တာဝန်ကျရာ တပ်စခန်းသို့ ရောက်ရှိလာချိန်တွင် ယခင်အချိန်တွေတုန်းကလို တာဝန်က မသေးတော့။ မိမိကိုပေးအပ်ထားသော တာဝန်ဝတ္တရားများက မိမိတို့ကို ပေးအပ်ထားသော ရာထူးအလိုက် ကြီးမားလှသည်။ စရောက်လို့ဖြင့် မကြာသေး ဋ္ဌာနချုပ်ကို စာရင်းများတင်ရန်ကိစ္စကပေါ်လာသည်။ တော်သေးသည် မပြောင်းလာခင်ဝယ်ခဲ့သော Note Book လေးက အသုံးတော့ကျသား။ စာရင်းအင်းများကို ရုံးတွင်ရော မိမိအဆောင်ပြန်ရောက်ချိန်များတွင်ပါ ပြုလုပ်နေရသည်။ ရုံးတက်ရုံးဆင်းကို ကွန်ပျူတာလေးဖြင့် စတိုင်လိုလို မလိုင်လိုလိုဖြင့်…
ကြာကြာပင် မလိုင် မကျနိုင်လိုက်ပါ… လုံခြုံရေးစခန်းစစ် ထွက်ရမည့်အရေးက ပေါ်လာပြန်သည်။ Equipment များကို ပြင်ဆင်ရင်း စိတ်ဓါတ်တော်တော်ကျလာသည်။ ဋ္ဌာနချုပ်က ကိစ္စကလည်း တစ်ပတ်အတွင်း ပြီးစီးရမည်။ လုံခြုံရေးဆိုပေမည့်လည်း အနည်းဆုံတော့ လေးငါးရက်အသာလေး။ နောက်ဆုံးစဉ်းစားမရသည့်အဆုံး ကျောပိုးအိတ်အတွင်းသို့ Note Book မဟာကို သွတ်သွင်းရတော့သည်။ တော်သေးသည် ရာသီဥတုက ကိုယ့်ဖက်ရှိပြီး ဆောင်းတွင်းဖြစ်နေသောကြောင့်သာ မဟုတ်လို့ကတော့ တိုင်ပတ်ဖွယ်ကိစ္စ။ မိမိအဖြစ်ကိုလည်း မိမိကြိတ်ရယ်မိသည်။ သေနတ်မလွယ်ရဘဲ Note Book လွယ်ကာ လုံခြုံရေးစခန်းစစ် လိုက်ရမည် ဆိုတော့လည်း ခေတ်သစ် အိုင်တီစစ်သည်ပေါ့။ စိုင်းဆိုင်မောလ်သီချင်းလေးဖြစ်တဲ့ တောင်ပြာတန်းကသိတယ်သီချင်းကို ညီးရင်း Equipment များကို ပြင်ဆင်နေကာ CQကြီးအလာကို စောင့်နေလိုက်သည်။
သိပ်မကြာခင်အချိန်တွင် အဆောင်ရှေ့သို့ ဆိုင်ကယ်ထိုးရပ်သံကို ကြားလိုက်ပြီး CQကြီး သတင်းလာပို့လေသည်။
“အားလုံးအဆင်သင့် ဖြစ်ပါပြီ xxxxx”
ကျွန်တော်လည်း ကျောပိုးအိတ်ကို ကောက်လွယ်ကာ အဆောင်ရှေ့သို့ထွက်လာခဲ့သည်။
“ကဲ ကျွန်တော့်ကို ရုံးမှာချ ပြီးတော့ဆရာကြီးတို့ဆိုင်ကယ်တွေ ပြန်ထားလိုက် တပ်ရင်းမှူးကို သတင်းပို့ပြီး ရုံးကစောင့်နေမယ်။ သတင်းလာပို့တာတောင် ဆရာကြီးတို့က ဆိုင်ကယ်တွေ ယူလာသေးတယ်ဗျာ။ ပြန်ထားတာနဲ့ ဘာနဲ့ အချိန်က နှောင့်နှေးတော့မယ်။”
တပ်ရင်းရုံးရောက်တော့လည်း အမြောက်တပ်သားကလည်း ဆိုင်ကယ်တစ်စီးနှင့် ရောက်နှင့်နေသည်။ ကျွန်တော်လည်း တပ်ရင်းမှူးကို သတင်းပို့ပြီး ပြန်ထွက်လာခဲ့ချိန်သည့်တိုင် ဆိုင်ကယ်နှစ်စီးက ရှိမြဲသာ။
“ဟ… ဆရာကြီး ကျွန်တော်ပြောထားတာတောင် ဘာလို့ပြန်မထားသေးတာလည်း”
“xxxxx စခန်းတွေက ဝေးတယ်။ သွားရေးလာရေးက ခြေကျင်ဆို ရက်ကြာမယ်။ ဒါ့ကြောင့် xxxxx လည်း သွားရတာ အဆင်ပြေအောင် ဆိုင်ကယ်နဲ့ သွားဖို့် xxxxx ကို သတင်းပို့ မလို့ပါ။”
ကျွန်တော်လည်း ကြိတ်ပြုံးမိသည်။ မိမိအတွက် ကျောမှာလွယ်ထားသော ကိုယ်တော် Note Book ကြီးက ကောင်းပေစွ၊ ကောင်းပေစွဟု ထောက်ခံနေသလိုလို။ မတတ်သာသည့်အဆုံး ဆိုင်ကယ်ကိုခွ ရတော့သည်။ CQ ကြီးက ဆိုင်ကယ်တစ်စီး။ အမြောက်တပ်သားနှင့် မိမိကတစ်စီး။ စိန်ပြောင်းကြီးကို မိမိနှင့် အမြောက်တပ်သားကြား ချပြီး ညှပ်ကာ လုံခြုံရေးစခန်းစစ်ထွက်ခဲ့ရသော ခေတ်သစ်အိုင်တီစစ်သည်လေး ကျွန်တော့်အဖြစ်ကို ပြန်တွေးမိတိုင်း ပြုံးမိပါသည်။

6 comments:
Note Book ယူသွားတာတော့ဟုတ်ပါပြီ
အဲမှာ မီးမရှိရင် ဘယ်လိုလုပ်မလဲ
အကြာဆုံးခံလှ ဘထ္တရီက ၂နာရီနီးနီးလေ
း)
တယ်လည်း ဟန်ကျတဲ့ ခေတ်သစ်အိုင်တီစစ်သည်လေး ပဲ :-P
ဟတ်ဟတ်..ဖြစ်ပုံ .. ဖြစ်ပုံ.. :P :P
NoteBook ကြီးယူသွားပြီး မီးရောရရဲ့လား..အကို..
ဟုတ်လှချည်လား ကိုယ့်လူ .. တကယ့်ကို အိုင်တီစစ်သည်ပါပဲဗျာ ..
ဟတ် ဟတ်...
သဘောကျတယ်...။ ပြန်ရင်တော့ ဘီလို ဖြစ်မည်မသိ ..။
Post a Comment