ကျွန်တော်တာဝန်ကျသော ကျွန်းစုမြို့လေးသည် မြန်မာပြည်အောက်ဖျား မြိတ်မြို့နယ်အတွင်းပါဝင်သော ကျွန်းမြို့လေးတစ်မြို့ဖြစ်ပါသည်။ မြို့လေးသို့ ရောက်ရှိပြီး သိပ်မကြာသော အချိန်တွင် ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူသာသနာ့ရိပ်သာတွင် တရားစခန်းများ ပြုလုပ်သည်ကို သိရှိရသဖြင့် ထိုဆရာတော်ကျောင်းသို့ ကျွန်တော်ရောက်ရှိလာခဲ့ပါသည်။ ကျွန်တော်တို့ စစ်သားများအတွက် တာဝန်ချိန်များဖြင့် ပြည့်နေသောကြောင့် သီးသန့်တရားစခန်းတွင် တရားထိုင်ခြင်းအမှုကို မပြုနိုင်ပါ။ တရားမှတ်ခြင်းဆိုသည်မှာ မှတ်တတ်လျှင် အချိန်တိုင်းတရားမှတ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မနက်မိုးလင်းနှင့် အိပ်ရာဝင်ချိန်များလောက်သာ တရားထိုင်မှတ်ခြင်းအမှုကို ပြုနိုင်ပါသည်။
ဆရာတော်ကျောင်းသို့ရောက်ရှိလာပြီး ဆရာတော်အား တရားစခန်းနှင့်ပတ်သတ်သော အချက်အလက်များကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ဘုရားနှင့် တရားစခန်းဝင်ရောက်သူယောဂီများ၏ ကျန်းမာရေးကို ကုသိုလ်ဒါနပြုချင်ပါကြောင်း လျှောက်ထားခဲ့ပါသည်။ ဆရာတော်က ခွင့်ပြုသောကြောင့် (၂၇.၇.၂၀၀၈) မှ စတင်၍ ဆရာတော်နှင့် တရားစခန်းဝင်ယောဂီများ၏ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ခွင့်ရရှိခဲ့ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုစစခြင်းတွင် မိမိတွင်ပါလာသော လစာငွေလေးဖြင့် လိုအပ်သောဆေးဝါးအချို့ကို ၀ယ်ယူခဲ့ပါသည်။ ထို့ပြင် စေတနာရှင်အချို့မှလည်း ၀ိုင်းဝန်းလှူဒါန်းသောကြောင့် ငွေကျပ်တစ်သိန်းဖြင့် ဆေးဝါးများ ၀ယ်ယူကာ ဆရာတော်ကို ဆက်ကပ်ခဲ့ပါသည်။ ဆရာတော်မှလည်း ကုသိုလ်ဖြစ် ဆေးခန်းလေးတစ်ခုဖွင့်လှစ်လိုကြောင်း မိန့်ကြားသဖြင့် ရပ်မိရပ်ဖများနှင့်တိုင်ပင်ကာ သြဂုတ်လ စတုတ္ထပတ်လောက်တွင် ဆရာတော်၏ ကျောင်းအောက်မြေနေရာတွင် ဆရာတော်ဘုရားကိုယ်တိုင် ပန္နက်ရိုက်ပေးကာ ဆောက်လုပ်ခွင့်ပြုခဲ့ပါသည်။ ရွာသူရွာသားများကလည်း ဆေးခန်းဆောက်လုပ်ရာတွင် တတက်တစ်အားပင် လုပ်အားဒါနများ နေ့ညမပြတ်ပါဝင်ခဲ့သောကြောင့် တစ်ပတ်အတွင်းတွင်ပင် ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူသာသနာရိပ်သာတွင် ဝေနေယျသုခဟု အမည်တွင်သော ကုသိုလ်ဖြစ်ဆေးခန်းလေးကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ထို့နောက် ဆေးခန်းရေရှည်တည်တံ့ရေးအတွက် ရပ်မိရပ်ဖများဖြင့် ကော်မတီအဖွဲ့လေးတစ်ခုကို သေချာစွာ ဖွဲ့စည်းပေးခဲ့ပါတယ်။ အလှူငွေကောက်ခံခြင်းများကိုလည်း ကျွန်တော်အားလပ်ချိန်များတွင် ကောက်ခံပြီး ဆရာတော်ထံကပ်လှူရန် အပြေးတပိုင်းဖြင့် ဆရာတော့်ကျောင်းသို့ ချောင်းပေါက်မတတ် ပြေးခဲ့ရသောနေ့လေးများ ဖြစ်ခဲ့သည်။ ဆေးMAကြီး xxxx နှင့် ကျောင်းဂေါပက ဦးပိုအင်တို့ကလည်း စေတနာအပြည့်အ၀ဖြင့် ကူညီပေးခဲ့ကြသည်။ ရွာသူရွာသားများကလည်း မိမိတို့တတ်နိုင်သလောက် ငွေများဖြင့် ဆေးပဒေသပင်အတွက် လှူဒါန်းကြပါသည်။ ကျွန်တော်တို့ဝေနေယျသုခဆေးခန်းလေးကို ညနေ(၅)မှ ည(၇)နာရီထိ ကုသချိန်သတ်မှတ်ထားသည်။ ကျွန်တော်လည်း တပ်မှ တာဝန်များပြီးဆုံးချိန် ပြီးသည်နှင့် ဆေးခန်းလေးရှိရာသို့ အမြဲမပြတ်ပိတ်ရက်မထားပဲ ကျွန်တော်သင်ယူတတ်မြောက်ထားသော ပညာဖြင့် ကုသဒါနပြုခွင့်ရခဲ့ပါသည်။
ထို့ပြင် ဝေနေယျသုခဆေးခန်းရေရှည်ရပ်တည်နိုင်ရေးအတွက် ကျွန်တော်သိကျွမ်းခင်မင်ခွင့်ရခဲ့သော တောင်ကြီးမြို့မှ အဘဦးညွန့်မောင်ကို ဆေးခန်းလေးအကြောင်းကို လှမ်းပြောပြခဲ့ပါတယ်။ အဘ၏ ကူညီမှုဖြင့် ဆေးပဒေသပင်အတွက် အလှူငွေကျပ် သုံးသိန်းကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော့်မှာ ပီတိဖြစ်မိတာ အမှန်ပါဗျာ.. ကျွန်တော်မှာ ထိုမျှလောက်ပိုက်ဆံအင်အားမရှိပါ။ ကျွန်တော်တတ်ထားသောပညာဖြင့်သာ ဆေးကုသမှုကုသိုလ်ကို ပေးရုံမျှဖြင့် မလုံလောက်ပါ။ ယခုကဲ့သို့ စေတနာရှင်များ၏ လှူဒါန်းမှုများကြောင့် လိုအပ်သော ဆေးဝါးများကို ၀ယ်ယူနိုင်ခြင်းကြောင့်သာ ဖြစ်သည်။
ကျွန်တော့်တာဝန်ချိန်ပြီးဆုံး၍ အခြားမြို့သို့ ပြောင်းရွေ့ခွင့် ကျသောအခါ ရွာသူရွာသားများ၏ နှုတ်ဆက်ပွဲနှင့် ကျွန်တော့်နေရာလေးတွင် ဆက်လက်တာဝန်ယူပေးမယ့် သမားဇာနည်တစ်ဦးနှင့် မိတ်ဆက်ပွဲကို ပြုလုပ်ချိန်တွင် ကျွန်တော် မျက်ရည်လည်မိပါသည်။ ကျွန်တော်စတင်ခဲ့လိုက်သော ဝေနေယျသုခဆေးခန်းလေးတွင် ကျွန်တော်အဝေးတနေရာသို့ တာဝန်ပြောင်းရွှေ့ခဲ့သော်လည်း ကျွန်းစုမြို့တွင် တာဝန်ကျသော သမားဇာနည်အောင်စစ်သည် ကျွန်တော့်နောင်တော်.. ညီတော်များ၏ ဆက်လက်ကူညီ ကုသိုလ်ဒါနပြုပေးနေသော သတင်းလေးကို ကျွန်တော်ကြားရတိုင်း ပီတိဖြစ်မိပါသည်။
တချိန်က ဘ၀ကိုရုန်းကန်ရင်း တက္ကသိုလ်ဝင်တန်းကိုပင် ဈေးရောင်းရင်းကျောင်းတတ်ခဲ့ရသော အညတရလေးကျွန်တော်.. မိဘကျေးဇူးကြောင့် ကျွန်တော် သမားဇာနည်တစ်ယောက်ဘ၀ကို ရောက်ရှိလာခဲ့ပါတယ်။ မိဘတို့ကို ချမ်းချမ်းသာသာ ကျွန်တော် မထားနိုင်သေးပါဘူး။ ဒါပေမယ့် အမေရယ်.. အမေ့သားကို ဆုတောင်းပေးနေတဲ့ ဆုတောင်းသံတွေကြောင့် အမေ့သား သံလွင်မြစ်ကမ်းတစ်ဖက်က ၀မ်ထန်ဆိုသော ကျေးရွာလေးမှာ ဘေးမသီရံမခပဲ တာဝန်များကို ဆက်လက်ထမ်းဆောင်ရင်း ကျွန်တော်ရောက်သော နေရာဒေသလေးများတွင် ကျွန်တော်တတ်သော ဆေးပညာများဖြင့် အမေ့လိုမျိုး သားချစ်တဲ့ မေမေများကို ပြုစုစောင့်ရှောက်သွားမှာပါ…
မိမိအကျိုး ၊သူတစ်ပါး၏အကျိုး ၊ သာသနာ၏အကျိုးကို ဆထက်တပိုးသယ်ပိုးထမ်းရွက်နိုင်ကြပါစေ။
Dr. K.S.A
(ယခုကဲ့သို့ အစ်ကို့ပြုလုပ်ဆောင်ရွက်ခဲ့သော ဆေးခန်းလေးအကြောင်းကို ဖော်ပြခွင့်ပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ပါသည်)်
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…
အပျော်များစွာဖြင့် တအိအိဖြင့် မောင်းနှင်နေသော တပ်မတော်သုံးစီးတော်ယာဉ်FAW ကားကြီးကို စီးကာ တပ်မတာဝန်ဖြင့် တပ်သားသစ်များကို အပ်ရန်လိုက်ပါလာခဲ့သော ခရီးစဉ်တစ်ခု.. မတွေ့တာကြာပြီဖြစ်သော ညီမငယ်နှင့် တွေ့ရတော့မည်ဟု အတွေးများဖြင့် ပျင်းရိဖွယ်ကောင်းလှသော ခရီးရှည်ကြီးသည်ပင်လျှင် ကျွန်ုပ်အတွက် ပျော်စရာဖြစ်နေခဲ့သည်။
တပ်သားစုဆောင်းရေးတပ်ရောက်ပြီး မိမိခေါ်ဆောင်လာသော တပ်သားသစ်များကို ဆေးစစ်ခြင်းနှင့် အခြားသော အမှုကိစ္စများကို ဆောင်ရွက်ရန် အလို့ငှာ ဗျာများနေသောကြောင့် ညီမငယ်ဖြစ်သူထံ ဖုန်းမဆက်သွယ်ဖြစ်ခဲ့။ ပေးစရာရှိသော လူကြုံများနှင့် လုပ်စရာရှိတာများကို ဆောင်ရွက်ပြီးလို့ သုံးရက်မြောက်တွင် ညီမငယ်ထံ ဖုန်းဆက်လိုက်မိသည်။
“မီးငယ်.. ငါ ရန်ကုန်ကိုရောက်နေတယ်။ သုံးရက်ရှိပြီ။ တပ်သားသစ်လာပို့တာ။ မနက်ဖြန်တော့ ပြန်မယ်။ မီးငယ်ကို လှမ်းပြောတာ။ “
“အင်း.. အဆင်ပြေရဲ့လား။”
တဖက်မှ လေးတိလေးကန်သော ဖြေသံလေးကို အားရစရာကြားရသည်။ မည်သို့ပင်ဖြစ်စေကာမူ မီးငယ်အတွက်လက်ဆောင်ပေးရန် ကျွန်တော်ဝယ်ထားသော စာအုပ်လေးကို ပေးခဲ့ချင်သည့်အတွက် ဖုန်းဆက်မိခြင်းဖြစ်သည်။
“မီးငယ်အတွက် လက်ဆောင်တစ်ခုပါလာတယ်။ စာအုပ်လေးတစ်အုပ်ပါ.. ယောနသံဇင်ယော။ မီးငယ် ဖတ်ဘူးလား။”
“ဖတ်တော့ မဖတ်ဘူးဖူး။ ကြားတော့ ကြားဖူးတယ်။”
“အေး. မီးငယ် ဆီ ပို့ပေးလိုက်မယ်။ မနက်ဖြန် မီးငယ်ကို လာခိုင်းရမှာလဲ အားနာတယ်ကွ။ ဒီဖက်ကိုက ဝေးတယ်လေ။ ငါ့ ဖာသာ ငါ စာတိုက်ကပဲ ပါဆယ်ပို့လိုက်ပါတော့မယ်ဟာ…”
ကိုယ်တိုင်ကိုယ်ကျပေးချင်သော်လည်း မတတ်သာသည့်အခြေအနေ၊ မီးငယ်ကိုလည်း အဝေးကြီးကို မလာခိုင်းရက်ပါ။ တွေ့ချင်သော ဆန္ဒတစ်ခုကို ချိုးနှိမ်ကာ ဖြစ်သင့်သော လုပ်ဆောင်မှုကိုသာ လုပ်ရပေတော့မည်။
“ကိုကြီးက မနက်ဖြန် ဘယ်အချိန်ပြန်မှာလဲ.. တပ်သားတွေကို ကားနဲ့တင်လွှတ်လိုက်ပြီးရင် ပြီးပြီမဟုတ်လား။ ညကျတော့မှ ကိုယ့်ဖာသာကို လိုင်းကားနဲ့လိုက်ပြန်ပေါ့။ ဇိမ်လေးနဲ့ အေးအေးလူလူတောင်ပြန်ရသေး..”
“ငါက တပ်ကတာဝန်နဲ့လာတာ။ ဒီလိုလုပ်လို့မရဘူးလေ။ တပ်မက ကားကိုတာဝန်ခံပြီးယူလာတာလေ။ ငါ ဘယ်လိုလုပ်နေခဲ့လို့ရမလဲ။ ဘယ်အချိန်ပြန်မယ်ဆိုတာကလဲ ကြိုပြောလို့မရဘူး။ ဒီမှာကိစ္စ၀ိစ္စတွေ ပြီးတာနဲ့ချက်ချင်းကောက်ပြန်မှာ။ မှန်းထားတာကတော့ ထမင်းစားပြီးတော့လောက်ပေါ့။”
“ကိုကြီးကလည်း အချိန်တခုသတ်မှတ်ပြီးတော့ ပြန်ပေါ့။ အချိန်အတိအကျပြောလေ..”
“မီးငယ်..တပ်မတော်မှာ ဟိုအချိန်ရယ် ဒီအချိန်ရယ်ဆိုပြီး ကိုယ်ပိုင်သတ်မှတ်ခွင့်မရှိဘူး။ အထက်ကအမိန့်အတိုင်း ခုပြန်ဆို ခုပြန်ရ။ မပြန်နဲ့နေဦးဆိုလည်း နေရမှာပဲ။ နင့်အစ်ကို ငါ စစ်သားဆိုတာ မမေ့နဲ့ဦး။ အေး.. ငါပြန်တော့မယ်ဆိုတာ နှုတ်ဆက်တာပါ။”
တဖက်မှ “အင်း”တစ်လုံးသာ ပြောပြီး ဖုန်းချသွားလေပြီ ကျွန်တော့်လက်ထဲတွင် ကိုင်ထားသော သူ့မအတွက် စာအုပ်လေးသည် ကျွန်တော့်ကို လှောင်ပြုံးကလေး ပြုံးပြနေသည်။
နောက်တစ်နေ့ ကိစ္စ၀ိစ္စများပြီးလို့ တပ်မတော် FAW ကားကြီး၏ လေးလှစွာသော တံခါးကြီးကို လေးကန်သော လက်များဖြင့် ပိတ်လိုက်ပြီး မ၀ံ့ရဲသော အကြည့်များဖြင့် လက်မှနာရီကို ကြည့်မိလိုက်သည်။ အချိန်ကား နေ့လည်တစ်နာရီထိုးလေပြီ။
နေ့လည်။ ၁း၀၀
“ကဲ… ဆရာကြီးရေ။ စထွက်ရအောင်”
ကျွန်တော်တို့ကားကြီးသည် တညင်းကုန်းလမ်းဆုံသို့ ထွက်လာခဲ့ပြီး ဌာနေတပ်သို့ တရွှေ့ရွှေ့ ပြန်လည် ထွက်ခွာလာခဲ့သည်။
ည။ ၁၀း၀၀
“ဟယ်လို… “
အိပ်ချင်မူးတူးအသံတစ်ခုဖြင့် ထူးသော ညီမငယ်အသံ။
“ငါပါ မီးငယ်။ ငါတပ်ပြန်ရောက်ပြီဆိုတာ လှမ်းပြောတာပါ။ ငါမနက်ဖြန်ရှေ့တန်းထွက်ရမယ်။ နေ့လည်ကတည်းက လှမ်းဖုန်းဆက်တယ်။ မနက်က ငါ့ကို တပ်က အားချင်းပြန်လာပါဆိုလို့ မီးငယ်ဆီ ဖုန်းဆက်တာလှမ်းပြောတာ ဖုန်းပိတ်ထားတယ်”
“ဟုတ်လား.. မီးငယ်က ဒီနေ့ စုဆောင်းရေးတပ်ကို ရောက်သွားတာ။ ကိုကြီးကို လာရှာတာလေ။ ဟိုရောက်တော့ ကြောင်တောင်တောင်နဲ့ လိုက်မေးတာလဲ ဘယ်သူမှ မသိဘူး။ တော်သေးတယ် သူငယ်ချင်းတစ်ယောက်ပါလို့။ မီးငယ်းက ကိုကြီးအတွက် ၀ယ်ထားတဲ့ စာအုပ်လေး လာပေးတာပါ။ တက္ကသိုလ်ဘုန်းနိုင်.. ညနက်နက်မှာလထွက်ခြင်း စာအုပ်လေ”
“ဟင်.. မီးငယ် က ဘယ်အချိန်ရောက်လာတုန်း။”
“၁း၁၅ လေ.. လမ်းမှာ မိုးတွေ အရမ်းသည်းလို့ ဖြေးဖြေးမောင်းလာရတာလေ။”
ကျွန်တော်၏ ဖုန်းကိုင်ထားသော လက်များသည် အေးခဲသွားသလိုခံစားလိုက်ရသည်။ ကံကြမ္မာကြီးက မျက်နှာသာမပေးပါချေ။ ကိုရီးယားကားများ၏ အလွဲများကို ကြည့်တိုင်း မဖြစ်နိုင်ဟု ဝေဖန်ကဲ့ရဲ့ခဲ့သော မိမိကို ကိုရီးယားမင်းသား၊ မင်းသမီးများကပင် နည်းတောင်နည်းသေးဟု လှောင်ရယ်နေသကဲ့သို့ပင်တွေးမိသည်။ သူမအတွက် ပေးခဲ့ချင်သောစာအုပ်”ယောနသံစင်ရော်”နှင့် သူမဆီမှ ကျွန်တော့်အတွက် ပေးချင်သာ စာအုပ်”ညနက်နက်မှာ လထွက်ခြင်း”။
“ရှေ့တန်းကို ပို့ပေးလိုက်မယ်လေ.. ကိုကြီး ဖတ်လို့ရတာပေါ့။ ဘုရားတရာလည်း မမေ့နဲ့နော်။ မေတ္တာသုတ်လေးဘာလေးရွတ်နော်။”
“အင်းပါ မီးငယ်ရယ်။ စာအုပ်ကတော့ နင်သာသိမ်းထားလိုက်ပါ။ ငါ အသက်မသေပဲပြန်လာရင် ငါကိုယ်တိုင် မီးငယ်ဆီက လာပြန်ယူမှာပါ။ ငါ့ကို သတိရရင်တော့ စစ်သည်တို့လိုရာတေးကဏ္ဍမှာသာ သီချင်းလေးတောင်းပေးလိုက်ပါ။ ငါရဲ့ ရေဒီယိုအိုလေးက ဒီအချိန်တော့ အသုံးဝင်လောက်ပါပြီ။”
ရှေ့တန်းစစ်မြေပြင်သို့ မသွားမှီ ဖြစ်ပျက်သွားသောအမှတ်တရလေးကို ရေးသားဖော်ပြလိုက်ပါတယ်။ ညီအစ်ကိုများလည်း ကျွန်တော့်ကဲ့သို့ ကိုရီးယားအလွဲလေးများ မတွေ့ကြုံကြပါစေနှင့်ဟု ဆုတောင်းရင်း…။
စာဖတ်ပရိသတ်များကိုလည်း ကျွန်တော် ရတခမှ ဒီအမှတ်တရအဖြစ်အပျက်ဆောင်းပါးလေးဖြင့် နှုတ်ဆက်ခဲ့ပါသည်။
လေးစားစွာဖြင့်
တချိန်က (ရတခ)
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…