Saturday, April 18, 2009

+ မီးသတ်သမားလေးတစ်ဖြစ်လည်း တပ်မတော်သား


နွေရာသီပူပြင်းမှုက ရက်စက်မှုများစွာဖြင့် ပူပြင်းနေသည်။ လေပွေများသယ်ဆောင်မှုကြောင့် အဆောင်ရှေ့မြေတလင်းတွင်လည်း သစ်ရွက်ခြောက်များ ဘယ်ညာယိမ်းနွဲ့ကာ ရွေ့လျားနေကြသည်။ ရေရှားသော ဒေသဖြစ်သောကြောင့် သစ်ပင်ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်းကရှားသည်။ မြက်ခြောက်ပင်များသာ များပြားစွာ ပေါက်ရောက်မှုကြောင့် တိုက်သောလေတိုင်းတွင်လည်း ဖုန်လုံးများက တဖွေးဖွေး။ ဖန်ဝါနေမင်းကလည်း ပါဝါကုန်အောင် အပူချိန်ကို မြင့်တင်နေသလားထင်ရလောက်အောင် ခန္ဓာကိုယ်တွင်းမှ ချွေးများအင်္ကျီရွှဲအောင် စိုလေပြီ။ မတတ်သာသည့်အဆုံး ကိုယ်ပေါ်မှ ယူနီဖောင်းကို ခွာရသည်။ ချွေးတိတ်စေရန် ယပ်တောင်အားကိုးဖြင့် နွေဂိမာန်ကို အံတုကာနေလိုက်သည်။ အဆောင်ရှေ့မှ မိမိနာမည်ခေါ်သံကြားသဖြင့် ထွက်လာစဉ် ကိုယ့်ကိုယ်ကို မြင်ယောင်မိသည် ယပ်တောင် တဖျတ်ဖျတ်ဖြင့် ကျိကုံးလိုလို ဘာလိုလို။

“ဗိုလ်ကြီး… အောက်ဖက်ရာဘာခြံတွေမှာ မီးလောင်နေလို့ ဗိုလ်မှူး ခေါ်ခိုင်းလိုက်ပါတယ်။ “

ကျွန်တော် ခေါင်းနားပန်းတော်တော်ကြီးသွားသည်။ အောက်ရာဘာခြံများနှင့် ကျွန်တော်တို့တပ်ရင်းက သိပ်မနီးသော်လည်း သိပ်မဝေးလှ။ ပိုဆိုးသည်က နွေရာသီလေပွေများကြားတွင် လောင်သော တောမီး။ ချက်ချင်းဆိုသလို ကုတင်ပေါ်တွင် လွှားထားသော တီရှပ်တစ်ထည်ကို ကောက်စွပ်၊ ဦးထုပ်ဆောင်း၍ ဆိုင်ကယ်ကိုဆွဲကာ တပ်ရင်းရုံးသို့ အသောနှင်ရသည်။ ဗိုလ်မှူးမှာကြားသည့်အတိုင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ရန် ကင်မရာကို အဆောင်တွင် ပြန်ဝင်ယူ တပ်စုတစ်စုကို မီးလောင်ရာသို့ ချက်ချင်းလွှတ်ပြီး မိမိနှင့် ရဲဘော်နှစ်ယောက်က မီးလောင်ရာသို့ ဆိုင်ကယ်ဖြင့် လိုက်လာခဲ့ကြသည်။ မီးတောက်က တော်တော်ကြီးသည်။ တောမရှင်းထားသော ခြံကွက်တစ်ခုကို လောင်မြိုက်နေသောကြောင့် မီးတောက်အားက ကောင်းပြီး မီးလောင်ရာလေပင့်ဆိုသကဲ့သို့ လေပွေအပင့်ကြောင့် မီးက ဘယ်ညာယိမ်းကာ မီးပွားများကျပြီး ဘယ်ရွေ့ဘယ်က စသတ်ရမည် မသိအောင်။ မီးငြိမ်းသတ်သော ရဲဘော်များလည်း မီးပွားများ ကိုယ်ပေါ်မကျအောင် မီးလွတ်ရာသို့ ပြေးကြရသည်။ မီးလောင်မှုက တပ်နှင့် ဆန့်ကျင်ဖက်လားရာသို့ ပြောင်းပြန်လောင်လေပြန်သည်။ ကျွန်တော်လည်း ဓါတ်ပုံတစ်ပုံနှစ်ပုံသာမှတ်တမ်းတင်ပြီး ဆိုင်ကယ်ကို မီးလွတ်ရာသို့ထားကာ မီးမကူးသေးသော တဖက်ကပ်ရပ်သီဟိုခြံဆီသို့ သွားကာ အခြားရဲဘော်များနှင့်အတူ မီးဖြတ်အောင် တောကိုရှင်းရသည်။ အခြားခြံများမှ ခြံအလုပ်သမားများကလည်း မီးလမ်းကြောင်းဖြတ်အောင် မြက်ခြောက်များကို ခုတ်နေသောကြောင့် ကျွန်တော်လည်း နီးစပ်ရာ သစ်ရွက်စိမ်းပင်များကို စုကိုင်ကာ မီးတောက်များကို လိုက်သတ်ရသည်။ ရေရှားသော ဒေသဖြစ်သောကြောင့် ရေကိုလည်း အလွယ်တကူမရနိုင်။ ကျွန်တော့်ရဲဘော်များက တောစီးဖိနပ်များဝတ်ဆင်ထားသဖြင့် မီးလောင်ထားပြီးသား မြေပြင်ကို လွယ်လွယ်ကူကူနင်းနိုင်ကာ လောင်ကျွမ်းမှု အတွင်းထဲသို့ ၀င်သတ်နိုင်သေးသည်။ အခြားအလုပ်သမားများက ရိုးရိုးဖိနပ်များကိုသာ ၀တ်ဆင်ထားသောကြောင့် မြေပြင်ပြာပူဒဏ်ကို ကြာကြာမခံနိုင်။

"ဆရာကြီး .. သတိထားအုံး။ လောင်နေတာက ၀ါးတွေ။ ပေါက်ထွက်တဲ့ မီးစတွေကို သတိထားဗျ။ မီးဟပ်မယ် နောက်နည်းနည်းဆုတ်။"

ကျွန်တော်စီးလာသည့်ဖိနပ်ကလည်း ချစ်သူလေးဝယ်ဆင်ထားသော ကတ္တီပါဖိနပ်အပြာလေး။ ဖုံတွေ ပြာတွေကြားမှာ လုံးပါး ပါးလေပြီ။ မီးလောင်မှု၏ မြေပြင်အပူရှိန်ကြောင့် အတွင်းသို့ မတိုးနိုင်ဘဲ မိမိရဲဘော်များကို နောက်မှ သတိပေးရသည်။ ဆရာကြီးတို့က ဇောနှင့် မီးသတ်နေသောကြောင့် မီးကွင်းအလယ်သို့ တိုးတိုးဝင်နေသကဲ့သို့ ဖြစ်နေပြီ။ မီးက အပြန့်လိုက် လောင်သောကြောင့် တော်တော်နှင့် မပြီးနိုင်။ သီဟိုခြံစပ်မှ ဖုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးလည်း မနေသာတော့။ သင်းပိုင်ကိုသာရုံပြီး မီးဝင်သတ်လေသည်။ လောင်ကျွမ်းချိန်တစ်နာရီစွန်းစွန်းတွင် စတင်လောက်ကျွမ်းသော နေရာ၏ သုံးဧကစွန်းစွန်းလောက်အရောက်တွင် မီးတောက်ကျိုးကာ မီးသေလေပြီ။ လောင်ကျွမ်းသောနေရာဒေသနှင့် မြို့ကလည်း အလျှမ်းတော်တော်ဝေးသောကြောင့် မီးသတ်ကားလည်း မလာနိုင်။ နောက်ဆုံးတွင်တော့ ရဟန်းရှင်လူအများနှင့် ရဲဘော်ရဲဖက်များ ကောင်းမှုဖြင့် မီးညွန့်ကြိုးလေသည်။ ရာသီဥတုပူပြင်းမှုကို လွန်ခဲ့သော နာရီပိုင်းခန့်က စာဖွဲ့ခဲ့သော ကျွန်တော်ပင်လျှင် စာမဖွဲ့နိုင်တော့ချေ။ မီးဟပ်ထားသော ခြေလက်များနှင့် ပြာပူနင်းထားသော ခြေထောက်များကို တစ်ချက်ကြည့်ကာ မီးလောင်ထားပြီးသား မြေပြင်ကြီးကို ကြည့်ပြီး သက်ပြင်းတစ်ချက်သာ ချနိုင်သည်။ ရဲဘော်များကိုကြည့်ပြီးလည်း စိတ်မကောင်းမိ။ ရဲဘော်အချို့၏ ယူနီဖောင်းများလည်း သစ်ငုတ်များနှင့် ငြိသောကြောင့် ပြဲရွဲကုန်ပြီ။ အချို့လည်း မီးပွားများစင်သောကြောင့် ပေါက်ကုန်ပြီ။ မိမိယူနီဖောင်းဘောင်းဘီလည်း ရစရာမရှိ။ အနားများ စုတ်ပြတ်ကုန်သည်။

မီးငြိမ်းသတ်ပြီး လမ်းမဖက်သို့ ပြန်ထွက်လာချိန်တွင် အချိန်မီမီးငြိမ်းသတ်နိုင်၍ မီးလွတ်ကင်းသွားသော ခြံများမှ လူများ၏ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာများကို မြင်ရချိန်တွင် ပင်ပန်းခဲ့သမျှသည် နွေဂိမာန်ချိန်တွင် မိုးပြေးလေလေးတိုက်ခတ်သကဲ့သို့ ခံစားလိုက်ရမိသည့် ကျွန်တော့်၏ တပ်မတော်သားတစ်ယောက်၏ မီးသတ်သမားဖြစ်စဉ်မှတ်တမ်းလေးကို တင်ပြလိုက်ပါသည်။


3 comments:

ဖြိုးငယ် said...

ဟုတ်တယ်ဗျို့ .. ကျုပ်တို့နိုင်ငံအတွက် နွေရာသီ ရောက်လာတာနဲ့အမျှ ကြောက်ရတာက မီးပဲဗျို့ ..

Dream said...

မီးဘေးရှောင် မလောင်ခင် တားကြပါ... ရန်သူဆိုတဲ့မီး.. ကြွင်းကျန်မရှိအောင်.. အမြဲဂရုပြုပါ... . ဟဲဟဲ... မီးသတိပြု.. သီချင်းလာဆိုတာ.. :P

( ဦးဦးအာမီ.. ၁။ဖုန်းကြီးကျောင်းမှ မဟုတ်ဘူးလေ.. ဘုန်းကြီးကျောင်းမှလေ...
၂။ အလျှမ်းတော်တော်ဝေး မဟုတ်ဘူးလေ.. အလှမ်းတော်တော်ဝေးလေ.. )
ခင်လို့စာကိုသေသေချာချာ ဖတ်တာပါ.. ဖတ်လို့ သိရတာပါ... အဟဲ.. ဆရာလုပ်တာ မဟုတ်ဘူးနော်... မက်မက်ကို တမျိုးမထင်နဲ့ ဦး..နော်... :)

ဟင့်.. မက်မက်ကိုကျတော့ ဘယ်သူမှလည်း အမှားလာထောက်ပေးမဲ့သူလည်း မရှိဘူး.. ငိုချင်တယ်..:(

ကိုရင်ညိန်း said...

တော်သေးတာပေါ့ မီးပဲသတ်ခဲ့ရလို့
ကျွန်တော်ဆို ရထားပေါ်မှာ ကုန်ထမ်းသမားလုပ်ခဲ့ရတာ
ယူနီဖောင်းကြီး တစ်ကားကားနဲ့ ။ ပြီးတော့မှသိတယ်
ကျွန်တော် ထမ်းပေးလိုက်ရတာက မှောင်ခို ကုန်တွေ ။
အဟေးဟေး ။ နောက်ဆုံး ရိုးရိုးတန်းက စီးလာရတဲ့ ခုံနေရာလေးပါ အဆစ်ပေးပြီး နောက်မှီပေါ်ကပဲ လိုက်ခဲ့ရသေးသဗျို့ .. အဟေးဟေး

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us