယ်.. ငါ ရန်ကုန်ကိုရောက်နေတယ်။ သုံးရက်ရှိပြီ။ တပ်သားသစ်လာပို့တာ။ မနက်ဖြန်တော့ ပြန်မယ်။ မီးငယ်ကို လှမ်းပြောတာ။ “
“အင်း.. အဆင်ပြေရဲ့လား။”

တဖက်မှ လေးတိလေးကန်သော ဖြေသံလေးကို အားရစရာကြားရသည်။ မည်သို့ပင်ဖြစ်စေကာမူ မီးငယ်အတွက်လက်ဆောင်ပေးရန် ကျွန်တော်ဝယ်ထားသော စာအုပ်လေးကို ပေးခဲ့ချင်သည့်အတွက် ဖုန်းဆက်မိခြင်းဖြစ်သည်။

“မီးငယ်အတွက် လက်ဆောင်တစ်ခုပါလာတယ်။ စာအုပ်လေးတစ်အုပ်ပါ.. ယောနသံဇင်ယော။ မီးငယ် ဖတ်ဘူးလား။”
“ဖတ်တော့ မဖတ်ဘူးဖူး။ ကြားတော့ ကြားဖူးတယ်။”
“အေး. မီးငယ် ဆီ ပို့ပေးလိုက်မယ်။ မနက်ဖြန် မီးငယ်ကို လာခိုင်းရမှာလဲ အားနာတယ်ကွ။ ဒီဖက်ကိုက ဝေးတယ်လေ။ ငါ့ ဖာသာ ငါ စာတိုက်ကပဲ ပါဆယ်ပို့လိုက်ပါတော့မယ်ဟာ…”

ကိုယ်တိုင်ကိုယ်ကျပေးချင်သော်လည်း မတတ်သာသည့်အခြေအနေ၊ မီးငယ်ကိုလည်း အဝေးကြီးကို မလာခိုင်းရက်ပါ။ တွေ့ချင်သော ဆန္ဒတစ်ခုကို ချိုးနှိမ်ကာ ဖြစ်သင့်သော လုပ်ဆောင်မှုကိုသာ လုပ်ရပေတော့မည်။

“ကိုကြီးက မနက်ဖြန် ဘယ်အချိန်ပြန်မှာလဲ.. တပ်သားတွေကို ကားနဲ့တင်လွှတ်လိုက်ပြီးရင် ပြီးပြီမဟုတ်လား။ ညကျတော့မှ ကိုယ့်ဖာသာကို လိုင်းကားနဲ့လိုက်ပြန်ပေါ့။ ဇိမ်လေးနဲ့ အေးအေးလူလူတောင်ပြန်ရသေး..”
“ငါက တပ်ကတာဝန်နဲ့လာတာ။ ဒီလိုလုပ်လို့မရဘူးလေ။ တပ်မက ကားကိုတာဝန်ခံပြီးယူလာတာလေ။ ငါ ဘယ်လိုလုပ်နေခဲ့လို့ရမလဲ။ ဘယ်အချိန်ပြန်မယ်ဆိုတာကလဲ ကြိုပြောလို့မရဘူး။ ဒီမှာကိစ္စ၀ိစ္စတွေ ပြီးတာနဲ့ချက်ချင်းကောက်ပြန်မှာ။ မှန်းထားတာကတော့ ထမင်းစားပြီးတော့လောက်ပေါ့။”
“ကိုကြီးကလည်း အချိန်တခုသတ်မှတ်ပြီးတော့ ပြန်ပေါ့။ အချိန်အတိအကျပြောလေ..”
“မီးငယ်..တပ်မတော်မှာ ဟိုအချိန်ရယ် ဒီအချိန်ရယ်ဆိုပြီး ကိုယ်ပိုင်သတ်မှတ်ခွင့်မရှိဘူး။ အထက်ကအမိန့်အတိုင်း ခုပြန်ဆို ခုပြန်ရ။ မပြန်နဲ့နေဦးဆိုလည်း နေရမှာပဲ။ နင့်အစ်ကို ငါ စစ်သားဆိုတာ မမေ့နဲ့ဦး။ အေး.. ငါပြန်တော့မယ်ဆိုတာ နှုတ်ဆက်တာပါ။”

တဖက်မှ “အင်း”တစ်လုံးသာ ပြောပြီး ဖုန်းချသွားလေပြီ ကျွန်တော့်လက်ထဲတွင် ကိုင်ထားသော သူ့မအတွက် စာအုပ်လေးသည် ကျွန်တော့်ကို လှောင်ပြုံးကလေး ပြုံးပြနေသည်။
နောက်တစ်နေ့ ကိစ္စ၀ိစ္စများပြီးလို့ တပ်မတော် FAW ကားကြီး၏ လေးလှစွာသော တံခါးကြီးကို လေးကန်သော လက်များဖြင့် ပိတ်လိုက်ပြီး မ၀ံ့ရဲသော အကြည့်များဖြင့် လက်မှနာရီကို ကြည့်မိလိုက်သည်။ အချိန်ကား နေ့လည်တစ်နာရီထိုးလေပြီ။
နေ့လည်။ ၁း၀၀
“ကဲ… ဆရာကြီးရေ။ စထွက်ရအောင်”

ကျွန်တော်တို့ကားကြီးသည် တညင်းကုန်းလမ်းဆုံသို့ ထွက်လာခဲ့ပြီး ဌာနေတပ်သို့ တရွှေ့ရွှေ့ ပြန်လည် ထွက်ခွာလာခဲ့သည်။
ည။ ၁၀း၀၀
“ဟယ်လို… “

အိပ်ချင်မူးတူးအသံတစ်ခုဖြင့် ထူးသော ညီမငယ်အသံ။

“ငါပါ မီးငယ်။ ငါတပ်ပြန်ရောက်ပြီဆိုတာ လှမ်းပြောတာပါ။ ငါမနက်ဖြန်ရှေ့တန်းထွက်ရမယ်။ နေ့လည်ကတည်းက လှမ်းဖုန်းဆက်တယ်။ မနက်က ငါ့ကို တပ်က အားချင်းပြန်လာပါဆိုလို့ မီးငယ်ဆီ ဖုန်းဆက်တာလှမ်းပြောတာ ဖုန်းပိတ်ထားတယ်”
“ဟုတ်လား.. မီးငယ်က ဒီနေ့ စုဆောင်းရေးတပ်ကို ရောက်သွားတာ။ ကိုကြီးကို လာရှာတာလေ။ ဟိုရောက်တော့ ကြောင်တောင်တောင်နဲ့ လိုက်မေးတာလဲ ဘယ်သူမှ မသိဘူး။ တော်သေးတယ် သူငယ်ချင်းတစ်ယောက်ပါလို့။ မီးငယ်းက ကိုကြီးအတွက် ၀ယ်ထားတဲ့ စာအုပ်လေး လာပေးတာပါ။ တက္ကသိုလ်ဘုန်းနိုင်.. ညနက်နက်မှာလထွက်ခြင်း စာအုပ်လေ”
“ဟင်.. မီးငယ် က ဘယ်အချိန်ရောက်လာတုန်း။”
“၁း၁၅ လေ.. လမ်းမှာ မိုးတွေ အရမ်းသည်းလို့ ဖြေးဖြေးမောင်းလာရတာလေ။”

ကျွန်တော်၏ ဖုန်းကိုင်ထားသော လက်များသည် အေးခဲသွားသလိုခံစားလိုက်ရသည်။ ကံကြမ္မာကြီးက မျက်နှာသာမပေးပါချေ။ ကိုရီးယားကားများ၏ အလွဲများကို ကြည့်တိုင်း မဖြစ်နိုင်ဟု ဝေဖန်ကဲ့ရဲ့ခဲ့သော မိမိကို ကိုရီးယားမင်းသား၊ မင်းသမီးများကပင် နည်းတောင်နည်းသေးဟု လှောင်ရယ်နေသကဲ့သို့ပင်တွေးမိသည်။ သူမအတွက် ပေးခဲ့ချင်သောစာအုပ်”ယောနသံစင်ရော်”နှင့် သူမဆီမှ ကျွန်တော့်အတွက် ပေးချင်သာ စာအုပ်”ညနက်နက်မှာ လထွက်ခြင်း”။

“ရှေ့တန်းကို ပို့ပေးလိုက်မယ်လေ.. ကိုကြီး ဖတ်လို့ရတာပေါ့။ ဘုရားတရာလည်း မမေ့နဲ့နော်။ မေတ္တာသုတ်လေးဘာလေးရွတ်နော်။”

“အင်းပါ မီးငယ်ရယ်။ စာအုပ်ကတော့ နင်သာသိမ်းထားလိုက်ပါ။ ငါ အသက်မသေပဲပြန်လာရင် ငါကိုယ်တိုင် မီးငယ်ဆီက လာပြန်ယူမှာပါ။ ငါ့ကို သတိရရင်တော့ စစ်သည်တို့လိုရာတေးကဏ္ဍမှာသာ သီချင်းလေးတောင်းပေးလိုက်ပါ။ ငါရဲ့ ရေဒီယိုအိုလေးက ဒီအချိန်တော့ အသုံးဝင်လောက်ပါပြီ။”

ရှေ့တန်းစစ်မြေပြင်သို့ မသွားမှီ ဖြစ်ပျက်သွားသောအမှတ်တရလေးကို ရေးသားဖော်ပြလိုက်ပါတယ်။ ညီအစ်ကိုများလည်း ကျွန်တော့်ကဲ့သို့ ကိုရီးယားအလွဲလေးများ မတွေ့ကြုံကြပါစေနှင့်ဟု ဆုတောင်းရင်း…။
စာဖတ်ပရိသတ်များကိုလည်း ကျွန်တော် ရတခမှ ဒီအမှတ်တရအဖြစ်အပျက်ဆောင်းပါးလေးဖြင့် နှုတ်ဆက်ခဲ့ပါသည်။
လေးစားစွာဖြင့်
တချိန်က (ရတခ)

စာအပြည့်အစုံသို့….

Sunday, August 23, 2009

+ အိမ်သာဋီကာ


မိတ်ဆွေကြီး ကိုရင်ညိန်း၏ အီးဋီကာကို ဖတ်ထားဘူးလေရာ မိမိအလှည့်တွင်လည်း မည်ကဲ့သို့ နှီကာရေးရန် တွေးမရ ဖြစ်ခဲ့ရဖူးလေသည်။ ယခုတော့ တိုက်တိုက်ဆိုင်ဆိုင်.. ကိစ္စတစ်ခုဖြစ်ပျက်ခဲ့တာလေးကို အမှတ်တရ ပြန်ပြောင်း ပြောရလေတော့မည်။

အချိန်ကား စာရေးသူ ကိစ္စရပ်တစ်ခုဖြင့် ဟဲဟိုးသို့လေယာဉ်ဖြင့် လိုက်ပါလာခဲ့သည်။ လေယာဉ်ပေါ်ရှိအိမ်သာ၏ လူမအားမှုများကြောင့် အောင့်ခြင်း အမျိုးမျိုးဖြင့် အောင့်ကာ လေယာဉ်ဆိုက်သည်အထိ သည်းခံပြီး အပေါ့သွားချင်သော စိတ်ကို ချုပ်တည်းခဲ့ရလေသည်။ Luggage များကို ရွေးရန် စောင့်ဆိုင်းနေချိန်တွင် အနားရှိ လေဆိပ်အိမ်သာသို့ အပြေးတပိုင်း ထွက်လာခဲ့သည်။ အိမ်သာအတွင်းသို့ရောက်ပြီး အတန်ငယ်အကြာတွင် အလေးစွန့်သော အခန်းများဆီမှ
"ဟေး..ဟေးဟေး.. ဟေး….ဟေးဟေး"
စာရေးသူလဲ အနဲငယ်တော့ ကြောင်တောင်တောင် ဖြစ်ယုံတင်မက ကြောက်သလိုလိုပင်ဖြစ်မိသွားသည်။ နေ့ခင်းကြောင်တောင် သရဲခြောက်ခြင်းတော့ မဖြစ်နိုင်ဟု စိတ်ကို တင်းကာ လက်ဆေးကန်ဖက် ထွက်လာချိန်တွင်.. ။ ထို အသံမျိုးစုံထွက်သော အခန်းမှ ဦးကြီးတစ်ယောက်ထွက်လာလေသည်။ မျက်နှာကြီးကလည်း ပြုံးပြုံး၊ ပြုံးပြုံး။ ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ် ဆိုသကဲ့သို့ သူကရှက်ရှက်ဖြင့် ပြောပုံရသော လေသံကြီးဖြင့်..
"အေးကွာ.. အိမ်သာတံခါးချက်တွေက မကောင်းဘူးထင်ပ။ ပိတ်မရလို့ အပြင်က တစ်ယောက်လာဖွင့်မှာ စိုးလို့ကွာ အသံပြုနေရတယ်။"
စာရေးသူလည်း အိမ်သာအပြင်ရောက်မှသာ အသံထွက်ရယ်နိုင်လေသည်။ ဤဦးကြီးသင်ပေးခဲ့သော အိမ်သာဂျက်ပြသနာဖြေရှင်းနည်းကို ချစ်သူလေးကိုတောင် သင်ပေးခဲ့မိသည်။ စာဖတ်သူမျာလည်း ဤနည်းကို လိုသလိုသုံးကြနိုင်စေရန် ဝေမျှလိုက်သည်။

စာရေးသူ၏ညီမငယ်ပြောပြဖူးသော အိမ်သာနှီကာလေးကို ပြန်လည်တင်ပြရလျှင်.. အချိန်ကား အထက်အရာရှိကြီးလမ်းကြောင်းရှိခြင်းကြောင့် တပ်ရင်းတပ်မ အရာရှိအရာခံစစ်သည်များအာလုံး မအားနိုင်အောင် ရှိကြလေသည်။ မိတ်ဆွေကြီးG3 တစ်ယောက်လည်း အထက်လူကြီး နားနေမည့်နေရာတာဝန်ကို ယူရလေသည်။ မိတ်ဆွေကြီးလည်း အစစအရာရာစီစဉ်စရာများကို စီစဉ်ပြီးချိန်တွင် နောက်ဆုံး အိမ်သာဆီသို့ အသိရောက်သွားသည်။ မိတ်ဆွေကြီးလည်း အိမ်သာကို အနံအသက်ကင်းစင်ရုံတင်မက အစစအရာရာသန့်ပြန့်စေရင်တွေးရင်းတွေးရင်း အိမ်သာရေဆွဲသော ရေအတွင်းသို့ အမွေးအိတ်ချိတ်ရန် စိတ်ကူးရမိလေသည်။ စိတ်ကူးအတိုင်းပင် လက်တွေ့လုပ်ဆောင်မှုကို ဆောင်ရွက်ပြီး ကျေနပ်မှုများဖြင့် စီစဉ်မှုများကို အဆုံးသတ်ခဲ့သည်။ အထက်လူကြီးလည်း တပ်သို့ရောက်လာပါပြီ။ သြ၀ါဒခံယူမှုများ၊ တွေ့ဆုံမှုများနှင့် လုပ်ငန်းစဉ်ရှင်းလင်းမှုများ ပြုလုပ်ပြီးချိန်များအပြီးတွင် ခရီးတစ်ထောက်ဆက်လက်မထွက်ခွာခင် ရေအိမ်ကို အသုံးပြုလေသည်။ ထို့နောက် အထက်လူကြီးလည်း ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာသွားခဲ့သည်။ မိတ်ဆွေကြီးလည်း ပင်ပန်းမှုများကို အနားယူရန် အဆောင်သို့သွားမည်အပြု… ပြသနာက စပါပြီ။ တင်လိုက်ရသော ထုချေလွှာ.. ဖြေရှင်းလိုက်ရသော စကားလုံးများ…

ဖြစ်ပုံကတော့.. မိတ်ဆွေကြီးက ရေအိမ်သုံးပြီး ရေဆွဲလျှင်တောင် မွေးပျံ့စေရန် သုံးလိုက်သော ဆေးရည်အိတ်သည် ချိတ်ထားသော နေရာမှ ပြုတ်ကျကာ..ရေဆွဲပေါက်၏ ရေထွက်ပေါက်ကို ကွက်တိကို ပိတ်မိတာ ရေဆွဲမရသော ပြသနာဖြစ်ပေါ်ခဲ့လေသောကြောင့်ပေတည်း။

စာဖတ်သူများလည်း သတိကြီးစွာဖြင့် ရေအိမ်ကို အလှအပဆင်နိုင်ကြပါစေရန် ရည်သန်ပြီး ရေးသားလိုက်ပါသည်။

စာအပြည့်အစုံသို့….

Saturday, August 15, 2009

+ ဗိုလ်လောင်းဘ၀နှင့် Outpass

dsta logo in myanmar Pictures, Images and Photos


နွေရာသီဟုခေါ်တွင်သော်လည်း ပြင်ဦးလွင်နွေဥတုကတော့ အေးစိမ့်စိမ့်လေးတော့ ရှိနေလေသည်။ တနေ့ညကတည်းက အမေ့နှင့် အဆက်အသွယ်ရပြီး လူက ပျော်သလိုလို ဖြစ်နေသည်။ လူကြုံပစ္စည်းနှင့် စားစရာများပို့လိုက်သည်။ မစားရတာကြာလေပြီဖြစ်သော ပုဇွန်ဟင်းနှင့် ချောကလက်များ ထည့်ပေးလိုက်သည်တဲ့…

မနက်ဖြန်ကို မြန်မြန်ရောက်ချင်နေမိသည်။ ပစ္စည်းများကို သယ်လာမည့်သူလေးကလည်း ကျွန်တော်၏ ငယ်သူငယ်ချင်းလေး။ ရင်ခုန်ခြင်း အလျင်းမရှိကြသေးသော် ကျွန်တော်တို့နှစ်ယောက်၏ ခင်မင်မှုသည် မိဘများက ဘာလိုလိုပြောထားသောကြောင့် အိုးတိုးအန်းတန်းတော့ဖြစ်သည်မှာ အမှန်ပင်။ သူမနှင့် မတွေ့သည်မှာ ဒီကိုရောက်ပြီး နှစ်နှစ်လောက်ရှိပြီ ကျွန်တော်လည်း ဒုတိယနှစ်ဗိုလ်လောင်းဘ၀ရှေ့တစ်လက်မ နောက်ပြောင်ဘ၀ဖြင့် သူမကို တွေ့ရမည်ဆိုသောကြောင့် အနည်းငယ်တော့ ရှက်မိသည်။

နေကြာရိုင်းများကို ရှင်းနေရင်းဖြင့် သူမအကြောင်းများကို စိတ်ကူးပေါက်ရင်းတွေးနေမိသည်။ ဧည့်တွေ့လာကြသူများတွင် ကျွန်တော့်ဘ၀တွင် မိန်းကလေးသူငယ်ချင်း လာရောက်ခြင်းမရှိခဲ့သေးသောကြောင့် သူမရောက်လာမည်ကိုပင် ရင်ခုန်သလိုလိုဖြစ်နေသည်။ သူငယ်ချင်းအချို့ကိုလည်း နည်းနည်းတော့ ကြွားလုံးလေး ထုတ်ထားမိလိုက်သည်။ ယခင်နေ့များက အလွန်တရာမှ ကြည့်မရသော နေကြာရိုင်းပင်များသည် ယနေ့တွင်မူ လှပနေသလို ခံစားမိလိုက်သည်။ နေကြာရိုင်းပင်များကို ကိုယ်လုံးများဖြင့် ပစ်တိုက်ပြီး လှဲနေသည်ကိုပင် နမြောသလိုလိုခံစားရလာသည်။

မနက်ခရာမှုတ်သံကိုပင် နောက်ကျနေသလိုလို။ မနက်PT ပြေးပြီး ပြန်လာချိန်တွင် မိုးကြိုးပစ်သလိုကြားလိုက်ရသော အမိန့်ကြောင့် အပျော်များသည် အရည်ပျော်သွားခဲ့လေပြီ။ ယနေ့ညနေတွင် Dinner ပွဲရှိသည်။ အထက်အရာရှိကြီးအချို့လာမည်။
Outpass လည်းပိတ်.. ဧည်တွေ့လည်း…ဂျိတ် ။

သေလေပြီ သူမက ဒီနေ့မနက်မှ ရန်ကုန်မှ မန္တလေးလို့ရောက်မည်။ နေ့လည်လောက်မှ တက်လာမည်ဆိုပါက ညနေဧည့်တွေ့ချိန်မှဖြစ်မည်….သွားလေပြီ။ ကျွန်တော့် အတွေးများ အပျော်လေးများသည်… ဇော်ဝင်းထွဋ် ၏ သီချင်းဘ၀သို့ရောက်လေပြီ။ တနေ့တာကြီးကလည်း မကုန်နိုင်တော့သလိုလို.. တနေ့လုံးလည်း လူနှင့်စိတ်နှင့်မကပ်.. နာရီလက်တံလေး လေးနာရီထိုးနေချိန်ထိ ရင်ထဲက အလုံးက တင်းခံနေသလိုလို။ ထမင်းစားစဉ်ကလည်း ဇွန်းပြန်ခုန်ဟင်းနှင့် စားထားတာတောင်.. အရိုးစူးသလိုလို လည်ချောင်းထဲတွင် နင်တင်တင်။ အဆောင်ပေါ်မှပဲ အဝေးကို ခပ်ဆွေးဆွေးတွေးငေးနေမိစဉ်..

"ဗိုလ်လောင်း xxxxx ဘယ်မှာလဲ… ညီ။"

ခပ်မာတင်းတင်းအသံတစ်ခုထွက်လာသောကြောင့် ကျောတောင်ချမ်းသွားသည်။ လှည့်ကြည့်လိုက်ချိန်တွင် အရပ်ဝတ်ဖြင့် အရာရှိရုပ်သွင်ပြင်နှင့် အစ်ကိုကြီးတစ်ယောက်။

"ကျွန်တော်ပါ။"

လက်ကလည်း ဗိုလ်လောင်းတို့ထုံးစံအတိုင်း လက်သီးလေးတစ်ဆုပ်ဆုပ် သတိလေးဆွဲပြီး ပြန်ထူးလိုက်သည်။

"အေး ဒါဆို အစ်ကိုနဲ့ ခဏလိုက်ခဲ့ကွာ။ ဖြစ်တယ်မလား။ ညီတို့ Dinner အချိန်ကလိုသေးတယ်မလား။"
"ဟုတ်"

လက်ကလည်း အသင့်အနေအထားပင် သူငယ်ချင်းတစ်ယောက်၏ တိုက်ပုံအမည်းလေးကို လှမ်းဆွဲလိုက်ကာ အမြန်ဝတ်ပြီး လာခေါ်သော အစ်ကိုကြီးနောက်သို့ အပြေးတစ်ပိုင်းလိုက်ခဲ့လေသည်။ လိုင်းခန်းများနှင့် ကပ်နေသော အဆောင်တစ်ခုအနီးသို့ရောက်ချိန်တွင် ပြုံးပြနေသာ အပြုံးတစ်စုံကို သူမြင်လိုက်ရချိန်တွင် တော်တော်လေးကို ပျော်မိသည်။ သူငယ်ချင်းမလေး…
သူမနှင့်အတူ သူမအစ်မ၀မ်းကွဲတစ်ယောက်။ ထို့နောက် အရပ်ဝတ်ဖြင့် အရာရှိရုပ်သွင် အစ်ကိုနောက်တစ်ယောက် ဆိုင်ကယ်နှစ်စီးဖြင့်…

"ဟဲ့ xxxxx နင့်ကို လာတွေ့ရတာလည်း အက်ရှင်ကားရိုက်နေရသလိုပဲ။ ငါတို့ကို ဧည့်တွေ့မပေးဘူး။ ဒါဆိုလည်း ပစ္စည်းပါးလိုက်မယ်ဆိုတော့လည်း ဂိတ်ဝမှာ အပတ်စဉ်( xxx ) က အစ်ကိုကြီးက သူ့အပတ်စဉ်ကြီး ထုတ်ပြောပြီး ငါ့အစ်ကိုတွေတောင် အဆူခံလိုက်ရသေးတယ်။ နင့်အတွက်လူကြုံကလည်း ဒီနေ့မပေးလို့ မဖြစ်တော့ဘူးလေ။ ချောကလက်တွေဆိုတော့ အရည်ပျော်ချင်ချင်ဖြစ်နေပြီ ဒါတောင် ငါ မန္တလေးမှာ ခဏ အအေးပေးထားသေးလို့။ မနက်ဖြန်လဲ ငါက မန္တလေးပြန်ဆင်းမှာလေ နင့်ကို တွေ့ချင်လို့ တက်လာလိုက်တာ။"

သူမသည် တရစပ်စကားများကို ပြောလည်းပြော ပစ္စည်းများလည်း ထုတ်ပေးလေသည်။ သူမအစ်မနှင့် ကျန်အစ်ကိုတစ်ယောက်ကတော့ ခပ်ပြုံးပြုံး။

"နင်ဘယ်လိုဝင်လာတာလဲ.. ဒီနေရာကြီးကို။ ငါလည်း နင့်ကို ဘယ်လိုဆက်သွယ်ရမှန်းမသိလို့ နင်တော့ ကျောင်းရှေ့မှာ ယောင်ချာချာဖြစ်နေပြီ ထင်နေတာ။ တော်သေးတယ်ကွာ.."

"ဟယ်.. ငါ့အစ်ကိုတွေ သိလို့ပေါ့။ သူတို့ပို့ပေးလို့သာပေါ့။ ထားပါ..ဒါတွေ။ နင်နောက်ကျနေမယ် ပြန်တော့လေ။ မဟုတ်ရင် အထိုးခံနေရအုံးမယ်။"

လက်က နာရီလေးကို ခေတ္တမျှပင်ရပ်ထားခွင့်ရချင်သွားသည်။ သူမသည် မိုင်ပေါင်းများစွာ ဝေးသော နေရာလေးမှ ကျွန်တော့်ထံသို့ ရောက်အောင် လာခဲ့လေသည်။ အစ်ကိုတော်များကိုပင် ကျေးဇူးတင်ရမလိုလို။

"ညီ.. မင်း ပြသနာတက်မယ်။ ပြန်တော့ကွ။"

လာခေါ်သော အစ်ကို သတိပေးမှ သူငယ်ချင်းမလေးကို နှုတ်ဆက်ကာ အဆောင်များဆီကို သုတ်ခြေတင်ရသည်။ လည်ပင်းတွင် နင်နေသော အရိုးလေးကတော့ ကျသွားပါသည်။ သို့သော် ခံစားချက်တစ်ခုကတော့ ထိုအဆောင်လေးရှေ့တွင် အမှတ်တရ ကျန်ခဲ့လေသည်။

(ဗိုလ်လောင်းလေးများ၏ ဘ၀ကို နားလည်ပေးနိုင်စေရန် ဒီဆောင်းပါးလေးဖြင့် ချစ်သူဗိုလ်လောင်းလေးကို စိတ်ခုနေသော ညီမလေးတစ်ဦးကို တောင်းဆိုချင်ပါသည်။)


စာအပြည့်အစုံသို့….

Sunday, August 2, 2009

+ လယ်ထဲရောက် စစ်သားလေးကျွန်တော်


“ထွန်တုံးကိုတဲ့ ခြေတော်တင် နွားကြန်စုံနှင် x x x x x “

ငယ်ငယ်တုန်းက သင်ခဲ့ရသော သီချင်းလေးကို ငြီးရင်း တပ်ပိုင်လယ်ကွင်းများဆီသို့ ခြေဦးလှည့်မိသည်။ ဒီနေ့တာဝန်က စပါးခင်းများ စစ်ရမည်။ ထို့နောက် မွေးမြူရေးကွင်းတစ်ခုကို စစ်ရမည်။ တပ်ရင်းရုံးက ထွက်လာကတည်းကတော့ Plan A , Plan B နှင့် ဟုတ်သလိုလို။ လယ်ထဲရောက်တော့ ငုတ်တုတ်မေ့ပြီ။

လယ်ကွက်များက အငှားချထားပြီး လုပ်ခြင်း မဟုတ်သောကြောင့် တနိုင်တပိုင်လုပ်ကိုင်ကြရခြင်းဖြစ်သည်။ ကွင်းထဲ ကြည့်လိုက်ချိန်တွင် အလုပ်လုပ်နေသော သူများက မိမိရဲဘော်များ။ မိမိလည်း မနေသာ မကြည့်ရက်။ လယ်ကန်သင်းရိုးပေါ်မှ နေ၍ ဟိုလိုလုပ်ပါလား….ဒီလိုလုပ်ပါလား….ဟုလည်း အချိုရည်ကြော်ငြာလည်း မရိုက်ချင်။ ဒီတော့ ကိုယ်တိုင်ကွင်းဆင်းရလေပြီ။

ဝတ်လာသော ယူနီဖောင်းလေးက ခပ်နွမ်းနွမ်းဖြစ်နေခြင်းကိုပင် ကြိတ်ကျေးဇူးတင်နေမိသည်။ အကျီ င်္ကိုသင့်ရာနေရာတွင် ချိတ်ပြီး ဘောင်းဘီကို ဒူးအထက် ခေါက်တင်ကာ လယ်ကွင်းထဲသို့ ဆင်းလိုက်သည်။ ဆရာကြီးတစ်ယောက်က လှမ်းအော်လေသည်။
"ဗိုလ်ကြီး… ဟာ မလုပ်ပါနဲ့ဗျာ။ ကျွန်တော်တို့လုပ်လည်း ရပါတယ်။"
"မထူးပါဘူး ဆရာကြီးရာ။ တစ်ယောက်ပြီးတော့ အလုပ်မြန်မြန်ပြီးသပေါ့။ ကျွန်တော်လည်း လုပ်ဖူးသွားတယ်ပေါ့ဗျာ။"

တခင်းစာ ပျိုးကျဲပြီးသည်နှင့် ခြေလက်ဆေးပြီး မွေးမြူရေးရှိရာသို့ လှမ်းလာခဲ့လိုက်သည်။ မွေးမြုရေးဆိုလို့ နွားတို့ ကြက်တို့ ၀က်တို့တော့ မဟုတ်ဘူးခင်ဗျ။ မဟာပညာကျော် တီကောင်မွေးမြူရေးစခန်းတစ်ခုပင်ဖြစ်သည်။ တီကောင်ရိုးတိုးရွတလေးများ ပေါက်ဖွားနှုန်းကိုမှတ် နားမလည်သေးသည်များကိုလည်း မေးမြန်းပြီး ခန်းစက်ရာအဆောင်ဆီသို့ ခပ်သွက်သွက်ပင်ပြန်လာခဲ့သည်။ မိုးလေးများက တဖွဲဖွဲကျနေသောကြောင့် ပျိုးကျဲထားသော လယ်ကွင်းလေးဆီကိုပင် အလွမ်းပြေကြည့်ခဲ့မိသည်။ ကိုယ်တိုင်စိုက်ပျိုးခဲ့သော လယ်ကွင်းကြီး သီးပွင့်သည်အထိ မိမိမြင်နိုင်ပါအုံးမည်လား။

အင်း…. မိမိတို့ စစ်သားဘ၀က အတည်တကျပြောလို့ ဒီနေ့တွေ့ရပေမယ့် နောက်နေ့တွင် မတွေ့နိုင်တော့ပေ။မိုးသားများ တလိပ်လိပ်ကျဆင်းသွားပြီး လေငြိမ်သွားချိန်တွင် အောက်လင်းဓါတ်မီးကြီးကို ဆွဲ၍ ဆက်သွယ်ရေးဖုန်းလေးရှိရာသို့ အသော့နှင်ခဲ့လေသည်။ သူငယ်ချင်းများဆီကို ဖုန်းအိုကြီး တဂစ်ဂစ်နှင့် ဆက်ပြီးသွားချိန်တွင် ညီမလေးဆီကို ဖုန်းဆက်လိုက်မိသည်။

ယာယီတပ်ခွဲမှူးဘ၀ အတွေ့အကြုံများကို ပြောပြမိရာတွင် ရယ်လိုက်သော ညီမလေး.. အူတောင် တက်လောက်တယ်။ အော်… တစ်ချိန်က စစ်မြေပြင်မှာ ရန်သူတွေကို ခြေမှုန်းချိန်ကလည်း ကျွန်တော်ပါပဲ။ တိုင်းရုံးပေါ်တွင် ပန်ကာလေးအောက်တွင် အလုပ်ရှုပ်ခဲ့သူကလည်း ကျွန်တော်ပါပဲ။ ယခုလယ်စိုက်ပြီး တီကောင်မွေးနေတာလည်း ကျွန်တော်ပါပဲ…

ဘ၀ဖြစ်ပုံဆန်းကျယ်အားလုံးကတော့ စစ်သားဘ၀တွင် အတွေ့အကြုံများပင်ဖြစ်ပေတော့သည်။

တချိန်က ရတခ

စာအပြည့်အစုံသို့….

Sunday, July 5, 2009

+ ချယ်ရီမြေမှ ရင်ပူခဲ့သော ညတစ်ည



အင်တာနက်ဆိုသော ကမ္ဘာရွာကြီးဆီသို့ မရောက်လာခဲ့တာ ရက်ပေါင်းကြာခဲ့ပြီ။ အပြောင်းအရွှေ့များဖြင့် မြို့နှင့် အလှမ်းဝေးသည် မဆိုသာ၊ နီးသည်ဟုလည်း မမည်သော နေရာလေးတစ်ခုသို့ ကျွန်တော်ရောက်ရှိခဲ့လေသည်။
ရှစ်ခွင်တိုင်း မှိုင်းတဲ့ပတ်လည် x x x x x မိုးအေးအေးနှင့် အလုပ်နားချိန်လေး အတွေးတို့က ချယ်ရီတွေဝေနေသော မြေဟုတင်စားထိုက်သော ပြင်ဦးလွင်မြို့လေးဆီက အတိတ်ပုံရိပ်များကို သတိရမိသည်။ ကျွန်တော်တို့တွေအားလုံး ယခုဆိုလျှင် တစ်ယောက်တစ်နေရာဆီ ရောက်နေပါသည်ဟု ဆိုသကဲ့သို့ သူငယ်ချင်းများ တာဝန်ပေးအပ်ရာ နေရာများကို ရောက်ရှိကာ သူငယ်ချင်းများ ခွဲခွာခြင်း စကြလေပြီ။ G-3ဘ၀လေးများဖြင့် တပ်မတွင် သူငယ်ချင်းတွေ ပြန်ဆုံချိန်တွင် ပျော်မိသော အပျော်သည် ဘာနဲ့မှ မလဲနိုင်ခဲ့ကြချေ။ ယခု..အချိန်စိ၍ပြန်လည် ခွဲခွာကြရပြန်သည်။ အဆောင်မျက်နှာကျက် အမိုးပြားကို စိတ်ကြည့်ရင်း....


"ဟိတ်ကောင်တွေ.. ငါပုလင်းတစ်လုံးရလာတယ်။"

ကျွန်တော်တို့ထဲတွင် တိုင်းရင်းသားမျက်နှာလေးဖြင့် ချစ်ဖို့ကောင်းသော ကျွန်တော်၏သူငယ်ချင်းပအိုဝ့်လေးက ရင်ဝယ်တွင် BE တစ်ပုလင်းပိုက်ကာ ကျွန်တော်တို့နားသို့ရောက်လာလေသည်။


"ဟိတ်ကောင်..ကြည့်ကျက်လုပ်။ မတော်မိရင် တစ်အုပ်လုံးမနေရဘူး။ ပေ(၅၀)ပတ်လည် ပြေးမလွတ်ဘူးကွ။"
"မင်းကြောက်လည်း မင်းမသောက်နဲ့ပေါ့"


ဒင်းကလည်း မူသည် သူ့လက်ထဲတွင် ပုလင်းလေးရှိနေတော့လည်း.... ကျွန်တော်တို့ဗိုလ်လောင်းများသည် အရက်မသောက်ရဟု စည်းကမ်းချမှတ်ထားသော်လည်း လူငယ်ပီပီစမ်းသောက်ကြည့်ချင်သည်။ မြို့ထဲတွင်လည်း ဆိုင်များတွင် ဗိုလ်လောင်းများကို အရက်မရောင်းရဟု ချမှတ်ထားသောကြောင့် အမိကျောင်းတော်ကို သိတတ်စွာဖြင့် ပင်ပန်းခံစွာ ဘယ်သောအခါမှ Outpass ထွက်တိုင်း ရှာပြီး မသောက်ခဲ့ပါ။ ယနေ့တော့ .. မင်းသားက ဘယ်က ဘယ်လို မလာသည် မသိ။

"နေအုံးကွ ဒီအတိုင်းသောက်လို့ မကောင်းဘူး။ အမြည်းလေးဘာလေး ပါမှ ကောင်းတာပေါ့ကွ။"
"မင်းကလည်း ပြောတတ်ပ။ ဘယ်မလည်း မြည်းစရာ ကိုယ့်အသားကိုယ်လှီးမှ ရမှာ။"
"နေစမ်းပါအုံးကွာ.. ငါကြံပါ့မယ်။"


ဥာဏ်ကြီးရှင်တစ်ယောက် သူ့ပုလင်းလေးကို လက်ဝယ်က မချပဲ အမြည်းရှာပုံတော်ထွက်လေသည်။ ခဏကြာသော ဥာဏ်ကြီးရှင် နို့ဆီဘူးတစ်ဘူးဖြင့် ပြန်ရောက်လာသည်။
ဘာကြီးလည်းကွ။ မင်းဟာကလည်း မနိုပ်လိုက်တာ။ နို့ဆီနှင့် အရက်မြည်းရမယ်...ဟုတ်စ

"ဟိတ်..ရှာမရှည်နဲ့။ သောက်ချင်သောက် မသောက်ချင်နေ။ ခွက်လျော့ရင် ပိုကြိုက်တယ်။"

မထူးတော့ချေ။ အားလုံးလည်း သဘောတူညီစွာဖြင့် BEလေးနှင့် နို့ဆီကို ကော်လိုက် မော့လိုက်နှင့် ကျွန်တော်တို့အဖွဲ့ တက်ညီလက်ညီ ဖြိုလိုက်ကြသည်။ သောက်စကတော့ ဟုတ်တုတ်တုတ်။ နောက်တော့ ပြသနာတတ်ပါသည်။ ရင်တွေပူလာတာ မီးကဲ့သို့ပင်။ အူရိုင်းဆိုတော့လည်း ပြသနာရှိခြင်းလား။ နို့ဆီနှင့် BE ပဲ မိတ်ဖွဲ့သလားမသိ။ နောက်ဆုံးတွင်တော့ ကျွန်တော်တို့ငါးယောက် ရေအိုးများရှိရာသို့ပြေးရလေသည်။ သောက်လို့ကောင်းလိုက်တဲ့ရေ။ အိပ်ကလည်း ငိုက်လာသည်။ ပြင်ဦးလွင် အအေးဒဏ်ကိုပင် အန်တုနိုင်သော ရင်ဘတ်များ။ နောက်ဆုံးမတော့ တက်ညီလက်ညီ ရေအိုးကိုယ်စီရင်ဝယ်ပိုက်ကာ ခြင်ထောင်ထဲဝင်အိပ်ခဲ့ကြသည်။
အတန်ကြာတော့ ကြွက်စိကြွက်စိဖြင့် အသံများထွက်လာပါတော့သည်။ ပြသနာက ရေအိုးများပျောက်ခြင်း....
နောက်ဆုံးရလာဒ်ကတော့ အပြစ်ပေးခံလိုက်ရသော ကျွန်တော်တို့အဖွဲ့....

အမှတ်တရများကို စဉ်းစားရင်းဖြင့် ကျွန်တော်တို့လေးယောက် တပ်မတွင်ပြန်ဆုံချိန်တွင် ၀ိုင်းလေးတစ်ဝိုင်းဖွဲခဲ့စဉ်က အမြည်းအဖြစ် ဟင်းချိုကို မြည်းသည်ဟု ဆိုသောကြောင့် ကြားကို မကြားဖူးဘူးဟု ဆိုခဲ့သော ညီမလေးကိုလည်း သတိရမိသည်။

သြ.. အခုချိန်တွင်တော့ ကျွန်တော်တို့အားလုံးတစ်နေရာဆီ ခွဲခွာခဲ့ကြရပြီ။ ကျွန်တော်၏ သူငယ်ချင်းများလည်း တာဝန်ကျရာတပ်စခန်းများတွင် ကျွန်တော့်လိုပဲ ပြင်ဦးလွင်၏ညများကို တမ်းတနေကြမည်လောဟုတွေးရင်း..

တချိန်က (ရတခ)

စာအပြည့်အစုံသို့….

Thursday, June 11, 2009

+ မိခင်ရင်ခွင်ဆီသို့ ခဏတာ ခိုလှုံခွင့်


မိုးတွေက မရပ်မနားကို ရွာနေလေပြီ။ တောတစ်ခုလုံးကလည်း ညို့မှိုင်းမှိုင်းဖြင့် သစ်ပင်ဝါးပင်များ လေအဝှေ့တွင် ရိုက်ခတ်သံများနှင့် တောင်တန်းများသည် မိုးစက်မိုးပေါက်များအောက်တွင် အိပ်စက်နေလေသည်။ လူနာများဆီမှ ညီးသံသဲ့သဲ့ကြားတိုင်း ရင်တွင်းကို ဆောက်နှင့်ထွင်းသလိုခံစားရသည်။ မိမိလည်း ဒီထက်ပို၍ လူနာများသက်သာစေချင်အလို့ငှာ မတတ်သာချေ။ တောင်ဆင်းလမ်းကို မိုးရေများကြားမှ သတိထားဆင်းကာ လူနာများကို ထမ်းလာသော မိမိရဲဘော်များကိုလည်း ဂရုဏာသက်မိသည်။ မနေ့ကဖြစ်ပွားသွားသော တိုက်ပွဲကြောင့် ဒဏ်ရာရလူနာများကို ရန်ကုန်သို့ပြန်ပို့ရန်တာဝန်ကို ကျွန်တော်တာဝန်ယူရသည်။ မိမိချစ်သူကို တွေ့ခွင့်ရမည်ဟု ၀မ်းသာမိသော်လည်း ယခုကဲ့သို့လူနာပို့ဖြင့် ပြန်ရမည်ကိုဖြင့် စိတ်မသက်သာ...

တပ်စုတစ်စုနှင့်အတူတောင်ငူသို့ပြန်ဆင်းလာသော လမ်းတစ်လျှောက်တွင်လည်း မိုင်းများကို ထပ်မံမနင်းမိစေရန် သတိထား သွားနေရသည်။ ကျွန်တော်တို့တပ်မတော်သားများသည် မွေးဖွားလာသော အမိကျောင်းတော်များသာကွာခြားကြပြီး ရှေ့တန်းစစ်မြေပြင်တွင် တအူတုံဆင်း ညီအစ်ကိုရင်းခြာများကဲ့သို့ ချစ်ခင်ကြသည်။ ယခုလည်း စစ်ကြောင်းတွင်လိုက်ပါလာသော ၄၉မှ ညီငယ်က သူ့အသက်ကိုပင် ပဓာနမထားပဲ ကျွန်တော်တို့ ဆေးတပ်သားများကို စိတ်ပူနေပြန်သည်။
"ဆေးဗိုလ်ကြီး...စိတ်မပူနဲ့ဗျာ။ ညီ..လျှောက်တဲ့ခြေလှမ်းနောက်ကသာလိုက်။ ဆေးဗိုလ်ကြီးတို့တစ်ခုခုဖြစ်ရင် ကျွန်တော်တို့တွေ မကုတတ်ဘူးဗျ"
အသက်အားဖြင့် ကျွန်တော့်ညီငယ်လောက်သာရှိသော ကောင်လေးက အားပေးစကားပြောပုံမှာ ချစ်စရာကောင်းပါသည်။ ကျွန်တော်လည်း သူ့နောက်မှ ထပ်ချပ်မခွာလိုက်ရင်း တစ်နေရာအရောက်တွင်..

"ဆေးဗိုလ်ကြီး... ကျွန်တော်ဆီးသွားချင်လို့။ ဒီဖက်သွားတာ။ ဆေးဗိုလ်ကြီးရော သွားမလို့လား"

ကျွန်တော်လည်း ၄င်းက ထပ်ချပ်မခွာလိုက်ဟုဆိုသောကြောင့် သူ့ခြေလှမ်းများကို နင်းခဲ့သည်ကို အရှက်ပြေလေးဖြင့်..

"အေးကွာ..ငါလည်း မိုးအေးတော့ သွားချင်လာသလားလို့ကွ"
နောက်ဆုံးတွင် မရှိ ရှိတာကို ဖြစ်ညစ်ပေါက်ခဲ့ရသည်။

မိုးများကလည်း သည်းထန်စွာရွာသွန်းသောကြောင့် လူနာများလည်း မသက်သာလှ။ စိတ်မကောင်းစရာဖြစ်ရသည်ကား ငှက်ဖျားပိုးဦးနှောက်ထဲရောက်သွားသော လူနာစစ်သည်တစ်ဦးသည် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း လမ်းခုလတ်တွင်ပင် အသက်ဆုံးရလေသည်။ ကျန်ဒဏ်ရာရစစ်သည်များကိုလည်း သတိထားရသည်။ မိုးရွာလွန်းသောကြောင့် မိုင်းထိထားသောနေရာမှ အသားများပုပ်လိုက်မလာစေရန်လည်း ကြည့်ရှုရသည်။ သုံးရက်လောက် လမ်းလျှောက်လာပြီးချိန်တွင် မိမိကိုယ်တိုင်ပင် ခွေယိုင်ယိုင်ဖြစ်နေသည်။ မြေသားများကလည်း မိုးရွာလွန်းသောကြောင့် ပျော့လာကာ တောင်စောင်းတိုင်းကို သတိထားဆင်းနေရချိန်တွင် ခြေထောက်ထိပ်များက နာကျင်စပြုလာသည်။ လေးရက်မြောက်နေ့တွင် ကျွန်တော်တို့ တောင်ငူမြို့ကို ရောက်ရှိလာခဲ့ပြီ။ လူက နားချင်သော်လည်း မနားနိုင်။ လူနာများကို မှီရာရထားဖြင့် ချက်ချင်းတင်ပြေးရန်အတွက် ဘူတာတွင် စီစဉ်စရာများကို စီစဉ်ရသည်။ ညီဖြစ်သူကတော့ နားနေရန်ပြောသော်လည်း လူနာများမျက်နှာကို ကြည့်ပြီး မနားရက်။ ရထားတစ်စီးရသည်နှင့် လူနာများကို သွေးချိန် အခြေအနေကောင်းတော့မှ ကျောမှ ကျောပိုးအိတ်ကိုချကာ ခြေပစ်လက်ပစ်ထိုင်နိုင်တော့သည်။ တခဏမျှနားကာ သူငယ်ချင်းများနှင့် မိခင်ထံသို့ဖုန်းဆက်ကာ ပြန်လာမည့်အကြောင်းကို သတင်းပို့ရသေးသည်။

တရွေ့ရွေ့ဖြင့် ရွေးလျားလာသော ရထားတွဲရှည်ကြီးများ ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ချိန်တွင် လူနာများအခြေအနေကလည်း ထပ်မံဆိုးရွားလာခြင်းကို မတွေ့ရတော့သောကြောင့် ရင်အေးရတော့သည်။ ဘူတာတွင် လာကြိုနေသော သူငယ်ချင်းများကလည်း ကျွန်တော့်ရုပ်သွင်ကိုကြည့်ကာ စိတ်မကောင်းကြ။ သို့သော်လည်း မည်သည့်စကားတစ်ခွန်းမျှမဆိုပဲ အိတ်များကိုသာ သယ်သွားကြသည်။ ကားကူရှင်ကိုမှီရင်း အိပ်ပျော်သွားလိုက်တာ ကားကလေးသိပ်ကနဲ ရပ်ချိန်တွင် ကားမှန်ပြတင်းမှ မိခင်မျက်နှာကို မြင်ရလျှင်ပင် ၀မ်းနည်းဝမ်းသာဖြစ်ကာ ကားပြင်သို့ထွက်၍ မိခင်ကို သိုင်းဖက်မိသည်။ မေမေကလည်း ကျွန်တော့်ပုံပန်းသဏ္ဍာန်ကိုကြည့်ကာ မျက်ရည်ပေါက်ကြီးငယ်ကျလေတော့သည်။

"မေမေရယ်..ဘာလို့များ ငိုတာလည်းဗျာ။ ကျွန်တော်ဘာမှ မဖြစ်ပဲပြန်လာတာပဲဗျာ "

မိခင်ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးရင်း မိခင်၏အေးမြသောရင်ခွင်ကို ကျွန်တော်တစ်ပတ်တိတိပြန်လည်ခိုလှုံခွင့်ပေးသော ကံတရားကြီးကို ကျေးဇူးတင်လိုက်မိသည်။

စာအပြည့်အစုံသို့….

Sunday, May 31, 2009

+ မမေ့နိုင်သော ရက်စွဲ (၂၉-၅-၂၀၀၉)

(29th May, 2009) ဒီနေ့လေးသည် ကျွန်တော်တို့အတွက် ရင်ခုန်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါသည်။ မနက်မိုးလင်းကတည်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ အောင်စာရင်းစောင့်နေရသော ကျောင်းသားလိုလို။ ရုံးရောက်ကတည်းက အပတ်စဉ်တူခြင်း လှမ်းကြည့်သည့် အကြည့်လေးတွေကလည်း စိုးရိမ်စိတ်က တွဲလဲခိုနေကြသည်။
နေ့လည်ထမင်းစားချိန်ထိ လူက စားလို့မ၀င်။ နင်တင်တင်.. ထမင်းတစ်လုတ် ရေတမုတ်ဖြင့်သာ မြိုချပြီး အဆုံးသတ်လိုက်သည်။ လုပ်ကိုင်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ပြီး ညနေလေးနာရီတွင် ဖုန်းများက ၀င်လာပါပြီ။ မင်းဘယ်ရောက်လည်း.. ငါဘယ်ရောက်တယ် စသည်ဖြင့်။ ကျွန်တော့်သတင်းကတော့ တစိုးတစမှ မကြားရသေး။ ပိုဆိုးသည်က မိမိနှင့် အမည်တူကလည်း အပတ်စဉ်တူရှိသေးသည်။

ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေပြီ..
မပါခြင်းလော။ မသိသေးခြင်းလော။ မနက်ဖြန်တွင် တပ်ကို စာရောက်မည်ဖြစ်သော်လည်း ရင်ထဲမှာက စိုင်းစိုင်းခမ်းလှိုင်လို ဗလောင်ဆူတဲ့ရင်ဖြစ်နေပြီ။ ညနေငါးနာရီခွဲလောက်တွင် အတိအကျသိရပါပြီ။ ကျွန်တော်ပြောင်းရမည့်တပ်က မိခင်ကြီးနှင့် နီးသော ဒေသလေးတစ်ခုဖြစ်၍ ၀မ်းသာမိသည်။ ပိုဝမ်းသာမိခြင်းက အမေ့နားနီးနီးနေပါက မိန်းမပေးစားတော့မည်ဆိုသည်မှာ လက်ခတ်မလွဲ..
သြ.. လူပျိုကြီးဘ၀ ကျွတ်ရချီသေး။

သို့ပေသော်ငြားလည်း မိမိ၏ ညီအစ်ကိုရင်းခြာပမာ ချစ်ခင်ရင်းနှီးစွာနေထိုင်ခဲ့ကြသော ဗိုလ်လောင်းဘ၀ကတည်းက သေအတူရှင်မကွာ သူငယ်ချင်းအချို့လည်း အပြောင်းအရွှေ့မပါသူ၊ စစ်မြေပြင်တွင် နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်ကာ တာဝန်ထမ်းဆောင်သွားကြသူနှင့် မိမိတို့ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပင် ပဓါနမထားပဲ စွန့်လွှတ်စွန့်စားတိုက်ခိုက်ခဲ့ကြသော သူငယ်ချင်းများအတွက် စိတ်မကောင်းဖြစ်မိရင်...။ ဒီနေ့လေးမှာ .. ငါတို့သူငယ်ချင်းတွေအတွက် မမေ့နိုင်တဲ့ ရက်စွဲလေးအဖြစ် မှတ်တမ်းတင်လိုက်ပါသည်။

ရတခ

စာအပြည့်အစုံသို့….

Sunday, May 17, 2009

+ ဘယ်သောအခါမှ နောင်တမရသော ရွေးချယ်မှု


တပ်မှူးရှေ့တွင်ရပ်နေသော ကျွန်တော့ခြေအစုံသည် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ ကောက်ခါငင်ကာဖြင့် မည်သူမျှထင်မထားသော ရှေ့တန်းစစ်မြေပြင်ကို လူစားထိုး လိုက်ရမည်။ စစ်သားနှင့် စစ်ပွဲမဆန်းသော်လည်း ဆန်းနေတာက ကျွန်တော်။ အပတ်စဉ်တူ သူငယ်ချင်း တော်တော်များများက ကျောင်းများနှင့် တပ်ဆွယ်ဆေးရုံများတွင်သာ တာဝန်ကျနေချိန်.. ကျွန်တော်တစ်ကောင်ကတော့ ချွန်ပြီး ရှေ့တန်းပါသည်။ ပါသည့်နေရာကလည်း သတင်းမွှေးသည် ဘော်ဂလိ။

မဟာတန်းဝင်ခွင့်စာမေးပွဲသည်လည်း နှစ်ကုန်တွင်ရှိသောကြောင့် သူသူငှာငှာ အပတ်တကုတ်ကြိုးစား စာကျက်နေချိန်တွင် ကျွန်တော့်အဖြစ်က….


စစ်သားတို့မည်သည် အမိန့်တာဝန်ကို လိုက်နာရမည်။ No Excuse.. No Complaint တပ်မှူးရုံးခန်းက ပြန်ထွက်လာကတည်းက သူငယ်ချင်းတစ်ချို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြား။ ဆေးရုံမှလည်း စောစောပြန်လာခဲ့လိုက်သည်။ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်.. ၀ယ်စရာများရှိနေပြန်တော့လည်း မင်္ဂလာဒုံဈေးကိုပြေး။ ဈေးကအထွက် အမိကျောင်းတော်ကြီးကို ကြည့်မိရင်း သက်ပြင်းချမိသည်။ အင်း.. နောက်သုံးလေးလကုန်လို့ အမိကျောင်းတော်ကြီးရင်ခွင်ကို နားခိုရမလား။ မီးပွိုင့်သာခြားသော ငြိမ်းအေးကိုရောက်မလား။
ပစ္စည်းပစ္စယထုပ်ပိုးပြီးချိန်တွင် နံရံမှ နာရီကိုကြည့်လိုက်တော့ အချိန်က ညကိုးနာရီခွဲ။ တဆက်တည်းမှာပင် အိမ်ရှေ့လူခေါ်ခေါင်းလောင်းက မြည်လာသည်။ တံခါးဝတွင် ကျွန်တော်၏ အချစ်ဆုံးငယ်သူငယ်ချင်းနှစ်ယောက်က သုံးဆယ့်နှစ်ကွတ်တာပေါ်အောင် ပြုံးပြနေသော အပြုံးနှစ်စုံ။ အကြောင်းကြားထားတာကတော့ ညနေပိုင်းက။ သူတို့လည်း ဆေးခန်းပိတ်ချိန်ပြီးမှသာ လာရောက်နှုတ်ဆက်နိုင်ကြသည်။ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် တစ်ဦးနှင့် တစ်ဦး စကားမဆိုပဲ နှုတ်ဆိတ်နေကြသည်။

"မင်းကွာ… အစကတည်းက ငါတို့တားထားရက်နဲ့ကွာ။ အခုတော့ ငါတို့သူငယ်ချင်းတွေ အားလုံးအဝေးကြီးတွေကို ရောက်တော့မယ်။ ဘယ်အချိန်ပြန်ဆုံမယ်ဆိုတာ မသိနိုင်သလို။ ဘယ်လိုပုံစံတွေ ပြန်ဆုံစည်းကြမယ်ဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။ မင်းသာ စစ်ဆေးထဲမ၀င်ခဲ့ရင် အခုလောက်ဆို ငါတို့သုံးယောက် ဂျမေးကားကို သွားဖို့ အေးအေးဆေးဆေး ပြင်ဆင်နေရုံပဲကွာ။ "


သူငယ်ချင်းစကားကို ကျွန်တော်ဘာမှ ပြန်မတုံ့ပြန်ချင်။ ကျွန်တော့်ရွေးချယ်မှုအတွက် ကျွန်တော့် မည်သည့်အခါကမှ နောင်တဆိုတာ မရခဲ့ပါ။ ငယ်ငယ်ကတည်းက စားအတူသွားအတူ သူငယ်ချင်းလေးယောက်သည် အထက်တန်းပညာများစုံပြီး မိမိတို့ဘ၀လမ်းကြောင်းအတွက် တက္ကသိုလ်များကို ရွေးချယ်ချိန်တွင် ကျွန်တော်သည် တပ်မတော်ဆေးတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါသည်။ ကျန်နှစ်ယောက်က အရပ်ဖက်ဆေးတက္ကသိုလ်ကို ရွေးချယ်ချိန်တွင် အခြားသော သူငယ်ချင်းတစ်ယောက်က တပ်မတော်နည်းပညာတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါသည်။ ကျောင်းသားဘ၀၊ ဗိုလ်လောင်းဘ၀များတွင် ပြောင်းလဲမှုများ မရှိခဲ့သော်လည်း အမိတက္ကသိုလ်ရင်ခွင်များမှ စွန့်ခွာချိန်တွင် ကျွန်တော်တို့ တပ်မတော်သားများက တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရန် ကျရာနေရာဒေသများကို သွားရောက်တာဝန်ထမ်းဆောင်ကြရသည်။ လက်ဖက်ရည်ဝိုင်းလေးသည် တိုက်ဆိတ်ကာ သူငယ်ချင်းသုံးဦးသား အတွေးကိုယ်စီဖြင့် မျောနေခဲ့ကြသည်။ နှုတ်ဆက်စကားဆိုကာ သူငယ်ချင်းများနှင့် ထိုညက စောစောလမ်းခွဲခဲ့သည်။
နောက်တနေ့တွင် တဆရ(၂)မှထွက်ခွာမည့်ကားအနီးသို့ သူငယ်ချင်းများရောက်လာချိန်တွင် ရင်ထဲတွင် ၀မ်းနည်းမှုက ပြောမပြနိုင်။ သူငယ်ချင်းလေးယောက်တွင် ကျွန်တော်က ရန်ကုန်မြေမှ ခွဲခွာပြီး နောက်တစ်လတွင် ဂျမေးကားသို့ထွက်ခွာကြတော့မည့် ဆရာဝန်သူငယ်ချင်းနှစ်ယောက်နှင့် ဘယ်သောအခါမှ ပြန်ဆုံကြမည်နည်း။ ရှေ့တန်းစစ်မြေပြင်ကိုရောက်နေသော အင်ဂျင်နီယာစစ်သည်သူငယ်ချင်းနှင့်လည်း အားလုံးပြန်ဆုံနိုင်ကြမလား မည်သူမှ မဟောနိုင်။ မပြောနိုင်။
ပုခုံးပေါ်ရောက်လာသော လက်တစ်စုံကြောင့် ကျွန်တော့်အတွေးတိုကလွင့်စင်သွားသည်။ လက်တစုံရောက်လာသော အသိနှင့်အတူ ပုခုံးပေါ်တွင် တပ်ဆင်ထားသော ကြယ်ပွင့်လေးများ၏ တာဝန်ဝတ္တရားများဆီသို့ အသိပြန်လည်ရောက်ရှိသွားသည်။
"သူငယ်ချင်း ကျော်စွာ.. မင်းရွေးချယ်ခဲ့မှုက မှားတယ်။ မှန်တယ်လို့မင်းကို ငါတို့ မပြောချင်တော့ပါဘူး။ ဒါပေမယ့်ကွာ.. ဖြစ်နိုင်ရင်တော့ မင်း ဒီအ၀န်းအ၀ိုင်းက ထွက်လာခဲ့ပြီး ငါတို့နောက်လိုက်ခဲ့ပါ။ မင်းအလုပ်ကြီးက ပင်ပန်းဆင်းရဲပြီး အသက်ကိုပါ အန္တရာယ်ရှိတယ်။"

ကျွန်တော့်သူငယ်ချင်း၏စေတနာကို နားလည်ပါသည်။ သို့သော်လည်း ပြုံးပြရုံလေးဖြင့်သာ …

"သူငယ်ချင်း ငါတို့ဆေးတပ်သားတွေက ပင်ပန်းဆင်းရဲကြတယ်ဆိုပေမယ့် ငါတို့ကိုယ်တိုင်ကိုယ်ကျ ပါဝင် မတိုက်ခိုက်နိုင်တဲ့ စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေသော တပ်မတော်သားတွေရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနေတဲ့သူတွေ။ ငါ့တာဝန်က အသက်ကို အန္တရာယ်ရှိချင်ရှိမယ်။ ဒါပေမယ့်ကွာ အသက်ကိုတောင် စွန့်လွှတ်ပြီးတိုက်ပွဲဝင်တဲ့သူတောင်ရှိတာ ငါတို့က ဘာလို့နောက်တန်းကနေ ရင်တုန်နေမလည်း။ တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေကို ကုသပေးရတာကို ငါ ဂုဏ်ယူမိတယ်ကွာ။ မင်းတို့နဲ့ တနေ့တော့ပြန်ဆုံမှာပါ။"

ယာဉ်တန်းကြီး တဆရ(၂)ကထွက်သည်အထိ မျက်စိတဆုံးတွင် ရပ်နေသေးသော သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း…
ငါတို့ဆေးတပ်မတော်သားတွေက ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ငါတို့အမိမြေအတွက် တတပ်တအား ပါဝင်နေကြသူတွေဆိုတာ မင်းတို့ တနေ့နားလည်ပေးနိုင်ကြပါစေ…


စာအပြည့်အစုံသို့….

Wednesday, April 22, 2009

ကျွန်တော်ကြုံခဲ့ဘူးသော မဟာသင်္ကြန်ပွဲတော်


“တူးပို့၊ တူးပို့” တေးသံများသည် မြန်မာတို့၏ ရိုးရာအတာသင်္ကြန်ပွဲတော်၏ သရုပ်ဖော်တေးသွားများ ပင်ဖြစ်သည်။ ရေဒီယိုလေးဆီမှ အတာသင်္ကြန်သီချင်းများကို လွှင့်ထုတ်နေလေပြီ…. သြ..မဟာသင်္ကြန်ပွဲတော်ကြီးတောင် နီးလာပြီကိုး.. ကျွန်တော်ရောက်ရှိနေသော နေရာလေးကတော့ သင်္ကြန်ပွဲတော်ရောက်၍ ရေလောင်းချင်လျှင်တောင် အလောင်းခံမည့်သူကို မနည်းရှာယူရမည့်နေရာလေး…။
နယ်ဒေသလေးတစ်ခု၏ ရထားလမ်းလုံခြုံရေးကို တာဝန်ယူနေရသော မနေ့တနေ့ကမှ ကျောင်းဆင်းလာသော ဗိုလ်ပေါက်စလေး ကျွန်တော်… သင်္ကြန်ဆိုတာကတော့ အများတကာလို ကားများဖြင့် မြို့တစ်ပတ် ရေပက်ခံထွက်ကြသည်ဆိုသည်မှာ ဗီဒီယိုဇာတ်လမ်းထဲတွင်သာ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့များခံစားပြ၍သာ ခံစားကြည့်ခဲ့ဘူးသည်။ အမိကျောင်းတော်ကြီးမှာတုန်းကတော့ ကျွန်တော်တို့ ဗိုလ်လောင်းများအတွက် မဏ္ဍပ်များဆောက်လုပ်ပေးပါ ဖျော်ဖြေမှုများဖြင့် မဟာသင်္ကြန်ပွဲတော်ကို သုံးနှစ်တိုင်တိုင် သူငယ်ချင်းများဖြင့် ပျော်ရွှင်မြူးတူးစွာ ဖြတ်သန်းခဲ့ကြရသေးသည်။ အမိကျောင်းတော်ရင်ခွင်မှ ထွက်ခွာပြီး မိမိ တာဝန်ကျရာ နေရာများသို့ ရောက်ရှိချိန်တွင်တော့ ကျွန်တော်တို့သည် လူငယ်လူရွယ်များပင် ဖြစ်သော်လည်း နိုင်ငံတော်ကပေးအပ်ထားသော တာဝန်သည် ကျွန်တော်တို့ ပုခုံးထက်တွင် ကပ်လျက်ပါခဲ့ပါပြီ။ သင်္ကြန်ဆိုတာလည်း အမိကျောင်းတော်တုံးက အပျော်ကိုသာ ပြန်စမြှုပ်ပြန်ရတော့မည့် အနေအထားသာ ဖြစ်သည်။
တေးသွားလေးတစ်ခုကြောင့် တွေးတောလိုက်သော အတွေးသည် အမိကျောင်းတော်ကြီးတွင် ပျော်ရွှင်ခဲ့ဘူးသော အတိတ်ကသင်္ကြန်ပုံရိပ်များဆီပါ ရောက်ရှိသွားကာ အနားသို့ ဆရာကြီးရောက်လာသော အခါ အတွေးတို့သည် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားလေသည်။

‘ဗိုလ်ကြီး.. ကြေးနန်းရောက်ပါတယ်။ နေရာအပြောင်းအလဲရှိပါတယ်။ ပစ္စည်းတွေသိမ်းဆည်းပြီး မနက်ဖြန်ညနေ နောက်ဆုံးထားပြီး တပ်မကို သတင်းပို့ရပါမယ်။’
ကံကြမ္မာကကောင်းချင်တာလားတော့ မသိ။ တပ်ပြန်ရမည်ဆိုရင်တော့ ရေငတ်တုန်းရေတွင်းတွေ့ ဆိုသလို သင်္ကြန်ငတ်တုံး သင်္ကြန်တွင်းလေး တပ်ပြန်ရလည်း မဆိုးချေ။ ထို့နောက် ပစ္စည်းများသိမ်းဆည်းပြီး နောက်ဆုံးရထားတစ်စီးကို စောင့်ကာ တပ်ရင်းသို့ ပြန်ချီတက်လာကြသည်။ ဆရာကြီးတွေကတောင် ကိုယ့်ထက် ခြေလှမ်းမြန်နေသယောင်ယောင်။ သားသမီး၊ ဇနီးမယားကို တွေ့ချင်တဲ့ ဇောလေးက ကိုယ့်သင်္ကြန်ပိုးထပ်တောင် အားကောင်းပ။ တပ်ရင်းရောက်ပြီး သတင်းပို့စရာရှိတာများကို ပို့ပြီး အဆောင်သို့ပြန်လာခဲ့သည်။ ကျွန်တော်တို့ လူပျိုဆောင်သွားရာလမ်းလေးသည် အိမ်ထောင်သည်လိုင်းခန်းများ နားလေးမှ ဖြတ်သွားရသည်။ ရုတ်တရက် ကျောဖက်မှ အေးကနဲဖြစ်သွား၍ လှည့်ကြည့်မိလိုက်ရာ…

“ဟားဟား… ဦးဦးကို သေနတ်မှန်သွားပြီ။ စိတ်ဆိုးရဘူးနော်… ဒါသင်္ကြန်ရေ..”
ကလေး လေးများသည် သင်္ကြန်မတိုင်ခင်ကပင် ရေပြွတ်ကို အသုံးချနေကြလေပြီ။ အင်း ဘာပဲပြောပြော သင်္ကြန်ရေဆိုတော့လည်း အေးမြပါသည်။
နောက်တစ်နေ့မနက်တွင် တန်းစီအပြီး ရင်းမှူးခေါ်၍ တပ်ရင်းရုံးကို လာခဲ့သည်။ တပ်ရင်းမှူးနှင့် တွေ့အပြီး တပ်ရင်းရုံးပြန်အထွက်တွင် လူက စိုင်းစိုင်းခမ်းလှိုင်သီချင်းလို… “ကျွန်တော်လေထဲ မြှောက်တက်သွားတာလား” ဆိုသကဲ့သို့ ပျော်ရွှင်မှု အဟုန်ကြောင့် ခြေထောက်တောင် မြေကြီးဖြင့် မထိတော့သယောင် ခံစားလိုက်ရသည်။ ရန်ကုန်မြို့မဟာသင်္ကြန်ပွဲတော် လုံခြုံရေးတဲ့ဗျ…….. သင်္ကြန်ပိုးလေးကျွန်တော် တစ်သက်တွင်တစ်ခါတောင် မကြုံဖူးသော မဟာသင်္ကြန်ပွဲတော်ကို မြင်ရတော့မည်။ အတွေးများဖြင့် အပျော်များဖြင့် ပစ္စည်းများထုပ်ပိုးရန် အဆောင်ဆီသို့ အပြေးတပိုင်းပြန်လာခဲ့မိသည်။
ကျွန်တော်တို့တပ်စုသည် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တက္ကသိုလ်များ ဓမ္မာရုံတွင် စခန်းချသည်။ ကျွန်တော့်ရင်အစုံသည် ဒိန်းတလိန်းနတ်ဝင်သလို တဒိန်းဒိန်းဖြစ် နေသည်။ ညအချိန်တွင်တောင် နာရီစက္ကန့်တံများ ရွေ့လျားးသံသည် နှေးကွေးသလို ခံစားနေရသည်။ မနက်ဖြန်ဆိုလျှင် ကျွန်တော်ရင်ခုန်ရသော မဟာသင်္ကြန်အကြိုနေ့သို့ရောက်ပါတော့မည်။ တစ်ညလုံး ကျွန်တော်ကောင်းကောင်အိပ်မရခဲ့။ မနက် ငါးနာရီတွင် equipment အပြည့်အစုံဖြင့် လုံခြုံရေးစောင့်ရမည့် နေရာကို ချီတက်ကြပါသည်။ နေရာလေးကတော့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင် အနောက်နားတွင်ဖြစ်သည်။ အင်းလျားလမ်းရှိ မဏ္ဍပ်များလုံခြုံရေးဖြစ်သည်။ ကုသိုလ်ကံကတော့ တော်တော်ကောင်းနေသည်ဆိုရမည် သင်္ကြန်ပိုးလေးကျွန်တော် မဏ္ဍပ်များရှေ့တည့်တည့်နေရာမှာမှ လုံခြုံရေးတာဝန်ကျသည်တဲ့။ ယခုချိန်တွင်တော့ မဏ္ဍပ်များအားလုံးသည် လှုပ်ရှားမှုများမရှိပဲ ငြိမ်သက်နေကြသည်။ ညနေပိုင်းတွင်သာ မဏ္ဍပ်အချို့ဖွင့်ပွဲများပြုလုပ်ကြသည်။
မဟာသင်္ကြန်အကျနေ့သို့ရောက်ပါပြီ။ ကျွန်တော့်ရှေ့တွင် မြင်နေရသော မဏ္ဍပ်သို့ အရွယ်စုံအရောင်စုံဖြင့် လူများတဖြည်းဖြည်းဖြင့် ရောက်ရှိလာကာ လှုပ်ရှားမှုလေးများဖြင့် မဏ္ဍပ်သည် အသက်ဝင်လာလေသည်။ ကျွန်တော်တို့နှင့် ရွယ်တူလောက်သာရှိလောက်သော လူငယ်လေးများကလည်း တေးသွားများဖြင့် မဏ္ဍပ်ပေါ်တွင် ပျော်ရွှင်မြူးတူးကာ ကခုန်နေကြသည်။ ရေပက်ခံကားများကလည်း လမ်းမတစ်လျှောက်ပြည့်ကျပ်ကာ အင်းလျားကန်ရေများကို အန်တုကာ ပျော်ရွှင်စွာရေပက်ခံနေကြသည်။
ကံများက မကောင်းချင်တော့ ကျွန်တော့်ရှေ့တည့်တည့်မှ မဏ္ဍပ်တွင် အစ်မ၀မ်းကွဲဖြစ်သူက ရှိနေလေသည်။ ကျွန်တော့်ကို မြင်သည်နှင့် ၀မ်းသာအားရ ခုန်ပေါက်ပြေးဆင်းလာကာ ခြံစည်းရိုးနားသို့ ကပ်လာသည်။

“ဟဲ့… မောင်မောင်။ နင်ဒီမှာ တာဝန်ကျတယ်ဟုတ်လား။ ငါ့ကိုတောင် ဖုန်းမဆက်ဘူး။”
“ငါ အဆင်မပြေလို့ပါ”

“ဟဲ့..ငါတို့မဏ္ဍပ်ကိုလိုက်ခဲ့ပါလား။ ငါ့မှာ မဏ္ဍပ်ကဒ်ပိုသေးတယ်။ အင်္ကျီကတော့ ငါ့သူငယ်ချင်းတစ်ယောက်ဆီမှာ အပိုပါလာတယ်။ အပေါ်အကျီ င်္လဲလိုက်… နင်ကံကောင်းတယ်ဟာ သင်္ကြန်မှာမှ ရန်ကုန်ကိုတာဝန်ကျတာ”

“ငါမလိုက်တော့ပါဘူး.. အစ်မ။ ငါက တာဝန်ချိန်ကြီးမှာ”

“ဟ.. နင့်အထက်အရာရှိ ရှိတာမှ မဟုတ်တာ။ ဘာဖြစ်လည်း ဆရာကြီးတွေကလည်း နင်ပြောထားရင် ဖြစ်တာပဲဟာ။ နင်ကလည်း သိပ်ကို စည်းကမ်းလိုက်နာနေပါလား။ ”
“အစ်မ… ကျွန်တော့်ကို အဲဒီလို မပြောပါနဲ့။ စစ်စည်းကမ်းဆိုတာ ကျွန်တော်တို့အသက်ပါ။ ကျွန်တော့်တာဝန်က သင်္ကြန်တွင်းမှာ လုံခြုံရေးစောင့်နေရတာပါ။ စစ်တိုက်ပွဲမှာမှ တာဝန်စည်းကမ်းဆိုတာ ရှိတာမဟုတ်ပါဘူး။ အသက်ကိုတောင် ပေးအပ်ပြီးမှ နိုင်ငံကို ကာကွယ်မယ်လို့ သစ္စာအဓိဌာန်ပြုထားတဲ့ ကျွန်တော်တို့တွေအတွက်တော့ ဒီသင်္ကြန်အပျော်ဆိုတာ မပြောပလောက်ပါဘူး။ ကျေးဇူးတင်ပါတယ် အစ်မ။ ကျွန်တော့်ကို နားလည်ပေးပါ။”

“အေးလေ… နင့်သဘောပါ။ နင့်ဘ၀ကလည်း မြင်သာမြင် မကြင်ရတဲ့ဘ၀ကြီး…..”

အစ်မဖြစ်သူလည်း စိတ်ပျက်စွာဖြင့် ပြန်လည်ထွက်သွားလေသည်။

အင်းလျားလမ်း၏ တဖက်ခြမ်းသည် ပျော်ရွှင်မှုများဖြင့် ကခုန်လှုပ်ရှားနေသော်လည်း အခြားတစ်ဖက်ခြမ်းတွင် သံလွင်ရောင်ဝတ်စုံကို ၀တ်ဆင်ထားကာ ခရေပွင့်အမည်းရောင်လေးကို ပုခုံးထက်တွင်တင်၍ အမိကျောင်းတော်ကြီးတွင် ကိုယ်တိုင် ပါဝင်ဆင်နွှဲ၊ ပျော်ရွှင်ခဲ့ရသော သင်္ကြန်နေ့ရက်များ၏ အပျော်ပီတိများကို ရင်ဝယ်ပိုက်ကာ အင်းလျားလမ်းတဖက်ခြမ်းရှိ မဏ္ဍပ်များပေါ်ရှိ ထိုပျော်ရွှင်စွာကခုန်နေသူများ ဘေးအန္တာရာယ်ကင်းကင်းရှင်းရှင်ဖြင့် အေးချမ်းစွာ မဟာသင်္ကြန်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကျွန်တော်….။

စာအပြည့်အစုံသို့….

Saturday, April 18, 2009

+ မီးသတ်သမားလေးတစ်ဖြစ်လည်း တပ်မတော်သား


နွေရာသီပူပြင်းမှုက ရက်စက်မှုများစွာဖြင့် ပူပြင်းနေသည်။ လေပွေများသယ်ဆောင်မှုကြောင့် အဆောင်ရှေ့မြေတလင်းတွင်လည်း သစ်ရွက်ခြောက်များ ဘယ်ညာယိမ်းနွဲ့ကာ ရွေ့လျားနေကြသည်။ ရေရှားသော ဒေသဖြစ်သောကြောင့် သစ်ပင်ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်းကရှားသည်။ မြက်ခြောက်ပင်များသာ များပြားစွာ ပေါက်ရောက်မှုကြောင့် တိုက်သောလေတိုင်းတွင်လည်း ဖုန်လုံးများက တဖွေးဖွေး။ ဖန်ဝါနေမင်းကလည်း ပါဝါကုန်အောင် အပူချိန်ကို မြင့်တင်နေသလားထင်ရလောက်အောင် ခန္ဓာကိုယ်တွင်းမှ ချွေးများအင်္ကျီရွှဲအောင် စိုလေပြီ။ မတတ်သာသည့်အဆုံး ကိုယ်ပေါ်မှ ယူနီဖောင်းကို ခွာရသည်။ ချွေးတိတ်စေရန် ယပ်တောင်အားကိုးဖြင့် နွေဂိမာန်ကို အံတုကာနေလိုက်သည်။ အဆောင်ရှေ့မှ မိမိနာမည်ခေါ်သံကြားသဖြင့် ထွက်လာစဉ် ကိုယ့်ကိုယ်ကို မြင်ယောင်မိသည် ယပ်တောင် တဖျတ်ဖျတ်ဖြင့် ကျိကုံးလိုလို ဘာလိုလို။

“ဗိုလ်ကြီး… အောက်ဖက်ရာဘာခြံတွေမှာ မီးလောင်နေလို့ ဗိုလ်မှူး ခေါ်ခိုင်းလိုက်ပါတယ်။ “

ကျွန်တော် ခေါင်းနားပန်းတော်တော်ကြီးသွားသည်။ အောက်ရာဘာခြံများနှင့် ကျွန်တော်တို့တပ်ရင်းက သိပ်မနီးသော်လည်း သိပ်မဝေးလှ။ ပိုဆိုးသည်က နွေရာသီလေပွေများကြားတွင် လောင်သော တောမီး။ ချက်ချင်းဆိုသလို ကုတင်ပေါ်တွင် လွှားထားသော တီရှပ်တစ်ထည်ကို ကောက်စွပ်၊ ဦးထုပ်ဆောင်း၍ ဆိုင်ကယ်ကိုဆွဲကာ တပ်ရင်းရုံးသို့ အသောနှင်ရသည်။ ဗိုလ်မှူးမှာကြားသည့်အတိုင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ရန် ကင်မရာကို အဆောင်တွင် ပြန်ဝင်ယူ တပ်စုတစ်စုကို မီးလောင်ရာသို့ ချက်ချင်းလွှတ်ပြီး မိမိနှင့် ရဲဘော်နှစ်ယောက်က မီးလောင်ရာသို့ ဆိုင်ကယ်ဖြင့် လိုက်လာခဲ့ကြသည်။ မီးတောက်က တော်တော်ကြီးသည်။ တောမရှင်းထားသော ခြံကွက်တစ်ခုကို လောင်မြိုက်နေသောကြောင့် မီးတောက်အားက ကောင်းပြီး မီးလောင်ရာလေပင့်ဆိုသကဲ့သို့ လေပွေအပင့်ကြောင့် မီးက ဘယ်ညာယိမ်းကာ မီးပွားများကျပြီး ဘယ်ရွေ့ဘယ်က စသတ်ရမည် မသိအောင်။ မီးငြိမ်းသတ်သော ရဲဘော်များလည်း မီးပွားများ ကိုယ်ပေါ်မကျအောင် မီးလွတ်ရာသို့ ပြေးကြရသည်။ မီးလောင်မှုက တပ်နှင့် ဆန့်ကျင်ဖက်လားရာသို့ ပြောင်းပြန်လောင်လေပြန်သည်။ ကျွန်တော်လည်း ဓါတ်ပုံတစ်ပုံနှစ်ပုံသာမှတ်တမ်းတင်ပြီး ဆိုင်ကယ်ကို မီးလွတ်ရာသို့ထားကာ မီးမကူးသေးသော တဖက်ကပ်ရပ်သီဟိုခြံဆီသို့ သွားကာ အခြားရဲဘော်များနှင့်အတူ မီးဖြတ်အောင် တောကိုရှင်းရသည်။ အခြားခြံများမှ ခြံအလုပ်သမားများကလည်း မီးလမ်းကြောင်းဖြတ်အောင် မြက်ခြောက်များကို ခုတ်နေသောကြောင့် ကျွန်တော်လည်း နီးစပ်ရာ သစ်ရွက်စိမ်းပင်များကို စုကိုင်ကာ မီးတောက်များကို လိုက်သတ်ရသည်။ ရေရှားသော ဒေသဖြစ်သောကြောင့် ရေကိုလည်း အလွယ်တကူမရနိုင်။ ကျွန်တော့်ရဲဘော်များက တောစီးဖိနပ်များဝတ်ဆင်ထားသဖြင့် မီးလောင်ထားပြီးသား မြေပြင်ကို လွယ်လွယ်ကူကူနင်းနိုင်ကာ လောင်ကျွမ်းမှု အတွင်းထဲသို့ ၀င်သတ်နိုင်သေးသည်။ အခြားအလုပ်သမားများက ရိုးရိုးဖိနပ်များကိုသာ ၀တ်ဆင်ထားသောကြောင့် မြေပြင်ပြာပူဒဏ်ကို ကြာကြာမခံနိုင်။

"ဆရာကြီး .. သတိထားအုံး။ လောင်နေတာက ၀ါးတွေ။ ပေါက်ထွက်တဲ့ မီးစတွေကို သတိထားဗျ။ မီးဟပ်မယ် နောက်နည်းနည်းဆုတ်။"

ကျွန်တော်စီးလာသည့်ဖိနပ်ကလည်း ချစ်သူလေးဝယ်ဆင်ထားသော ကတ္တီပါဖိနပ်အပြာလေး။ ဖုံတွေ ပြာတွေကြားမှာ လုံးပါး ပါးလေပြီ။ မီးလောင်မှု၏ မြေပြင်အပူရှိန်ကြောင့် အတွင်းသို့ မတိုးနိုင်ဘဲ မိမိရဲဘော်များကို နောက်မှ သတိပေးရသည်။ ဆရာကြီးတို့က ဇောနှင့် မီးသတ်နေသောကြောင့် မီးကွင်းအလယ်သို့ တိုးတိုးဝင်နေသကဲ့သို့ ဖြစ်နေပြီ။ မီးက အပြန့်လိုက် လောင်သောကြောင့် တော်တော်နှင့် မပြီးနိုင်။ သီဟိုခြံစပ်မှ ဖုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးလည်း မနေသာတော့။ သင်းပိုင်ကိုသာရုံပြီး မီးဝင်သတ်လေသည်။ လောင်ကျွမ်းချိန်တစ်နာရီစွန်းစွန်းတွင် စတင်လောက်ကျွမ်းသော နေရာ၏ သုံးဧကစွန်းစွန်းလောက်အရောက်တွင် မီးတောက်ကျိုးကာ မီးသေလေပြီ။ လောင်ကျွမ်းသောနေရာဒေသနှင့် မြို့ကလည်း အလျှမ်းတော်တော်ဝေးသောကြောင့် မီးသတ်ကားလည်း မလာနိုင်။ နောက်ဆုံးတွင်တော့ ရဟန်းရှင်လူအများနှင့် ရဲဘော်ရဲဖက်များ ကောင်းမှုဖြင့် မီးညွန့်ကြိုးလေသည်။ ရာသီဥတုပူပြင်းမှုကို လွန်ခဲ့သော နာရီပိုင်းခန့်က စာဖွဲ့ခဲ့သော ကျွန်တော်ပင်လျှင် စာမဖွဲ့နိုင်တော့ချေ။ မီးဟပ်ထားသော ခြေလက်များနှင့် ပြာပူနင်းထားသော ခြေထောက်များကို တစ်ချက်ကြည့်ကာ မီးလောင်ထားပြီးသား မြေပြင်ကြီးကို ကြည့်ပြီး သက်ပြင်းတစ်ချက်သာ ချနိုင်သည်။ ရဲဘော်များကိုကြည့်ပြီးလည်း စိတ်မကောင်းမိ။ ရဲဘော်အချို့၏ ယူနီဖောင်းများလည်း သစ်ငုတ်များနှင့် ငြိသောကြောင့် ပြဲရွဲကုန်ပြီ။ အချို့လည်း မီးပွားများစင်သောကြောင့် ပေါက်ကုန်ပြီ။ မိမိယူနီဖောင်းဘောင်းဘီလည်း ရစရာမရှိ။ အနားများ စုတ်ပြတ်ကုန်သည်။

မီးငြိမ်းသတ်ပြီး လမ်းမဖက်သို့ ပြန်ထွက်လာချိန်တွင် အချိန်မီမီးငြိမ်းသတ်နိုင်၍ မီးလွတ်ကင်းသွားသော ခြံများမှ လူများ၏ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာများကို မြင်ရချိန်တွင် ပင်ပန်းခဲ့သမျှသည် နွေဂိမာန်ချိန်တွင် မိုးပြေးလေလေးတိုက်ခတ်သကဲ့သို့ ခံစားလိုက်ရမိသည့် ကျွန်တော့်၏ တပ်မတော်သားတစ်ယောက်၏ မီးသတ်သမားဖြစ်စဉ်မှတ်တမ်းလေးကို တင်ပြလိုက်ပါသည်။


စာအပြည့်အစုံသို့….

Thursday, April 2, 2009

+ စိတ်ကူးနှင့် သင်္ကြန်


သင်္ကြန်ချိန်ခါရောက်လို့လာခဲ့ပြီ တူးပို့တူးပို့သံများက လေလှိုင်းထဲတွင်တောင် ပျံ့လွှင့်နေပြီ။ တာဝန်ချိန်ပြီးဆုံးလို့ အိမ်ပြန်ရမည်ဟူသော အတွေးတစ်စကြောင့် လူက မပြုံးပဲနှင့်တောင် ပြုံးနေသယောင်ယောင်။ သူငယ်ချင်းများဆီကိုလည်း သင်္ကြန်ကာလတွင်း မဏ္ဍပ်အတူတူထိုင်ရန်ကို လှမ်းကာ စီစဉ်ထားမိကာ သင်္ကြန်အပျော်များက ခန္ဓာကိုယ်တွင်း စီးဝင်နေသည်။ မနေ့တစ်နေ့ကမှ ပူပူနွေးနွေးချစ်သူရထားသော ကျွန်တော့်အဖို့ အတာသင်္ကြန်ရက်များသည် ရွှေရောင်နေ့ရက်များအဖြစ် စိတ်ကူးယဉ်နေမိသည်။ ညီးမိသည့် သီချင်းလေးက ဟဲလေး၏ “ပျော်တာပေါ့ အနားလေးကို ကပ်။ ခါးလေးကိုဖက် ပြီးတော့လေ ရေတွေ အတူတူပက်။ ပျော်တာပေါ့”

မနက်မိုးလင်းကတည်းက ပျော်နေသော အပျော်သည် ညဖက် စက်မှ ညွှန်ကြားချက် ၀င်လာချိန်တွင် ဆပ်ပြာပူဖောင်းပေါက်သကဲ့သို့ ပေါက်သွားလေပြီ။နောက်တန်းသို့ပြန်မည့် စစ်ကြောင်းရှိမှသာ လိုက်ပြန်ရသော ကျွန်တော်တို့ ဆက်သွယ်ရေး စစ်သည်များအဖို့ တာဝန်ချိန်ပြီးသည်နှင့် စစ်ကြောင်းအပြန်ကို စောင့်မျှော်ခဲ့ရသည်မှာ အမော။ ယခုညွှန်ကြားချက်က ဆက်သွယ်ရေးTower တိုင် လုံခြုံရေးအတွက် ဆက်သွယ်ရေးအရာရှိနှစ်ယောက် နောက်ချန် နေခဲ့ရမည်။ ကံကဆိုးချင်တော့ Juniorများ နေခဲ့ရမည်ဆို၍ ပြေးမလွတ်သည်က မိမိ။ မိမိကဲ့သို့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ၄၉မှ ညီလည်း ငုတ်တုတ်မေ့လေပြီ။ ညွှန်ကြားချက် ၀င်ကတည်းက ပြန်ရင် အသင့်ပြင်ထားသော အထုပ်သည် ကျွန်တော့်ကို ရီပြ နေသယောင်ယောင်။

ညကတစ်ညလုံး အိပ်လို့မပျော်။ မနက်မိုးသောက်တော့ နောက်တန်းပြန်မည့် စစ်ကြောင်းကြီးကို ကြည့်ကာ လူက ၀မ်းနည်းလာသည်။ ဗိုလ်မှူးကလည်း စိတ်မကောင်းစွာဖြင့် ကျွန်တော့်ပုခုံးကို ပုတ်ကာ ထွက်သွားလေပြီ။ ၄၉ကညီကတော့ စစ်ကြောင်းထွက်သွားရာတစ်လျှောက် စခန်းချထားသည့်နေရာအဆုံးထိ လိုက်ပို့လေသည်။ မျက်နှာကတော့ တော်တော်မကောင်း။ ကျွန်တော်လည်း မိမိကိုမျှော်နေမည့် မိခင်နှင့် ချစ်သူဆီဖုန်းဆက်ရလေသည်။ တော်သေးသည် ဖုန်းကမိသေး၍။ မိခင်ကတော့ ငိုလေပြီ.. မိမိရောက်နေသော နေရာကလည်း မအေးချမ်းသောကြောင့် မိခင်ကို စိတ်ချပါဟု ပြောရန်ကလည်း မိမိကိုယ်တိုင် ရှေ့ဖြစ်မဟောတတ်တော့ မသိ။ ချစ်သူကလည်း ငိုပြန်သည်။ ခက်ရချီ။

မိခင်နှင့် ချစ်သူငိုတော့ ဒီဖေမောင်မှာ မနေသာတော့။ စစ်သားကြီးတန်မဲ့ ၀မ်းနည်းရလားဟု အပြစ်တင်လိုက တင်ပါစေ။ ကျွန်တော်လည်း အသွေးနှင့်ကိုယ် အသားနှင့်ကိုယ်ပါ။ သို့ရာသော်လည်း ကျွန်တော်တို့စစ်သားများသည် စစ်တိုက်ရန်။ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်။ လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်ဟူသော စကားချက်များကို ဦးထိပ်ပန်ဆင်ကြရသည်မှာ မိမိတို့တာဝန်ပင်ဖြစ်သည်။ သြ... အများသူငါများ ပျော်ရွှင်စွာ ရေပက်ကစားနေကြချိန်တွင် တပ်မတော်သား စစ်သည်များသည် မိမိတို့၏ စိတ်ကူးရင်သင်္ကြန်လေးများကို ရင်ထဲတွင်သာ ခံစားပြီး နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေကြပေသည်။

စာအပြည့်အစုံသို့….

Sunday, March 15, 2009

+ ဂုဏ်ယူပါသည် သူငယ်ချင်း


နေရာတကာကြည့်လိုက်တိုင်း တောင်တန်းတွေ ပြီးတော့ မြူတွေ မိုးလေးကလည်း ဖြောက်တောက်ဖြောက်တောက် လေပြေလေးက ညင်းပြပြ နေမမြင်ရတာလဲ ဒီနေ့ ဆို ၃၊၄ ရက်ရှိပြီ။ ဒီအချိန် ရန်ကုန်တွင်တော့ဘယ်လိုနေမည်မသိ။
သူရောက်နေရာ တာဝန်ကျရာ ကရင်ပြည်နယ်တနေရာ မဲပလီ စခန်းတွင် ရာသီဥတုအခြေအနေမကောင်းတော့ပါ။ ဒီအချိန်ကတော့ ငှက်ဖျားစပြီလေ။ အင်မတန်ကြောက်စရာကောင်းသောငှက်ဖျားပါ။ တပ်မတော်သားများအတွက်တော့ အမှောင်ထဲက ရန်သူပါပဲ။ ဒီနေရာကိုသူရောက်နေတာ (၄)လတင်းတင်းပြည့်ပြီပေါ့။ ပတ်ဝန်းကျင်တွင် ရွာလဲမရှိ။ လူသူလဲမရှိ။ ဆေးဝါးကလဲ အလွန်ရှားပါးနေချိန်ပေါ့ ...
တစ်ရက်တစ်ရက်ဆေးရုံတက် လူနာကလဲ ၁၀ ယောက်ထက်နည်းသည့် နေ့ရယ်မရှိ။ အားလုံးက ငှက်ဖျားတွေချည်းပဲ။ ဒီကြားထဲ မိုင်းထိလူနာကလည်း (၁)လအတွင်း အယောက် (၂၀)လောက် amputation (ခြေထောက်ဖြတ်ရတာ) လုပ်နေရသည်။ ကိုယ့်ကိုယ်ကိုလဲ ဂရုမစိုက်ဖြစ်တော့။ လူရုပ်ပေါ်တော့မည်မထင်။ ရန်ကုန်တွင်နေသော ချစ်သူနဲ့လဲ အဆက်အသွယ်မရတာ တော်တော်ကြာခဲ့ပြီ။ သူကော အစဉ်မှပြေရဲ့လား။ သူဘာတွေလုပ်နေမလဲ၊ ကျွန်တော်မသိနိုင်တော့ပါ။ သတိကောရပါသေးရဲ့လားချစ်သူ။ ဘယ်တတ်နိုင်မလဲလေ တာဝန်ကတော့ တာဝန်ပဲပေါ့။

မိုးတွင်းဝင်လာသောအခါတွင် သောင်းကျန်းသူများလဲ ပျောက်ကုန်ပြီ။ မိုင်းထောင် ဆက်ကြေးတောင်း အလုပ်ပဲလုပ်ကြတော့သည်။ သူတို့ လည်း ငှက်ဖျားကြောက်ကြသည်လေ။ မကြောက်နိုင်တာကတော့ ကျွန်တော်တို့ပါပဲ။ တစ်တောဝင် တစ်တောထွက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရသည်။ ဟိုနေရာသတင်းရ ဟိုနေရာလိုက်။ ပြေးတမ်းလိုက်တမ်းကစားနေရသည်။ အဲဒီတော့ ခြေထောက်တွင် မျက်စိ မပါသောကြောင့် မှိုစားကြရသည်။(မိုင်းထိခြင်းကို စကားဝှက်)။ တိုင်းပြည်အတွက်လည်းအကျိုးမရှိ ပြည်သူအတွက်လဲ အကျိုးမဲ့သော သောင်းကျန်းသူများရဲ့ လုပ်ရပ်တွေပါပဲ။

ဒီနေ့နေလို့ သိပ်မကောင်းဘူးဟု သူထင်နေသည်။ ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ ရာသီဥတုကြောင့်လော။ တနေကုန် လူနာကြည့် နေရလို့သိပ်သတိမထားမိ။ ညနေပိုင်းကြမှပိုသိသာလာသည်။ ဒါငှက်ဖျားပဲ။ သူ့လက်ထောက်ဆရာကြီးကို ပြောပြမိသည်။ ဆိုးတိုင်ပင်ကောင်းတိုင်ပင် သူပဲရှိသည်။ ဦးလေးတယောက်လို အစ်ကိုတယောက်လို သူ့ကိုစောင့်ရှောက်ခဲ့လို့လဲ ခင်မင်မိသည်။

"ဆရာကြည်ရေ ကျွန်တော်တော့ ငှက်ဝင်ပြီနဲ့ တူတယ်ဗျာ"
"ဟာ ဒေါက်တာ ကာကွယ်ဆေးမသောက်ထားဘူးလား။"
"ကျွန်တော် မအားတာနဲ့ မသောက်ထားမိဘူးဗျာ၊ ပြတ်သွားတာ တော်တော်ကြာပြီ။"
"ဘယ်လို ဖြစ်တာတုန်း ဒေါက်တာရယ် ဒီဒေသအကြောင်းလဲသိရဲ့ သားနဲ့။ ဒေါက်တာ artesunate ထိုးပေးရမလား။ ပြင်ထားလိုက်မယ်လေ။"
"နေဦးဗျာ artesunate ကိုနှမြောတယ်ဗျာ။ မနေ့ ကတက်လာတဲ့ ရဲဘော်လေးတွေ အတွက်ချန်ထားလိုက်ပါဗျာ။ နောက်လဲ ဒီရာသီ မကုန်မချင်းလာနေဦးမှာပဲ။ save လုပ်ထားလိုက်ပါဦး။"
"မဟုတ်တာ ဒေါက်တာ ကလဲ ဒီကိစ္စ မပေါ့ပါနဲ့ဗျာ။ သိပ်ကြောက်ဖို့ ကောင်းတယ်။ ဒေါက်တာက ဒီမှာခေါင်းပေါင်းနော် လဲလို့ မဖြစ်ဘူး။"
"ရပါတယ် ဆရာကြည့် စေတနာကို နားလည်ပါတယ်။ quinine ပဲပေးဗျာ။"
"ကျွန်တော် immune ကောင်းပါတယ်။ အချိန်တန်တော့ subside ဖြစ်သွားမှာပါ။"


နောက်ပိုင်းလူနာတွေပိုများလာသည်။ နေမကောင်းလဲ နားလို့မရ။ ကိုယ်မရှိလို့မဖြစ် အားငယ်နေသော မျက်လုံးတွေကို သနားသည်။ နှစ်သိမ့်ပေးချင်သည်။ ကိုယ်လို မိဝေးဖဝေး အနေဆင်းရဲ ရဲဘော်ရဲဘက်တွေကို ပြုစုရဦးမည်။ မနားနဲ့ မနားနဲ့ မင်းနားလို့ မဖြစ်ဘူး။

ကိုယ့်ကို ကိုယ် သတိပေးနေရသည်။ လူကတနေ့ တခြားကျလာသည်။ ခေါင်းကလဲတချက် တချက်ကိုက်လာသည်။ ဘေးကတော့ ဆရာကြည်က အရိပ်တကြည့်ကြည့်။ ဒေါက်တာနားတော့နားတော့ အချိန်တိုင်းပြောနေသည်။ နောက်ပိုင်းခေါင်းမထောင်နိုင်တော့ အဖျားကပိုဆိုးလာတော့သည်။ မရတော့။ တပ်မဆေးမှူးအစ်ကိုနှင့် ၇၀ ကိုင်တော့(ဆက်သွယ်ရေးစကားပြောခြင်း)။ ညီလေးရေ မြွေ နှစ်ကောင်ခေါင်းပေါင်းကိုယ်တိုင် လင်းနို့ဖြစ်နေပြီပေါ့။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါကွာဆိုပြီး အားပေးသွားသည်။ လူတော့ လဲပေးရ အရမ်းခက်နေတယ်ဟုပြောသွားသည်။

နောက်ပိုင်းမရတော့ artesunate တင်ရတော့သည်။မရတော့ လူကအိပ်ယာထဲက မထနိုင်တော့ပြီ။ ကယောင်ကတန်းတွေ မြင်လာသည်။ တပည့်ကို သေနတ်အပ်ထားရသည်။ ငါတောင်းလဲမပေးနဲ့၊ စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး ဖေါက်လာမှာစိုးရသည်။ အဲဒီအချိန် ရန်ကုန်ကအမေ့ကို သတိရသည်။ အရမ်းအားငယ်လာသည်။ ပြီးတော့ ချစ်သူ။ သူကော သတိမှရရဲ့ လား။ ငယ်ငယ်တုန်းက ဖျားနာနေချိန် ပြုစုခဲ့သောအမေ။ အခု ကျွန်တော့်ဘေးမှာ ဘယ်သူမှမရှိ။ နောက်တော့ အမှောင် အတိကျသွားသည်ကိုသာ သိတော့သည်။ ဘာမှမသိတော့။ နောက်ဘာတွေဆက်ဖြစ်သွားလဲ ကျွန်တော် မသိတော့။ ကျွန်တော်အဝေးကြီးကို လွင့်ထွက်သွားသည်။ အဆုံးအစမဲ့ အမှောင်ကမ္ဘာကြီးထဲကို။ ကျွန်တော်သတိရလာတော့ မျက်နှာကျက်ဖြူဖြူ ပြီးတော့ ပန်ကာကြီး။ ကျွန်တော် ဘာတွေဖြစ်ခဲ့လဲ ဘာမှစဉ်းစားလို့မရတော့ပါ။ ဘေးမှာတော့ ကျွန်တော့်အမေလေ။ ကျွန်တော့်ကိုကြည့်ပြီး ပြုံးနေတယ်။
သားသတိရပြီလားတဲ့။ မျက်ဝန်းမှာမျက်ရည်စတွေနဲ့ပေါ့။ ကျွန်တော့်အမေ့ကိုကြည့်ပြီး ချုံးပွဲချငိုလိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော်က လူကြီးဖြစ်နေပြီလေ။ ထိန်းနိုင်ရမှာပေါ့၊
ပြီးတော့ကို ပထမဆုံးမေးမိတဲ့သူက ကိုယ့်ချစ်သူလေ
သူဘယ်မှာလဲအမေ
အမေကတော့
သားရယ်တဲ့ ဒါသဘာဝတွေပါပဲ တဲ့။ သူက စစ်သားမိန်မ လုပ်ရမှာကြောက်တယ်တဲ့ကွယ်။ သူအဲဒီဒဏ်တွေကြောက်တယ်တဲ့ အမြဲတမ်းပူပင်သောကရောက်နေ ရတယ်တဲ့
ကျွန်တော် သဘောပေါက်ပါပြီ။
ရပါတယ်ကို သူ့ ကိုခွင့် လွှတ်လိုက်ပါတယ်လို့ ပဲပြောပေးပါ။
သူကြားနိုင်ပါစေလို့ ရယ်ပေါ့။ ဘယ်အချိန်ဘယ်နေရာရောက်ရာက် နိုင်ငံတော်တာဝန်ကို ဦးလည်မသုန်ထမ်းရွက်နေတဲ့ စစ်သားတွေမှာ ကိုယ့်အတွက် ကိုယ်ချစ်တဲ့သူတွေအတွက်ဘယ်မှာအချိန်ရှိနိုင်ပါ့မလဲ။ ဘာပဲပြောပြောလေ ကျွန်တော် ချစ်တဲ့တပ်မတော် ကျွန်တော်ချစ်တဲ့စစ်သားတွေ အတွက်ပေးဆပ်ရတာကိုပဲ ကျွန်တော်ကျေနပ်ပါတယ်လေ။ ကျွန်တော်ချစ်တဲ့ နိုင်ငံတော်အတွက် ကျွန်တော်ဟာ အမြဲတမ်းသားကောင်းရတနာဖြစ်နေအောင်ပဲ ကြိုးစားရင်း………………

(စစ်ဆင်ရေးမှပြန်လာပြီး cerebral malaria နှင့် ဆေးရုံတက်နေသောသူငယ်ချင်း အမြန်ဆုံး ကျန်းမာပါစေဆုတောင်းလျက်)

Dr.ဘလိတ်ဒါး

စာအပြည့်အစုံသို့….

Saturday, March 7, 2009

+ ခေတ်သစ်အိုင်တီ စစ်သည်


တာဝန်ကျရာ တပ်စခန်းသို့ ရောက်ရှိလာချိန်တွင် ယခင်အချိန်တွေတုန်းကလို တာဝန်က မသေးတော့။ မိမိကိုပေးအပ်ထားသော တာဝန်ဝတ္တရားများက မိမိတို့ကို ပေးအပ်ထားသော ရာထူးအလိုက် ကြီးမားလှသည်။ စရောက်လို့ဖြင့် မကြာသေး ဋ္ဌာနချုပ်ကို စာရင်းများတင်ရန်ကိစ္စကပေါ်လာသည်။ တော်သေးသည် မပြောင်းလာခင်ဝယ်ခဲ့သော Note Book လေးက အသုံးတော့ကျသား။ စာရင်းအင်းများကို ရုံးတွင်ရော မိမိအဆောင်ပြန်ရောက်ချိန်များတွင်ပါ ပြုလုပ်နေရသည်။ ရုံးတက်ရုံးဆင်းကို ကွန်ပျူတာလေးဖြင့် စတိုင်လိုလို မလိုင်လိုလိုဖြင့်…

ကြာကြာပင် မလိုင် မကျနိုင်လိုက်ပါ… လုံခြုံရေးစခန်းစစ် ထွက်ရမည့်အရေးက ပေါ်လာပြန်သည်။ Equipment များကို ပြင်ဆင်ရင်း စိတ်ဓါတ်တော်တော်ကျလာသည်။ ဋ္ဌာနချုပ်က ကိစ္စကလည်း တစ်ပတ်အတွင်း ပြီးစီးရမည်။ လုံခြုံရေးဆိုပေမည့်လည်း အနည်းဆုံတော့ လေးငါးရက်အသာလေး။ နောက်ဆုံးစဉ်းစားမရသည့်အဆုံး ကျောပိုးအိတ်အတွင်းသို့ Note Book မဟာကို သွတ်သွင်းရတော့သည်။ တော်သေးသည် ရာသီဥတုက ကိုယ့်ဖက်ရှိပြီး ဆောင်းတွင်းဖြစ်နေသောကြောင့်သာ မဟုတ်လို့ကတော့ တိုင်ပတ်ဖွယ်ကိစ္စ။ မိမိအဖြစ်ကိုလည်း မိမိကြိတ်ရယ်မိသည်။ သေနတ်မလွယ်ရဘဲ Note Book လွယ်ကာ လုံခြုံရေးစခန်းစစ် လိုက်ရမည် ဆိုတော့လည်း ခေတ်သစ် အိုင်တီစစ်သည်ပေါ့။ စိုင်းဆိုင်မောလ်သီချင်းလေးဖြစ်တဲ့ တောင်ပြာတန်းကသိတယ်သီချင်းကို ညီးရင်း Equipment များကို ပြင်ဆင်နေကာ CQကြီးအလာကို စောင့်နေလိုက်သည်။

သိပ်မကြာခင်အချိန်တွင် အဆောင်ရှေ့သို့ ဆိုင်ကယ်ထိုးရပ်သံကို ကြားလိုက်ပြီး CQကြီး သတင်းလာပို့လေသည်။
“အားလုံးအဆင်သင့် ဖြစ်ပါပြီ xxxxx”
ကျွန်တော်လည်း ကျောပိုးအိတ်ကို ကောက်လွယ်ကာ အဆောင်ရှေ့သို့ထွက်လာခဲ့သည်။
“ကဲ ကျွန်တော့်ကို ရုံးမှာချ ပြီးတော့ဆရာကြီးတို့ဆိုင်ကယ်တွေ ပြန်ထားလိုက် တပ်ရင်းမှူးကို သတင်းပို့ပြီး ရုံးကစောင့်နေမယ်။ သတင်းလာပို့တာတောင် ဆရာကြီးတို့က ဆိုင်ကယ်တွေ ယူလာသေးတယ်ဗျာ။ ပြန်ထားတာနဲ့ ဘာနဲ့ အချိန်က နှောင့်နှေးတော့မယ်။”

တပ်ရင်းရုံးရောက်တော့လည်း အမြောက်တပ်သားကလည်း ဆိုင်ကယ်တစ်စီးနှင့် ရောက်နှင့်နေသည်။ ကျွန်တော်လည်း တပ်ရင်းမှူးကို သတင်းပို့ပြီး ပြန်ထွက်လာခဲ့ချိန်သည့်တိုင် ဆိုင်ကယ်နှစ်စီးက ရှိမြဲသာ။
“ဟ… ဆရာကြီး ကျွန်တော်ပြောထားတာတောင် ဘာလို့ပြန်မထားသေးတာလည်း”
“xxxxx စခန်းတွေက ဝေးတယ်။ သွားရေးလာရေးက ခြေကျင်ဆို ရက်ကြာမယ်။ ဒါ့ကြောင့် xxxxx လည်း သွားရတာ အဆင်ပြေအောင် ဆိုင်ကယ်နဲ့ သွားဖို့် xxxxx ကို သတင်းပို့ မလို့ပါ။”


ကျွန်တော်လည်း ကြိတ်ပြုံးမိသည်။ မိမိအတွက် ကျောမှာလွယ်ထားသော ကိုယ်တော် Note Book ကြီးက ကောင်းပေစွ၊ ကောင်းပေစွဟု ထောက်ခံနေသလိုလို။ မတတ်သာသည့်အဆုံး ဆိုင်ကယ်ကိုခွ ရတော့သည်။ CQ ကြီးက ဆိုင်ကယ်တစ်စီး။ အမြောက်တပ်သားနှင့် မိမိကတစ်စီး။ စိန်ပြောင်းကြီးကို မိမိနှင့် အမြောက်တပ်သားကြား ချပြီး ညှပ်ကာ လုံခြုံရေးစခန်းစစ်ထွက်ခဲ့ရသော ခေတ်သစ်အိုင်တီစစ်သည်လေး ကျွန်တော့်အဖြစ်ကို ပြန်တွေးမိတိုင်း ပြုံးမိပါသည်။

စာအပြည့်အစုံသို့….

+ ခေါင်းစဉ်ပြောင်းသွားသော ပန်းဖိုး


တိုင်းရုံးပေါ်ကိုရောက်တော့လည်း ကျောင်းတုန်းက သူငယ်ချင်းများကို သတိရမိသည်။ ကျောင်းတက်လိုက်ရသော နှစ်အားဖြင့် သုံးနှစ်တာစွန်းစွန်းသာ ဖြစ်ပေသော်လည်း ခင်မင်မှုများက ညီအစ်ကိုရင်းများကဲ့သို့ပင်…

ကျွန်တော်တို့အဖွဲ့ကလည်း တစ်ဖွဲ့လုံးရှေးဘ၀က ကုသိုလ်တူတူလုပ်ခဲ့လေသလား မပြောတတ်။ အမိကျောင်းတော်ကြီးမှ ခွဲခွာရပြီး မိမိတာဝန်ကျရာ တပ်စခန်းများသို့ တာဝန်ထမ်းဆောင်ရန် ရောက်ခဲ့ကြပြီး မဟာသင်တန်းတက်ရောက်ရန် ခေါ်ဆိုခံရသော အချိန်တွင်လည်း ဒီသူငယ်ချင်းတစ်အုပ်က ချယ်ရီတွေဝေပြီး နေကြာရိုင်းတွေနှင့် အတိုင်းမသိအောင် လှပနေသော ပြင်ဦးလွင်မြို့လေးတွင် ပြန်လည် ဆုံဆည်းခွင့် ရကြပြန်လေပြီ။ ဗိုလ်လောင်းဆိုသော အနေအထားလေးမဟုတ်တော့သော မိမိတို့ပခုံးပေါ်တွင် ရောက်ရှိလာသော တာဝန်များကြောင့် မိမိတို့အသွင်သဏ္ဍာန်များသည် ရင့်ကျက်မှုများဖြင့် ပြည့်နှက်ကောင်း ပြည့်နှက်နေပေလိမ့်မယ်။ သို့သော်လည်း မိမိတို့၏ သူငယ်ချင်းများကြား ခင်မင်မှုများသည် အစဉ်နုပျိုဆဲဖြစ်သည်။ မိမိဘ၀ကသာ မပြောင်းလဲပဲ နောက်တွဲမရှိသော်လည်း မိမိသူငယ်ချင်းအချို့ကတော့ နောက်တွဲများဖြင့် မဟာသင်တန်းသို့ လာရောက်တက်ရောက်ကြသည်။ ထို့ကြောင့်လည်း သူငယ်ချင်းအိမ်ထောင်သည်၏ အိမ်ကိုပင် အားမနာရှာမကြိုး စားအိမ်သောက်အိမ်လို သဘောထားကြရသည်။ သူငယ်ချင်းမိန်းမ မငြိုငြင်အောင်ကလည်း စီးပွားရေးပြုလုပ်ရန်အကြောင်းများကို ထမင်းစားရင်း သောက်ရင်းပြောရသည်က အမော။ ထိုအချိန်ကလည်း ကျွန်တော်တို့တွေ လခက တစ်လမှ (၁၅,၀၀၀) တည်း။ တစ်လနှင့် တစ်လ လောက်တယ်လို့ကို မရှိဘူး။

နောက်ဆုံး သူငယ်ချင်းမိန်းမက စိတ်မရှည်တော့ပဲ ပန်းစိုက်ပျိုးရန် အဆိုတင်သွင်းလာ၍ ကျွန်တော်တို့တွေလည်း ရရှိသော မြေကွက်လပ်ကြီးတွင် ပန်းစိုက်ပျိုးရန် တစ်ပျော်တစ်ပါးပြင်ဆင်ကြသည်။ ကျောင်းမသွားခင် ရေလာပြေးလောင်းလိုက်။ ကျောင်းကပြန်လာလျှင် ကိုယ့်အဆောင်ကိုယ်မ၀င်နိုင် သူငယ်ချင်းတစ်အုပ် သုတ်သုတ် သုတ်သုတ်ဖြင့် ပန်းခင်းဆီသွား ရေလောင်းပေါင်းသင်။ နောက်ဆုံးကိုယ့်ကိုယ်ကိုတောင် ပန်းသည်လိုလို ထင်လာတယ်။ ရွက်ဖျန်းတွေ ဖျန်းပက်ပေးရတယ်ဆိုတော့လည်း အမောပဲ.. ရှိတဲ့လစာထဲက ရှိစုမှတ်စုနဲ့ ၀ယ်ပြီး ဖျန်းပက်။ ရွက်ဖျန်းတန်ခိုး တယ်ကြီးသကိုး သန်လိုက်တဲ့အရွက်တွေ ဂန္ဓာမာပွင့်ထက်တောင် သူကကြီးနေသေး။ အပွင့်တွေ ပွင့်လာတော့ မိမိတို့အောင်မြင်မှုဆိုပြီး ဓါတ်ပုံတွေ တဖျတ်ဖျတ်နဲ့ ပန်းခင်းကြီးနှင့်အတူရိုက်လိုက်ကြတာ။ အပျော်တွေကတော့ ဒီအချိန်ထိရှင်သန်နေဆဲပဲ။

ပန်းတွေရောင်းတော့မှ ပြသနာကစသည်။ ရောင်းရသော ငွေကို ကြည့်ကာ သူငယ်ချင်းတစ်အုပ် ငိုရခက်ရီရခက်။ ကျွန်တော်တို့ ပန်းရောင်းတဲ့အချိန်က ပြင်ဦးလွင်တွင် ပန်းတွေ အရမ်းပေါသောကြောင့် ပန်းဈေးကျနေသော အချိန်တဲ့လေ….။ နောက်ဆုံးတွင်တော့ သူငယ်ချင်း၏အမျိုးသမီးက အလယ်တွင် ပုံထားသော ပန်းဖိုးရောင်းရငွေကို ကောက်ယူသွားကာ… ပြောလိုက်ပုံက
“ပန်းစစိုက်ကတည်းက ပန်းရောင်းသည်အထိ နေ့တိုင်းအိမ်မှာထမင်းစားတာဆိုတော့ အားလုံးပေါင်းလိုက်တော့ ဒီပန်းရောင်းရဖိုးနဲ့ဆို ကျေသွားပြီတဲ့” ဗျ။ ကျွန်တော်တို့လည်း ပန်းရောင်းရငွေဖြင့် Grand Royal Label တောင် မတပ်လိုက်ရပါဘူး။ သူမ က ထမင်းဖိုး Label တပ်သွားလေသည်။ ကျွန်တော့်သူငယ်ချင်း စီးပွားရေး အကျော်အမော်ပညာရှင်ကြီး ပအို့ဝ်လေးပြောလိုက်ပုံကတော့
“ထင်တော့ထင်သား.. ငါပါရင် မင်းတို့ ၀က်ပုံပြင်ပဲဖြစ်လာမယ်ဆိုတာ”
အားလုံးမှာ ငိုအားထက်ရယ်အားသန်ခဲ့ရသော ပြင်ဦးလွင်၏ ဆောင်းညများကို သတိရလျက်

စာအပြည့်အစုံသို့….

Sunday, January 25, 2009

+ အမောင်ဗိုလ်လောင်းနှင့် စီးပွားရေး Strategy


ကျွန်တော့်၏သူငယ်ချင်းဖြစ်သူ၏အကြောင်းသည် ပြောလို့မှမကုန်။ ရေးလို့မှမဆုံးဖြစ်နိုင်သည်။ ကျွန်တော့်သူငယ်ချင်းသည် စီးပွားရေးကတော့ တော်တော်ကို အမြင်ကျယ်သည့် သူတစ်ဦး။ ဗိုလ်လောင်းဘ၀ကတည်းက စီးပွားရေးလုပ်သည်။ အိမ်ကပို့လိုက်သော ပိုက်ဆံများကို ခြစ်ကုတ်စုသည်။ အတော်လေးစုမိတော့ ဆရာကြီးတစ်ယောက်ထံမှ ၀က်ပေါက်တစ်ကောင်ဝယ်ကာ ဒိုဗီ မသန်းထံတွင် ၀က်ပေးမွေးလေသည်။ မိမိကသားပေါက်ကိုပေး၍ လက်ခံမွေးထားသူက ကျွေးပေးရခြင်းဖြစ်ပြီး ၀က်ပြန်ရောင်းချိန်တွင် တစ်ယောက်တစ်ဝက်ခွဲယူခြင်းစနစ်ဖြစ်သည်။ ၀က်ပေါက်ကို စပေးသည့်နေ့မှစ၍ သူငယ်ချင်းဖြစ်သူတစ်ယောက် တွက်ချက်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ပါတော့သည်။ ထိုနေ့ရက်များသည် သူငယ်ချင်းဖြစ်သူအတွက် ရွှေရောင်နေ့ရက်များဖြစ်ခဲ့သည်။ ၀က်ရောင်းပြီးလျှင်တောင် ကျွန်တော်တို့ကို OutPass ထွက်သည့်နေ့ ဒကာခံမည်ဆိုတာတောင်ပါသေး။ ကျွန်တော်တို့တောင် ရောယောင်ပြီး ၀က်ကြီးအစားများများစားပါစေ ကြိတ်ဆုတောင်းနေသေးသည်။ ၀က်ကြီးလှတော့ ဈေးရမည်ပေါ့…

တစ်နေ့သောချယ်ရီတွေပွင့်သော ရက်လေးတစ်ရက်တွင် ငိုမလိုမျက်နှာဖြင့် သူငယ်ချင်းဖြစ်သူ အခန်းအတွင်းသို့ဝင်လာသည်။
“ဟိတ်ကောင်..မင်းဘာဖြစ်လာတာလည်း။”
“…………”
“ဘာ” ကျယ်လောင်သော အာမေဋိတ်သံသည် ကျွန်တော်တို့သူငယ်ချင်းတစ်အုပ်ဆီမှ တပြိုင်တည်းကို ထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော်… သူငယ်ချင်းဖြစ်သူ၏ ၀က်ကြီးသေသွားသည်တဲ့။ သေသွားတဲ့ဝက်ကို ရတဲ့ဈေးနဲ့ရောင်းလိုက်ရလို့ပိုက်ဆံတောင် သိပ်မရလိုက်လို့ ဒိုဗီ မသန်းက ကျွေးစရိတ်အဖြစ်ပြန်ယူလိုက်သည်တဲ့။ သူငယ်ချင်းဖြစ်သူမှာ ငိုရခက်ရယ်ရခက်။

သူငယ်ချင်းရေ.. မင်းအကြောင်းကို ရေးလိုက်တာ စိတ်မဆိုးနဲ့ကွာ။ မင်းမွေးထားတဲ့ငါးတွေ ရေကြီးလို့ပါသွားတယ်ဆိုတာ ကြားလိုက်ရလို့ မင်းကို မွေးမြူရေးမလုပ်စေချင်တော့ဘူး။

မင်းကိုသတိရလျက်
ရတခ

စာအပြည့်အစုံသို့….

Sunday, January 11, 2009

+ ကျောင်းတော်က မုန့်ဟင်းခါး


ချယ်ရီတွေဝေနေတဲ့ အမိကျောင်းတော်ကြီးရှိရာ ပြင်ဦးလွင်မြို့သို့ တာဝန်ကိစ္စတစ်ခုကြောင့် ရောက်ရှိလာခဲ့သည်။ တာဝန်များပြီးလို့ ကျောင်းတော်ဝင်းအတွင်းဖြတ်သန်းရင် တစ်ချိန်က မိမိတို့ဗိုလ်လောင်းဘ၀ကို အမှတ်ရမိသေးသည်။ ခုနှစ်သက္ကရာဇ်က ဆယ်စုနှစ်ပင်တိုင်တော့မည်.. သို့ပေသော်လည်း မိမိတို့ရင်ဝယ် အမိကျောင်းတော်ကြီးနှင့်တကွ ဗိုလ်လောင်းဘ၀နေ့ရက်များသည် အမြဲရှင်သန်နေသော အမှတ်တရလေးများဖြစ်သည်။

ကျောင်းတော်သို့စရောက်လာသောအချိန်မှစ၍ ခင်မင်ခဲ့သော သူငယ်ချင်းများသည်လည်း နိုင်ငံတော်တာဝန်ကို ကျရာနေရာတွင် တကွဲတပြားတာဝန်ထမ်းဆောင်နေရသော်လည်း ပြန်လည်ဆုံစည်းကြချိန်များတွင် ညီအစ်ကိုရင်းချာပမာ သွေးစည်းချစ်ခင်ကြသည့် အမိကျောင်းတော်ကြီးက မွေးဖွားပေးလိုက်သော် ရဲဘော်ရဲဘက်ညီနောင်များဖြစ်သည်။ အတွေးများသည် လေတိုက်လျှင်တောင် လွင့်စရာမရှိသော အလွန်ရှင်းလင်းသောဆံပင်ပုံစံဖြင့် ညိုမောင်းသော အသားအရည်လေးများပိုင်ရှင်ဗိုလ်လောင်းဘ၀သို့ရောက်ရှိသွားတော့သည်။

ကျွန်တော်တို့သူငယ်ချင်းတစ်စုသည် ဗရုတ်ကျရမည်ဆိုထိပ်ဆုံးကဖြစ်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ထိုနေ့က ကျွန်တော်တို့ထဲမှ သူငယ်ချင်းဖြစ်သူ ပအိုဝ့်တိုင်းရင်းသားလေးက ကျွန်တော်တို့အားလုံးကို မုန့်ဝယ်ကျွေးမည်ဆိုသောကြောင့် အားလုံး မယုံကြည်နိုင်ကျ။ အားလုံးမရှိခြင်းတူသည့် ဘူများပင်ဖြစ်သောကြောင့် မယုံကြည်နိုင်ခြင်းဖြစ်သည်။ သို့သော်လည်း ၀ယ်ကျွေးမည့်သူက ကျွေးမည်ဆိုမှတော့ စားမည့်သူကလည်း လက်နှေးနေ၍မကောင်း။ မောင်မင်းကြီးသား ကျန်းမာပါစေ…ချမ်းသာပါစေပေါ့။ ဆုတွေပေးလိုက်ရတာ အမော…

သူငယ်ချင်းဖြစ်သူက အဆောင်ရှေ့တွင် တွန်းလှည်းလေးဖြင့် လာရောင်းသော ကိုမောင်မုန့်ဟင်းခါးဝယ်ကျွေးမည်ဆိုတော့ အားလုံးက ပျော်လို့မဆုံး။ အားလုံးကို တစ်ယောက်တစ်ပွဲနှုံးဖြင့်သာ ၀ယ်ကျွေးမည်ဆိုသောကြောင့် စိတ်မကောင်းတောင်ဖြစ်မိသည်။ သို့သော်လည်း အလကားစားရတာပဲဟူ၍သာ အပီကြိတ်ကြတော့သည်။ ကျွန်တော်တို့လိုပဲ အခြားဗိုလ်လောင်းများကလည်း အေးမျှသော တောင်ပေါ်မြို့ကလေးအအေးဒဏ်ကို ခံတုပြီး အငွေ့တထောင်းထောင်းဖြင့် မုန့်ဟင်းခါးပူပူလေးကို အားပေးနေသောကြောင့် ကိုမောင်တစ်ယောက် လက်မလည်အောင် မအားနိုင်ခဲ့။ စားလို့သောက်လို့ပြီးတော့ ဒကာသူငယ်ချင်းဖြစ်သူက အားလုံးကို ပန်းကန်များကို ချထားခိုင်းကာ ပြန်စေသည်။ ဘာကို ဆိုလိုမှန်းမသိတော့လည်း သူပြောတဲ့အတိုင်းလုပ်ရတာပေါ့။ နောက်ဆုံးတော့ ကိုယ်တော်ချော သကောင့်သားက မုန့်ဟင်းခါးဖိုးကိုပါ မပေးပဲ သူပါတစ်ပါတည်းလစ်လာခဲ့သည်။

ပေးထားတဲ့ဆုများကိုမှ အားမနာ။ ပြီးတော့သူကပြောလိုက်သေးသည်….
“ငါတို့နေ့တိုင်းအားပေးနေတာပဲကွာ။ ဒီတစ်ရက်လောက်ကတော့ သူ ငါတို့ကို အလှူအဖြစ်ကျွေးသင့်ပါတယ်။”
ထိုအကြောင်းအရာလေးကို သူငယ်ချင်းများဆုံတိုင်းပြန်ပြောမိသကဲ့သို့ မုန့်ဟင်းခါးစားတိုင်း သတိရနေမိသည်။ သူငယ်ချင်းတို့ရေ… ရင်ထဲမှာရှိတဲ့ ချယ်ရီမြေက အမှတ်တရတွေဆိုတာ ပြောလို့မကုန်ပါဘူး။ ကျောင်းတော်ဝင်းအတွင်းလမ်းလျှောက်ရင်း စစ်ရေးပြကွင်းပြင်ကြီးဖက်ဆီမှ ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးလေးတစ်ခု၏ သယ်ဆောင်ပေးလိုက်သော အတိတ်ဆီက ပုံရိပ်များကို သတိရရင်း …ရင်ထဲရှိတဲ့ရောက်လာတဲ့ အမှတ်တရလေးတစ်ခုကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။

ရတခ

ဓါတ်ပုံကို ဒီနေရာမှကူးယူတင်ပြပါသည်။


စာအပြည့်အစုံသို့….

Friday, January 2, 2009

+ သားကောင်းမိခင်


ကျောင်းဆင်းအရာရှိလောင်းဘ၀မှသည် ယနေ့ထိတိုင် ကျွန်တော့် မိခင်ကို မျက်ရည်ကျအောင် ကျွန်တော်ပြုလုပ်ခဲ့မိသည်။ ထိုမျက်ရည်များက ၀မ်းသာလွန်းလို့ မျက်ဝန်းအိမ်များ စိုစွတ်လာသော မိခင်တစ်ယောက်၏ နွေးထွေးသော မျက်ရည်များဖြစ်သည်။ ကျောင်းဆင်းလို့ အရာရှိငယ်ဘ၀ဖြင့် ကျွန်တော်တာဝန်ကျရာတပ်သို့ ရောက်ရှိချိန်တွင် အမေသည် ကျွန်တော့်ကို မူကြိုကျောင်းသားတစ်ယောက်ကို ကျောင်းလာပို့သကဲ့သို့ပင် မြင်ပုံရသည်။ တတွတ်တွတ်ဖြင့် မှာမဆုံး။ ချက်ပြုတ်ကြော်လှော်လာသော အကြော်ဘူးများကလည်း တစ်ယောက်တည်း စားလို့ကတော့ တော်တော်ဖြင့်စားကုန်မှာမဟုတ်။ ကျွန်တော့်အဆောင်ရှေ့မှ ပြန်လည်ထွက်ခါသွားချိန်တွင် မျက်ရည်များတသွင်သွင်ကျကာ လက်ပြနှုတ်ဆက်ခဲ့သော အမေ....

စစ်သားတို့တာဝန်အတိုင်းကျရာနေရာတွင် ကျရာတာဝန်ကို ထမ်းဆောင်နေရသောကြောင့် အမေ့အိမ်သို့မပြန်ဖြစ်ခဲ့။ အမေကတော့ သားမောင်စစ်သားကြီးဆီသို့ လူမလာနိုင်တောင် စာလွှာလေးများရောက်အောင် အဆက်အသွယ်မပြတ်ရှိခဲ့သည်။ ကျွန်တော်မေ့မရသော ၂၀၀၈ခုနှစ် ဇန်န၀ါရီလ၏ရက်တစ်ရက်တွင် ရှေ့တန်းထွက်ရမည်ဟု အမေ့ကို အကြောင်းကြားလိုက်ချိန်တွင် အမေ မူးလဲသွားခဲ့သည်တဲ့။ အကြောင်းကြားပြီး နှစ်ရက်အကြာတွင် အမေ..ကျွန်တော့်ဆီရောက်လာပါသည်။ စကားပင်မပြောပဲ ကျွန်တော့်ခေါင်းကို ပွတ်ကာ ဘုရားစာများကိုသာ နာရီတော်တော်ကြာအောင်ရွတ်ပေးနေတဲ့ အမေ.....

ကျွန်တော်ရှေ့တန်းစစ်မြေပြင်သို့ရောက်ရှိချိန်တွင် ကျွန်တော်သတိအရဆုံးကတော့ ကျွန်တော့်ချစ်သူထက် အမေ့ကိုသာဖြစ်သည်။ မျှော်မိသော စာများသည် အမေ့ဆီမှ စာများပင်ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ပစ်ကျခတ်ကျတိုင်း မျက်ဝန်းအိမ်တွင် အမေ့ကိုသာ မြင်ယောင်မိသည်။ ယန်းငွေ့တွေဝေနေတဲ့ စစ်မြေတလင်းက အမေ့သားရင်သွေးက အမေနှင့် အမေ့ လိုပဲသားတွေကို ချစ်တဲ့ မေမေတွေကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေကြပြီ အမေ...

၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂၈ရက်.. ကျွန်တော်တို့စစ်ဌာနချုပ်လက်အောက်ခံတပ်တွေ နောက်တန်းပြန်ရပြီ အမေ.. တောင်ငူကို ရောက်တော့ အမေ့ဆီ ဖုန်းဆက်ပြီး "ကျွန်တော် မသေဘူး အမေ။ အမေ့ဆီ ကျွန်တော်ပြန်လာခဲ့မယ်" လို့ပြောလိုက်ချိန် ချုံးပွဲချငိုခဲ့တဲ့ အမေ....

"အမေ.. အမေကတောင် သားတစ်ယောက်တည်းကို ဒီလောက်တောင် စိတ်သောကရောက်ပူပင်နေတယ်ဆိုရင် သားသူငယ်ချင်း အမွှာနှစ်ယောက်အမေဆို ဘယ်လိုလုပ်မလည်း..အမေ။ သူတို့တွေဆို ဒီသားလေးနှစ်ယောက်တည်းရှိတာကို စစ်ထဲသွင်းလိုက်ရတာ ဘယ်လောက်တောင် ပူပင်နေမလည်းဗျာ။" အမေပြန်ပြောလိုက်တဲ့စကားလေးဖြင့် ရင်ထဲကို အေးကာ အမေ့ရင်ခွင်သို့ တိုးဝင်မိခဲ့သည်။
အမေပြောလိုက်တဲ့စကားလေးကတော့ "သားရယ်...ဘယ်မိဘမဆို သားတစ်ယောက်ဖြင့်ဖြင့် နှစ်ယောက်ဖြစ်ဖြစ် ပူတာကတော့ အတူတူပါပဲ။ သားသူငယ်ချင်းအမေကတော့ အမေ့ထက်ကို စံပြဖြစ်သင့်တဲ့သားကောင်းမိခင်တစ်ယောက်ပါ။ သား ဒီလိုဘေးမသီရန်မခပဲပြန်လာတာတောင် မေမေဒီလောက်ဝမ်းသာရင် သားသူငယ်ချင်းနှစ်ယောက်ရဲ့ မေမေလည်း နှစ်ဆ၀မ်းသာသွားမှာပါကွယ်။ သားလေးက မေမေ့အတွက် ထာဝရမူကြိုကျောင်းသားအရွယ်လေးပါကွယ်။"


စာအပြည့်အစုံသို့….

+ အမောင်စစ်သား ကျွန်တော်နှင့် New Year


လူငယ်တိုင်းပါးစပ်ဖျားတွင် ရေပန်းစားနေသော New Year... New Year ဖြင့်... တွေ့လိုက်တဲ့ လမ်းဆုံလမ်းခွနေရာတွေက ကြော်ငြာဆိုင်းဘုတ်တွေမှာလည်း New Year Festival ဘာညာတွေဖြင့်... အော် New Year... New Year ဒီလောက်တောင် ဆွဲဆောင်မှုကောင်းခဲ့ပါလား။ ကျွန်တော့်အတွက် နှစ်သစ်ညလေးတစ်ညကတော့ အမှတ်တရရှိခဲ့သည်။ ကျွန်တော်တို့တပ်မှ တာဝန်ယူရသော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့အနီးရှိ အပိုင်းလေးတွင် ကျွန်တော်တို့အားလုံး New Year လေးကို ဆင်နွှဲခဲ့ကြပုံကတော့ ဘယ်တော့မှ မေ့မရ။ ရှေ့တန်းရောက်စစ်သည်တော်တွေ New Year ဆိုတာ ဒါမျိုးပါလားဆိုသည်ကို ပြောမယုံ ကြုံဖူးမှ သိတော့သည်။


"ဗိုလ်ကြီး မနက်ဖြန် new year နော်။ နှစ်ဟောင်းတောင်ကုန်ပြီ.. ဘာလိုလိုနဲ့ဒီမှာ ရောက်နေတာတောင် တစ်နှစ်ရှိပြီ။ ဗိုလ်ကြီးကောင်မလေးဆီက စာမလာဘူးလား။"
BE မှဗိုလ်ကြီးကလည်း ဥပဓိရုပ်ဖြောင့်သော ကျွန်တော့်ကို တော်တော်အထင်ကြီးလို့ပဲ ကောင်မလေးဆီက စာမလာဘူးလား...မေးတာလား။ သို့တည်းမဟုတ် အားနာပါးနာနဲ့ မေးပေးတာလားတော့မသိ။ ကျွန်တော်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကောင်မလေး၏ စာတစ်စောင်ကို ထုတ်ပြလိုက်သည်။

"ဟာ... ဗိုလ်ကြီးက တယ်ဟုတ်ပါလား။ နည်းလေးဘာလေးမေးထားရအုံးမယ်။ ကျွန်တော့်ကိုတော့ စိတ်ပူမယ့်သူတောင် မရှိပါဘူးဗျာ။ ကျောင်းထိုင်ဆရာတော် ဘုန်းကြီးရေးပို့လိုက်တဲ့ ဆုံးမစာလေးတွေကလွဲရင် ကျွန်တော့်ဘ၀က သစ်ခြောက်ပင်ပါ။"

"ကဲပါ..စိတ်ညစ်မနေနဲ့။ လောလောဆယ် ညဖက် new year အတွက် အသားဟင်းလေးတစ်ခွက်ရအောင် ကြံဆောင်ကြရအောင်လား။"


ကျွန်တော်တို့နှစ်ယောက်လည်း သေနတ်ဆွဲကာ အသားဟင်းအတွက်ရှာပုံတော်ထွက်ခဲ့သည်။ ရှာပုံတော်ထွက်သည်ဟုသာဆိုပါသည် ဝေးဝေးမသွားရဲ... မိုင်းနင်းမိလို့ကတော့ ကိုယ်တောင် ဟင်းစားပြန်ဖြစ်မယ့်သဘော။
တစ်ယောက်ကို ငှက်သေးသေးတစ်ကောင်စီရရှိတော့ ဟင်းချက်ရန်ပေးလိုက်သည်။ ဟင်းချက်ရန်ဟုသာ ဆိုရမည် ဟင်းချက်ရန် ဆီဆိုသည်မှာဝေး၊ ဆားဆိုသည်မှာ မူးလို့ရှုစရာမရှိ။ ကျွန်တော်တို့၏ new year အတွက် ဟင်းခွက်လေးကတော့ ငှက်ကိုရေနည်းနည်ဖြင့်မီးကင်းတိုက် ထိုငှက်ကပြန်ထွက်လာသော အရည်ဖြင့်ပင် ပြန်ကြော်.. ငါးကြင်းဆီဖြင့် ငါးကြင်းကြော်သည်ဟူသော စကားပုံသည် ကျွန်တော်တို့အတွက်တော့ ငှက်ဆီဖြင့် ငှက်ပြန်ကြော်သကဲ့သို့။ အရသာကတော့ ကောင်းမကောင်းမသိ အနံ့ကတော့ ညှီတစ်ဆို့နေတာပဲ။ သို့ပေသောလည်း စားရန်ကမရှိတော့။ new year ညတွင် အများသူငါလို wine ခွက်လေးကို ကိုင်ကာcount down မလုပ်နိုင်။ မိမိလက်ထဲတွင် ရှိနေတာက ၀ါးဆစ်ပိုင်းလေးတစ်ခု ထိုဝါးဆစ်အထဲတွင်ရှိသော ရေနွေးက wine များထက် တန်ဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးသော မိမိရဲဘော်ကိုယ်တိုင် အသက်ကိုဖက်နှင့်ထုပ်ကာ သွားခပ်ခဲ့ရသော ရေ။ New Year အချိန်လေးနီးကပ်လာပါသည်။ စားစရာသောက်စရာများကို အလည်တွင်ထားကာ ငှက်အိုးကင်းတိုက်ကို ပျော်ပျော်ပါးပါးစားသောက်ခဲ့ကြသည့် သေအတူရှင်မကွာ လက်တွဲတာဝန်ထမ်းဆောင်ခဲ့သော ညီအစ်ကိုများနှင့် ယခင်နှစ်က new year ၏အပျော်များသည် Wine ခွက်လေးဖြင့် Cheese လေးကို စားကာ Cheer Happy New Year ဟုအော်ဟစ်နေခဲ့သော New Year ထက် များစွာလှပပါပေသည်။

စာအပြည့်အစုံသို့….

Thursday, January 1, 2009

+ နှစ်သစ်မင်္ဂလာ အခါသမယ (၂၀၀၉)

အမြဲလာရောက်အားပေးနေကြသော သူငယ်ချင်းများ၊ တခါတရံရောက်လာတတ်သော စာဖတ်မိတ်ဆွေများ၊ လမ်းမှားပြီးရောက်လာတယ်ဟု ပြောဆိုတတ်ကြသော အမြင်မတူပေမယ့် မြန်မာပြည်ဖွား မြန်မာတိုင်းရင်းသားညီနောင်များ....

နှစ်သစ်မှာ ပျော်ရွှင်စွာဖြင့် ဘ၀ခရီးလမ်းကို လျှောက်လျှမ်းနိုင်ပါစေလို့



ဆုမွန်ကောင်းတောင်းရင်း
Army Soul



စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us