Friday, December 19, 2008

+ ထားတတ်ရင် ကုသိုလ်၊ ယူတတ်ရင် ကုသိုလ်ပါ


မိုင်ပေါင်းများစွာဝေးကွာပြီး ရက်လပေါင်းများစွာ မတွေ့ရတဲ့ချစ်သူနှင့် ပြန်ဆုံခွင့်ရရင် ထိုနေ့လေးမှာ ဘာတွေဘယ်လိုလုပ်မယ်ဆိုတာကို လူတိုင်း လူတိုင်း စိတ်ကူးယဉ် ပုံဖော်ကြည့်ကြမည်သာဖြစ်သည်။ ကျွန်တော်လည်းထိုနေ့လေးကို စိတ်ကူးယဉ်မှုပေါင်းများစွာဖြင့် ရက်လပေါင်းများစွာ တွေ့ခွင့်မရခဲ့သော သူမနှင့် ပြန်ဆုံမည့်နေ့တွင် ချိန်းဆိုထားသော နေရာသို့ စိတ်အလျင်စောစွာရောက်ရှိလာခဲ့သည်။ စစ်သားတို့မည်သည် ပိတ်ရက်ဆိုတာ မရှိ။ စနေ၊ တနင်္ဂနွေဆိုတာ ဝေး။ အလျင်းသင့်သလို တာဝန်ပါးသော ရက်လေးများတွင် မိဘမောင်ဖွားများဆီသွားလိုကသွား၊ ချစ်သူသက်ထားဆီ ချစ်တေးဆိုရန် ပြေးလိုကပြေး.. ကျွန်တော်လည်း တာဝန်လေးပါးတုန်း သူမနှင့်တွေ့ရမည့်အရေးကို အပြေးလာခဲ့ခြင်းဖြစ်သည်။ ချိန်းဆိုထားသောနေရာသို့ သူမရောက်လာပါသည်။ ရက်ပေါင်းများစွာ ဝေးကွားနေသော ချစ်သူကို ရင်ခွင်ခြားတွင် ထွေးပွေ့ထားကာ ကောင်းကင်ပြာကြီးကို ကြည့်ရင်း အနာဂတ်အရေးများကို ဆွေးနွေးမည်ဆိုသော ကျွန်တော့်စိတ်ကူးများသည် တတ်တတ်စင်အောင်လွဲခဲ့ရသည်။ သူမပြောလိုက်သော စကားက လှည်းကူးသွားမယ်တဲ့။ ဒီနေ့ကလေးတွေကို လာခဲ့မယ်ပြောထားလို့တဲ့။ အလှူငွေထည့်စရာလည်းရှိလို့ပါတဲ့။ သူမပြောလိုက်ကတည်းက ဘယ်နေရာဆိုတာသိလိုက်သည်။ သူမနှင့်ဖုန်းပြောတိုင်း ကြားဖူးနေသော လှည်းကူးမြိုနယ်ရှိ မိဘမဲ့ဂေဟာတစ်ခုဖြစ်သည်။

ထိုမိဘမဲ့ဂေဟာသည် ချင်းတိုင်းရင်းသားများအများစုကို လက်ခံထားသော နေရာလေးတစ်ခုဖြစ်သည်။ ဦးစီးဦးဆောင် ကမကထလုပ်သူများနှင့် ဂေဟာမှူးကတော့ ချင်းတိုင်းရင်းသားများဖြစ်ကြသည်။ ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့ရွာများနှင့် ဝေးလံခေါင်ဖျားသော ဒေသများမှ ကလေးငယ်များကို ပညာသင်ကြားပေးရန်အတွက် မိဘမဲ့ကလေးများသာမက၊ မိဘများရှိသော်လည်း ကလေးပညာရေးအတွက် လာရောက်အပ်နှံထားသော ကလေးများကိုပါ စနစ်တကျလက်ခံထားရှိပါသည်။ သို့သော်လည်း လူမှုဝန်ထမ်းဦးစီးဌာနမှ ချမှတ်ထားသော ကလေးပြုစုစောင့်ရှောက်ရေးဂေဟာတစ်ခုရှိသင့် ရှိထိုက်သော အဆောက်အအုံ၊ မြေအနေအရာအကျယ်အ၀န်းတို့နှင့် မကိုက်ညီသေးသောကြောင့် တရားဝင် Media များမှ တဆင့် အလှူငွေကောက်ခံခြင်းများ မပြုလုပ်နိုင်သေးချေ။ သို့သော်လည်း လက်ဆင့်ကမ်းပြောကြားမှုများမှ တဆင့် ရရှိသော အလှူငွေများဖြင့် ကလေးများပညာသင်ကြားရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုပါသည်။ အထက်တန်းပိုင်းများကိုသာ သီးသန့်စာကျက်ဝိုင်းများသို့ ပို့ကာ သင်ကြားစေပြီး အလယ်တန်းနှင့် အငယ်တန်းကျောင်းသားများကို ဂေဟာမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းလူငယ်များက သင်ကြားပေးကြပါသည်။ ကျွန်တော့်ချစ်သူလေးကလည်း အပါအ၀င်ပေါ့။ သို့သော်လည်း ဒီနေ့ကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပြန်ဆုံစည်းခွင့်ရသော ရက်လေးဖြစ်သောကြောင့် စိတ်ထဲတွင်တော့ စနိုးစနှောင့်ဖြစ်မိသည်။ သို့သော်လည်း သူမခေါ်ရာ ထိုမိဘမဲ့ဂေဟာသို့ ရောက်ရှိလာခဲ့ပါသည်။

သူမကတော့ရောက်ကတည်းက ကလေးတွေကို ပါလာတဲ့မုန့်တွေနဲ့ စည်းရုံးရေးဆင်းကာ စာသင်ရန်ပြန်ဆင်နေပါတော့သည်။ ပထမတော့ ကျွန်တော်လည်း သူမဘေးတွင် ငုတ်တုတ်။ နောက်တော့လည်း မနေသာတော့ အငယ်တန်းကျောင်းသားအချို့ကိုပါ ခေါ်၍ ကျွန်တော်ပါ စစ်သားဘ၀မှ ကျောင်းဆရာဘ၀သို့ပြောင်းရတော့သည်။ မနက် ၉နာရီလောက်ကစသင်လိုက်တာ နေ့လည်ထမင်းစားချိန်ရောက်တော့ တန်းဖြုတ်လိုက်သည်။ သူမဆီမှ အပြုံးနုနုလေးကို ရလိုက်သော်လည်း ကလေးများကျွန်တော့်ကို ထမင်းစားဆင်းချိန်လွှတ်ပေးလိုက်သောကြောင့် ပြုံးပြလိုက်ကျသော အပြုံးလေးများက ပိုချိုအေးသလိုခံစားရသည်။ ကလေးများထမင်းစားချိန်တွင် သူမနှင့်ကျွန်တော်တို့ လှည်းကူးဈေးဘက်ထွက်ခဲ့ကာ ဂေဟာအတွက်လိုအပ်သော အိမ်သုံးဆေးဝါးများနှင့် ပြီးခဲ့သော အပတ်က သူမသူငယ်ချင်းဆရာဝန်မှာခဲ့သော ကလေးများအတွက် လိုအပ်သော ဆေးများကို သွားရောက်ဝယ်ပေးခဲ့သည်။

ဈေးကပြန်လာပြီး သူမက ဂေဟာမှူးထံသို့ ဆေးများနှင့် အလှူငွေကိုလည်း ပေးနေပြန်သည်။ ထိုအလှူငွေကတော့ ရုရှားတွင် ပညာတော်သင်သွားရောက်နေသော တပ်မတော်ဆေးတက္ကသိုလ်အပတ်(၅)မှ အစ်ကိုကြီးတစ်ယောက်ဆီမှ ထည့်ဝင်လိုက်သော အလှူငွေ နှစ်သောင်းကျပ်ဖြစ်သည်။ သူမက စည်းရုံးရေးဆင်းတာတော့ တော်တော်ကောင်းသည် လွန်ခဲ့သော အပတ်ကလည်း သူမသူငယ်ချင်း စစ်ဆရာဝန်တစ်ယောက်ကို အကူအညီတောင်းကာ ကလေးများ၏ ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ရန် ခေါ်လာခဲ့သေးသည်။ အပြန်လမ်းတွင်သာ သူမနှင့်ကျွန်တော်အေးအေးဆေးဆေးစကားပြောနိုင်သည်။ ကျွန်တော်တို့က Bus ကားကို ဂိတ်စလောက်နီးနီးကစီးတာဆိုတော့ ထိုင်ခုံရသောကြောင့် တော်သွားသေးသည်။ နှစ်နာရီလုံးလုံးမတ်တပ်ရပ်ရလျှင် မချောင်ချေ။ ကားပေါ်ရောက်ပြီး သိပ်မကြာလိုက်ပါ..မှတ်တိုင်တစ်ခုတွင် ကလေးနှင့် မိန်းမတစ်ဦးတက်လာသည်။ သူမက မပြောမဆိုပင်နေရာထပေးလိုက်သည်။ ကျွန်တော်လည်းမနေသာတော့ ကျွန်တော့်နေရာကို သူမအားပေးလိုက်သည်။ သိပ်မကြာပါ..တပ်ကြပ်ကြီး ဆရာကြီးတစ်ဦးတက်လာသည် လက်တွင်လည်း အထုပ်အပိုးပေါင်းများစွာဖြင့် သူမထပေးပြန်သည်။ ကျွန်တော်လည်း သူမကို နားမလည်နိုင်အောင်ဖြစ်မိသည်။ နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက်လုံး မတ်တပ်ဖြင့် ရန်ကုန်ထိစီးလာခဲ့ရသည်။ သို့သော် ခရီးအဆုံးတွင် ကျွန်တော် ပျော်ရွှင်မိခဲ့သည်။ ထိုနေ့လေးသည် အလှပဆုံး ပြန်လည်ဆုံစည်းခွင့်ရခဲ့သော နေ့လေးဖြစ်ခဲ့သည်။

ကားပေါ်တွင် သူမပြောခဲ့သော စကားလေးများက....
"ကိုကြီး.. မီးငယ်ရဲ့မိဘတွေကြောင့် မီးငယ်ပညာတတ်ခဲ့တယ်။ မီးငယ်..ဆရာမ မဟုတ်ဘူး။ ဒါပေမယ့် မီးငယ်နိုင်တဲ့ ပညာရေးကူညီမှုနဲ့ မိဘမဲ့ကလေးတွေကို ကူညီတယ်။ မီးငယ်တို့က သူများတွေလို သိန်းပေါင်းများစွာ အလှူကြီးတွေ မလုပ်နိုင်ဘူး။ မီးငယ်တတ်နိုင်သလောက် ဆော်သြတယ်။ အထူးသဖြင့် ကိုကြီးတို့လို စစ်သားတွေ။ ကိုကြီးတို့က ရတဲ့လစာလေးနဲ့ တစ်ဦးတည်း အလှူကြီး အတန်းကြီးတွေကို မလုပ်နိုင်ဘူး။ ကိုကြီးတို့တတ်တဲ့ပညာလေးနဲ့ တတ်နိုင်သလောက်လေး ကူညီတာကလည်း ကုသိုလ်ပြုတာပါပဲ။ မီးငယ်သူငယ်ချင်း စစ်ဆရာဝန်ကို ခေါ်လာတယ်ဆိုတာလည်း သူတတ်တဲ့ ပညာလေးနဲ့ ကုသိုလ်ပြုနိုင်အောင်ပါ။ ခဏတုန်းက ခုံကို ထပေးတယ်ဆိုတာကလည်း သူတို့က သက်ကြီးရွယ်အိုနှင့် ကလေးအမေတွေ သူတို့ကို ခုံနေရာလှူဒါန်းလိုက်တယ်လို့ စိတ်ထဲက ထားတတ်ရင်လည်း ဒါကုသိုလ်ပါပဲ။ မီးငယ်တို့က လူငယ်တွေပဲလေ မတ်တပ်ရပ်စီးလိုက်လို့ ဒုက္ခရောက်သွားတာမှ မဟုတ်တာ။ ဒါကတော့ လမ်းသွားရင်း ယူတဲ့ကုသိုလ်ပေါ့..ကိုကြီးရယ်။"

ဝိတိုရိယကလေးများပြုစုစောင့်ရှောက်ရေးပဟိတဂေဟာ (Victoria Childcare Center-VCC)
အမှတ် ၇၁၉၊ နှင်းဆီလမ်း (ရုပ်ရှင်ရုံမှတ်တိုင်)
မြို့မတိုးချဲ့ ၈/၂
လှည်းကူးမြို့နယ်
Phone : 095178152
Email : info@vccmyanmar.org, vcc2003@gmail.com
Website: www.vccmyanmar.org
(ယခုအချိန်တွင် ကလေးများအတွက် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာများလိုအပ်နေပါသဖြင့် အသင်လည်း ကုသိုလ်ပြု ပါဝင်နိုင်ကျပါစေ။)

7 comments:

မီးမီးငယ် said...

အမှန်ဘဲ
အလှူကြီးကြီးလှူမှ အလှူဖြစ်တာမဟုတ်ပါဘူး ။ တတ်နိုင်သလောက်လှူလဲအလှူပါဘဲ။ စိတ်ထားတတ်ရင်ရပါတယ်။

ခံစားမှုအသစ်နဲ့ လာရောက်ဖတ်သွားပါတယ်။
အိမ်သစ်လေးကိုလာလည်လို့ လဲကျေးဇူးအရမ်းတင်ပါတယ်ရှင်။

GreenGirl said...

စိတ်ထားတ်ာရင် မြတ်ပါတယ် မောင်လေးရေ :)

အိပ်မက်နိဒါန်း said...

ပိုစ့်ကောင်းလေးတစ်ပုဒ်ကိုဖတ်သွားပါတယ်..

Dream said...

လမ်းသွားရင်းရတဲ့ကုသိုလ် ဆိုတာ ဒါလည်း တခု အပါအ၀င်ပေါ့ရှင်.... သာဓုခေါ်ပါတယ်။ အခါ အခွင့်သင့်ရင်တော့ ကျောင်းမှာ စေသနာ့ ၀န်ထမ်း ဆရာမလုပ် ဖို့ စိတ်ကူးထားပါတယ်။ အခုလို ဖော်ပြပေးတာ ကျေးဇူးနော်.... နောင်တချိန်မှာ သွားရောက် ကုသိုလ်ပြု ယူပါဦးမယ်...

ဖြိုးငယ် said...

သာဓုဗျာ ... သာဓု .. သာဓု .. မည်သည့် မြင့်မြတ်သည့် အလှူတိုင်းအတွက်မဆို သာဓု ခေါ်ပါတယ်ဗျာ ..

အလင်းရောင် said...

သာဓုခေါ်တယ်ဗျာ.... အကိုစာအရေးအသားကတော့ တော်တော်ကောင်းတယ်ဗျာ။ အတုယူပါတယ်။ အမြဲတမ်းလည်း လာရောက်ဖတ်ရှုနေပါတယ်။ အားပေးပါတယ်အကို။

ကော်ဖီ နှင့် မှတ်စု said...

လမ်းသွားရင်း ကုသိုလ်ပေါ့..ကောင်းပါတယ်။

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us