
မိုးတွေက မရပ်မနားကို ရွာနေလေပြီ။ တောတစ်ခုလုံးကလည်း ညို့မှိုင်းမှိုင်းဖြင့် သစ်ပင်ဝါးပင်များ လေအဝှေ့တွင် ရိုက်ခတ်သံများနှင့် တောင်တန်းများသည် မိုးစက်မိုးပေါက်များအောက်တွင် အိပ်စက်နေလေသည်။ လူနာများဆီမှ ညီးသံသဲ့သဲ့ကြားတိုင်း ရင်တွင်းကို ဆောက်နှင့်ထွင်းသလိုခံစားရသည်။ မိမိလည်း ဒီထက်ပို၍ လူနာများသက်သာစေချင်အလို့ငှာ မတတ်သာချေ။ တောင်ဆင်းလမ်းကို မိုးရေများကြားမှ သတိထားဆင်းကာ လူနာများကို ထမ်းလာသော မိမိရဲဘော်များကိုလည်း ဂရုဏာသက်မိသည်။ မနေ့ကဖြစ်ပွားသွားသော တိုက်ပွဲကြောင့် ဒဏ်ရာရလူနာများကို ရန်ကုန်သို့ပြန်ပို့ရန်တာဝန်ကို ကျွန်တော်တာဝန်ယူရသည်။ မိမိချစ်သူကို တွေ့ခွင့်ရမည်ဟု ၀မ်းသာမိသော်လည်း ယခုကဲ့သို့လူနာပို့ဖြင့် ပြန်ရမည်ကိုဖြင့် စိတ်မသက်သာ...
တပ်စုတစ်စုနှင့်အတူတောင်ငူသို့ပြန်ဆင်းလာသော လမ်းတစ်လျှောက်တွင်လည်း မိုင်းများကို ထပ်မံမနင်းမိစေရန် သတိထား သွားနေရသည်။ ကျွန်တော်တို့တပ်မတော်သားများသည် မွေးဖွားလာသော အမိကျောင်းတော်များသာကွာခြားကြပြီး ရှေ့တန်းစစ်မြေပြင်တွင် တအူတုံဆင်း ညီအစ်ကိုရင်းခြာများကဲ့သို့ ချစ်ခင်ကြသည်။ ယခုလည်း စစ်ကြောင်းတွင်လိုက်ပါလာသော ၄၉မှ ညီငယ်က သူ့အသက်ကိုပင် ပဓာနမထားပဲ ကျွန်တော်တို့ ဆေးတပ်သားများကို စိတ်ပူနေပြန်သည်။
"ဆေးဗိုလ်ကြီး...စိတ်မပူနဲ့ဗျာ။ ညီ..လျှောက်တဲ့ခြေလှမ်းနောက်ကသာလိုက်။ ဆေးဗိုလ်ကြီးတို့တစ်ခုခုဖြစ်ရင် ကျွန်တော်တို့တွေ မကုတတ်ဘူးဗျ"
အသက်အားဖြင့် ကျွန်တော့်ညီငယ်လောက်သာရှိသော ကောင်လေးက အားပေးစကားပြောပုံမှာ ချစ်စရာကောင်းပါသည်။ ကျွန်တော်လည်း သူ့နောက်မှ ထပ်ချပ်မခွာလိုက်ရင်း တစ်နေရာအရောက်တွင်..
"ဆေးဗိုလ်ကြီး... ကျွန်တော်ဆီးသွားချင်လို့။ ဒီဖက်သွားတာ။ ဆေးဗိုလ်ကြီးရော သွားမလို့လား"
ကျွန်တော်လည်း ၄င်းက ထပ်ချပ်မခွာလိုက်ဟုဆိုသောကြောင့် သူ့ခြေလှမ်းများကို နင်းခဲ့သည်ကို အရှက်ပြေလေးဖြင့်..
"အေးကွာ..ငါလည်း မိုးအေးတော့ သွားချင်လာသလားလို့ကွ"
နောက်ဆုံးတွင် မရှိ ရှိတာကို ဖြစ်ညစ်ပေါက်ခဲ့ရသည်။
မိုးများကလည်း သည်းထန်စွာရွာသွန်းသောကြောင့် လူနာများလည်း မသက်သာလှ။ စိတ်မကောင်းစရာဖြစ်ရသည်ကား ငှက်ဖျားပိုးဦးနှောက်ထဲရောက်သွားသော လူနာစစ်သည်တစ်ဦးသည် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း လမ်းခုလတ်တွင်ပင် အသက်ဆုံးရလေသည်။ ကျန်ဒဏ်ရာရစစ်သည်များကိုလည်း သတိထားရသည်။ မိုးရွာလွန်းသောကြောင့် မိုင်းထိထားသောနေရာမှ အသားများပုပ်လိုက်မလာစေရန်လည်း ကြည့်ရှုရသည်။ သုံးရက်လောက် လမ်းလျှောက်လာပြီးချိန်တွင် မိမိကိုယ်တိုင်ပင် ခွေယိုင်ယိုင်ဖြစ်နေသည်။ မြေသားများကလည်း မိုးရွာလွန်းသောကြောင့် ပျော့လာကာ တောင်စောင်းတိုင်းကို သတိထားဆင်းနေရချိန်တွင် ခြေထောက်ထိပ်များက နာကျင်စပြုလာသည်။ လေးရက်မြောက်နေ့တွင် ကျွန်တော်တို့ တောင်ငူမြို့ကို ရောက်ရှိလာခဲ့ပြီ။ လူက နားချင်သော်လည်း မနားနိုင်။ လူနာများကို မှီရာရထားဖြင့် ချက်ချင်းတင်ပြေးရန်အတွက် ဘူတာတွင် စီစဉ်စရာများကို စီစဉ်ရသည်။ ညီဖြစ်သူကတော့ နားနေရန်ပြောသော်လည်း လူနာများမျက်နှာကို ကြည့်ပြီး မနားရက်။ ရထားတစ်စီးရသည်နှင့် လူနာများကို သွေးချိန် အခြေအနေကောင်းတော့မှ ကျောမှ ကျောပိုးအိတ်ကိုချကာ ခြေပစ်လက်ပစ်ထိုင်နိုင်တော့သည်။ တခဏမျှနားကာ သူငယ်ချင်းများနှင့် မိခင်ထံသို့ဖုန်းဆက်ကာ ပြန်လာမည့်အကြောင်းကို သတင်းပို့ရသေးသည်။
တရွေ့ရွေ့ဖြင့် ရွေးလျားလာသော ရထားတွဲရှည်ကြီးများ ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ချိန်တွင် လူနာများအခြေအနေကလည်း ထပ်မံဆိုးရွားလာခြင်းကို မတွေ့ရတော့သောကြောင့် ရင်အေးရတော့သည်။ ဘူတာတွင် လာကြိုနေသော သူငယ်ချင်းများကလည်း ကျွန်တော့်ရုပ်သွင်ကိုကြည့်ကာ စိတ်မကောင်းကြ။ သို့သော်လည်း မည်သည့်စကားတစ်ခွန်းမျှမဆိုပဲ အိတ်များကိုသာ သယ်သွားကြသည်။ ကားကူရှင်ကိုမှီရင်း အိပ်ပျော်သွားလိုက်တာ ကားကလေးသိပ်ကနဲ ရပ်ချိန်တွင် ကားမှန်ပြတင်းမှ မိခင်မျက်နှာကို မြင်ရလျှင်ပင် ၀မ်းနည်းဝမ်းသာဖြစ်ကာ ကားပြင်သို့ထွက်၍ မိခင်ကို သိုင်းဖက်မိသည်။ မေမေကလည်း ကျွန်တော့်ပုံပန်းသဏ္ဍာန်ကိုကြည့်ကာ မျက်ရည်ပေါက်ကြီးငယ်ကျလေတော့သည်။
"မေမေရယ်..ဘာလို့များ ငိုတာလည်းဗျာ။ ကျွန်တော်ဘာမှ မဖြစ်ပဲပြန်လာတာပဲဗျာ "
မိခင်ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးရင်း မိခင်၏အေးမြသောရင်ခွင်ကို ကျွန်တော်တစ်ပတ်တိတိပြန်လည်ခိုလှုံခွင့်ပေးသော ကံတရားကြီးကို ကျေးဇူးတင်လိုက်မိသည်။
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…
(29th May, 2009) ဒီနေ့လေးသည် ကျွန်တော်တို့အတွက် ရင်ခုန်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါသည်။ မနက်မိုးလင်းကတည်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ အောင်စာရင်းစောင့်နေရသော ကျောင်းသားလိုလို။ ရုံးရောက်ကတည်းက အပတ်စဉ်တူခြင်း လှမ်းကြည့်သည့် အကြည့်လေးတွေကလည်း စိုးရိမ်စိတ်က တွဲလဲခိုနေကြသည်။
နေ့လည်ထမင်းစားချိန်ထိ လူက စားလို့မ၀င်။ နင်တင်တင်.. ထမင်းတစ်လုတ် ရေတမုတ်ဖြင့်သာ မြိုချပြီး အဆုံးသတ်လိုက်သည်။ လုပ်ကိုင်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ပြီး ညနေလေးနာရီတွင် ဖုန်းများက ၀င်လာပါပြီ။ မင်းဘယ်ရောက်လည်း.. ငါဘယ်ရောက်တယ် စသည်ဖြင့်။ ကျွန်တော့်သတင်းကတော့ တစိုးတစမှ မကြားရသေး။ ပိုဆိုးသည်က မိမိနှင့် အမည်တူကလည်း အပတ်စဉ်တူရှိသေးသည်။
ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေပြီ..
မပါခြင်းလော။ မသိသေးခြင်းလော။ မနက်ဖြန်တွင် တပ်ကို စာရောက်မည်ဖြစ်သော်လည်း ရင်ထဲမှာက စိုင်းစိုင်းခမ်းလှိုင်လို ဗလောင်ဆူတဲ့ရင်ဖြစ်နေပြီ။ ညနေငါးနာရီခွဲလောက်တွင် အတိအကျသိရပါပြီ။ ကျွန်တော်ပြောင်းရမည့်တပ်က မိခင်ကြီးနှင့် နီးသော ဒေသလေးတစ်ခုဖြစ်၍ ၀မ်းသာမိသည်။ ပိုဝမ်းသာမိခြင်းက အမေ့နားနီးနီးနေပါက မိန်းမပေးစားတော့မည်ဆိုသည်မှာ လက်ခတ်မလွဲ..
သြ.. လူပျိုကြီးဘ၀ ကျွတ်ရချီသေး။
သို့ပေသော်ငြားလည်း မိမိ၏ ညီအစ်ကိုရင်းခြာပမာ ချစ်ခင်ရင်းနှီးစွာနေထိုင်ခဲ့ကြသော ဗိုလ်လောင်းဘ၀ကတည်းက သေအတူရှင်မကွာ သူငယ်ချင်းအချို့လည်း အပြောင်းအရွှေ့မပါသူ၊ စစ်မြေပြင်တွင် နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်ကာ တာဝန်ထမ်းဆောင်သွားကြသူနှင့် မိမိတို့ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပင် ပဓါနမထားပဲ စွန့်လွှတ်စွန့်စားတိုက်ခိုက်ခဲ့ကြသော သူငယ်ချင်းများအတွက် စိတ်မကောင်းဖြစ်မိရင်...။ ဒီနေ့လေးမှာ .. ငါတို့သူငယ်ချင်းတွေအတွက် မမေ့နိုင်တဲ့ ရက်စွဲလေးအဖြစ် မှတ်တမ်းတင်လိုက်ပါသည်။
ရတခ
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…

တပ်မှူးရှေ့တွင်ရပ်နေသော ကျွန်တော့ခြေအစုံသည် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ ကောက်ခါငင်ကာဖြင့် မည်သူမျှထင်မထားသော ရှေ့တန်းစစ်မြေပြင်ကို လူစားထိုး လိုက်ရမည်။ စစ်သားနှင့် စစ်ပွဲမဆန်းသော်လည်း ဆန်းနေတာက ကျွန်တော်။ အပတ်စဉ်တူ သူငယ်ချင်း တော်တော်များများက ကျောင်းများနှင့် တပ်ဆွယ်ဆေးရုံများတွင်သာ တာဝန်ကျနေချိန်.. ကျွန်တော်တစ်ကောင်ကတော့ ချွန်ပြီး ရှေ့တန်းပါသည်။ ပါသည့်နေရာကလည်း သတင်းမွှေးသည် ဘော်ဂလိ။
မဟာတန်းဝင်ခွင့်စာမေးပွဲသည်လည်း နှစ်ကုန်တွင်ရှိသောကြောင့် သူသူငှာငှာ အပတ်တကုတ်ကြိုးစား စာကျက်နေချိန်တွင် ကျွန်တော့်အဖြစ်က….
စစ်သားတို့မည်သည် အမိန့်တာဝန်ကို လိုက်နာရမည်။ No Excuse.. No Complaint တပ်မှူးရုံးခန်းက ပြန်ထွက်လာကတည်းက သူငယ်ချင်းတစ်ချို့ဆီကို ဖုန်းဆက်ပြီး အကြောင်းကြား။ ဆေးရုံမှလည်း စောစောပြန်လာခဲ့လိုက်သည်။ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်.. ၀ယ်စရာများရှိနေပြန်တော့လည်း မင်္ဂလာဒုံဈေးကိုပြေး။ ဈေးကအထွက် အမိကျောင်းတော်ကြီးကို ကြည့်မိရင်း သက်ပြင်းချမိသည်။ အင်း.. နောက်သုံးလေးလကုန်လို့ အမိကျောင်းတော်ကြီးရင်ခွင်ကို နားခိုရမလား။ မီးပွိုင့်သာခြားသော ငြိမ်းအေးကိုရောက်မလား။
ပစ္စည်းပစ္စယထုပ်ပိုးပြီးချိန်တွင် နံရံမှ နာရီကိုကြည့်လိုက်တော့ အချိန်က ညကိုးနာရီခွဲ။ တဆက်တည်းမှာပင် အိမ်ရှေ့လူခေါ်ခေါင်းလောင်းက မြည်လာသည်။ တံခါးဝတွင် ကျွန်တော်၏ အချစ်ဆုံးငယ်သူငယ်ချင်းနှစ်ယောက်က သုံးဆယ့်နှစ်ကွတ်တာပေါ်အောင် ပြုံးပြနေသော အပြုံးနှစ်စုံ။ အကြောင်းကြားထားတာကတော့ ညနေပိုင်းက။ သူတို့လည်း ဆေးခန်းပိတ်ချိန်ပြီးမှသာ လာရောက်နှုတ်ဆက်နိုင်ကြသည်။ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် တစ်ဦးနှင့် တစ်ဦး စကားမဆိုပဲ နှုတ်ဆိတ်နေကြသည်။
"မင်းကွာ… အစကတည်းက ငါတို့တားထားရက်နဲ့ကွာ။ အခုတော့ ငါတို့သူငယ်ချင်းတွေ အားလုံးအဝေးကြီးတွေကို ရောက်တော့မယ်။ ဘယ်အချိန်ပြန်ဆုံမယ်ဆိုတာ မသိနိုင်သလို။ ဘယ်လိုပုံစံတွေ ပြန်ဆုံစည်းကြမယ်ဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။ မင်းသာ စစ်ဆေးထဲမ၀င်ခဲ့ရင် အခုလောက်ဆို ငါတို့သုံးယောက် ဂျမေးကားကို သွားဖို့ အေးအေးဆေးဆေး ပြင်ဆင်နေရုံပဲကွာ။ "
သူငယ်ချင်းစကားကို ကျွန်တော်ဘာမှ ပြန်မတုံ့ပြန်ချင်။ ကျွန်တော့်ရွေးချယ်မှုအတွက် ကျွန်တော့် မည်သည့်အခါကမှ နောင်တဆိုတာ မရခဲ့ပါ။ ငယ်ငယ်ကတည်းက စားအတူသွားအတူ သူငယ်ချင်းလေးယောက်သည် အထက်တန်းပညာများစုံပြီး မိမိတို့ဘ၀လမ်းကြောင်းအတွက် တက္ကသိုလ်များကို ရွေးချယ်ချိန်တွင် ကျွန်တော်သည် တပ်မတော်ဆေးတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါသည်။ ကျန်နှစ်ယောက်က အရပ်ဖက်ဆေးတက္ကသိုလ်ကို ရွေးချယ်ချိန်တွင် အခြားသော သူငယ်ချင်းတစ်ယောက်က တပ်မတော်နည်းပညာတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါသည်။ ကျောင်းသားဘ၀၊ ဗိုလ်လောင်းဘ၀များတွင် ပြောင်းလဲမှုများ မရှိခဲ့သော်လည်း အမိတက္ကသိုလ်ရင်ခွင်များမှ စွန့်ခွာချိန်တွင် ကျွန်တော်တို့ တပ်မတော်သားများက တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရန် ကျရာနေရာဒေသများကို သွားရောက်တာဝန်ထမ်းဆောင်ကြရသည်။ လက်ဖက်ရည်ဝိုင်းလေးသည် တိုက်ဆိတ်ကာ သူငယ်ချင်းသုံးဦးသား အတွေးကိုယ်စီဖြင့် မျောနေခဲ့ကြသည်။ နှုတ်ဆက်စကားဆိုကာ သူငယ်ချင်းများနှင့် ထိုညက စောစောလမ်းခွဲခဲ့သည်။
နောက်တနေ့တွင် တဆရ(၂)မှထွက်ခွာမည့်ကားအနီးသို့ သူငယ်ချင်းများရောက်လာချိန်တွင် ရင်ထဲတွင် ၀မ်းနည်းမှုက ပြောမပြနိုင်။ သူငယ်ချင်းလေးယောက်တွင် ကျွန်တော်က ရန်ကုန်မြေမှ ခွဲခွာပြီး နောက်တစ်လတွင် ဂျမေးကားသို့ထွက်ခွာကြတော့မည့် ဆရာဝန်သူငယ်ချင်းနှစ်ယောက်နှင့် ဘယ်သောအခါမှ ပြန်ဆုံကြမည်နည်း။ ရှေ့တန်းစစ်မြေပြင်ကိုရောက်နေသော အင်ဂျင်နီယာစစ်သည်သူငယ်ချင်းနှင့်လည်း အားလုံးပြန်ဆုံနိုင်ကြမလား မည်သူမှ မဟောနိုင်။ မပြောနိုင်။
ပုခုံးပေါ်ရောက်လာသော လက်တစ်စုံကြောင့် ကျွန်တော့်အတွေးတိုကလွင့်စင်သွားသည်။ လက်တစုံရောက်လာသော အသိနှင့်အတူ ပုခုံးပေါ်တွင် တပ်ဆင်ထားသော ကြယ်ပွင့်လေးများ၏ တာဝန်ဝတ္တရားများဆီသို့ အသိပြန်လည်ရောက်ရှိသွားသည်။
"သူငယ်ချင်း ကျော်စွာ.. မင်းရွေးချယ်ခဲ့မှုက မှားတယ်။ မှန်တယ်လို့မင်းကို ငါတို့ မပြောချင်တော့ပါဘူး။ ဒါပေမယ့်ကွာ.. ဖြစ်နိုင်ရင်တော့ မင်း ဒီအ၀န်းအ၀ိုင်းက ထွက်လာခဲ့ပြီး ငါတို့နောက်လိုက်ခဲ့ပါ။ မင်းအလုပ်ကြီးက ပင်ပန်းဆင်းရဲပြီး အသက်ကိုပါ အန္တရာယ်ရှိတယ်။"
ကျွန်တော့်သူငယ်ချင်း၏စေတနာကို နားလည်ပါသည်။ သို့သော်လည်း ပြုံးပြရုံလေးဖြင့်သာ …
"သူငယ်ချင်း ငါတို့ဆေးတပ်သားတွေက ပင်ပန်းဆင်းရဲကြတယ်ဆိုပေမယ့် ငါတို့ကိုယ်တိုင်ကိုယ်ကျ ပါဝင် မတိုက်ခိုက်နိုင်တဲ့ စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေသော တပ်မတော်သားတွေရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနေတဲ့သူတွေ။ ငါ့တာဝန်က အသက်ကို အန္တရာယ်ရှိချင်ရှိမယ်။ ဒါပေမယ့်ကွာ အသက်ကိုတောင် စွန့်လွှတ်ပြီးတိုက်ပွဲဝင်တဲ့သူတောင်ရှိတာ ငါတို့က ဘာလို့နောက်တန်းကနေ ရင်တုန်နေမလည်း။ တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေကို ကုသပေးရတာကို ငါ ဂုဏ်ယူမိတယ်ကွာ။ မင်းတို့နဲ့ တနေ့တော့ပြန်ဆုံမှာပါ။"
ယာဉ်တန်းကြီး တဆရ(၂)ကထွက်သည်အထိ မျက်စိတဆုံးတွင် ရပ်နေသေးသော သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း…
ငါတို့ဆေးတပ်မတော်သားတွေက ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ငါတို့အမိမြေအတွက် တတပ်တအား ပါဝင်နေကြသူတွေဆိုတာ မင်းတို့ တနေ့နားလည်ပေးနိုင်ကြပါစေ…
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…

“တူးပို့၊ တူးပို့” တေးသံများသည် မြန်မာတို့၏ ရိုးရာအတာသင်္ကြန်ပွဲတော်၏ သရုပ်ဖော်တေးသွားများ ပင်ဖြစ်သည်။ ရေဒီယိုလေးဆီမှ အတာသင်္ကြန်သီချင်းများကို လွှင့်ထုတ်နေလေပြီ…. သြ..မဟာသင်္ကြန်ပွဲတော်ကြီးတောင် နီးလာပြီကိုး.. ကျွန်တော်ရောက်ရှိနေသော နေရာလေးကတော့ သင်္ကြန်ပွဲတော်ရောက်၍ ရေလောင်းချင်လျှင်တောင် အလောင်းခံမည့်သူကို မနည်းရှာယူရမည့်နေရာလေး…။
နယ်ဒေသလေးတစ်ခု၏ ရထားလမ်းလုံခြုံရေးကို တာဝန်ယူနေရသော မနေ့တနေ့ကမှ ကျောင်းဆင်းလာသော ဗိုလ်ပေါက်စလေး ကျွန်တော်… သင်္ကြန်ဆိုတာကတော့ အများတကာလို ကားများဖြင့် မြို့တစ်ပတ် ရေပက်ခံထွက်ကြသည်ဆိုသည်မှာ ဗီဒီယိုဇာတ်လမ်းထဲတွင်သာ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့များခံစားပြ၍သာ ခံစားကြည့်ခဲ့ဘူးသည်။ အမိကျောင်းတော်ကြီးမှာတုန်းကတော့ ကျွန်တော်တို့ ဗိုလ်လောင်းများအတွက် မဏ္ဍပ်များဆောက်လုပ်ပေးပါ ဖျော်ဖြေမှုများဖြင့် မဟာသင်္ကြန်ပွဲတော်ကို သုံးနှစ်တိုင်တိုင် သူငယ်ချင်းများဖြင့် ပျော်ရွှင်မြူးတူးစွာ ဖြတ်သန်းခဲ့ကြရသေးသည်။ အမိကျောင်းတော်ရင်ခွင်မှ ထွက်ခွာပြီး မိမိ တာဝန်ကျရာ နေရာများသို့ ရောက်ရှိချိန်တွင်တော့ ကျွန်တော်တို့သည် လူငယ်လူရွယ်များပင် ဖြစ်သော်လည်း နိုင်ငံတော်ကပေးအပ်ထားသော တာဝန်သည် ကျွန်တော်တို့ ပုခုံးထက်တွင် ကပ်လျက်ပါခဲ့ပါပြီ။ သင်္ကြန်ဆိုတာလည်း အမိကျောင်းတော်တုံးက အပျော်ကိုသာ ပြန်စမြှုပ်ပြန်ရတော့မည့် အနေအထားသာ ဖြစ်သည်။
တေးသွားလေးတစ်ခုကြောင့် တွေးတောလိုက်သော အတွေးသည် အမိကျောင်းတော်ကြီးတွင် ပျော်ရွှင်ခဲ့ဘူးသော အတိတ်ကသင်္ကြန်ပုံရိပ်များဆီပါ ရောက်ရှိသွားကာ အနားသို့ ဆရာကြီးရောက်လာသော အခါ အတွေးတို့သည် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားလေသည်။
‘ဗိုလ်ကြီး.. ကြေးနန်းရောက်ပါတယ်။ နေရာအပြောင်းအလဲရှိပါတယ်။ ပစ္စည်းတွေသိမ်းဆည်းပြီး မနက်ဖြန်ညနေ နောက်ဆုံးထားပြီး တပ်မကို သတင်းပို့ရပါမယ်။’
ကံကြမ္မာကကောင်းချင်တာလားတော့ မသိ။ တပ်ပြန်ရမည်ဆိုရင်တော့ ရေငတ်တုန်းရေတွင်းတွေ့ ဆိုသလို သင်္ကြန်ငတ်တုံး သင်္ကြန်တွင်းလေး တပ်ပြန်ရလည်း မဆိုးချေ။ ထို့နောက် ပစ္စည်းများသိမ်းဆည်းပြီး နောက်ဆုံးရထားတစ်စီးကို စောင့်ကာ တပ်ရင်းသို့ ပြန်ချီတက်လာကြသည်။ ဆရာကြီးတွေကတောင် ကိုယ့်ထက် ခြေလှမ်းမြန်နေသယောင်ယောင်။ သားသမီး၊ ဇနီးမယားကို တွေ့ချင်တဲ့ ဇောလေးက ကိုယ့်သင်္ကြန်ပိုးထပ်တောင် အားကောင်းပ။ တပ်ရင်းရောက်ပြီး သတင်းပို့စရာရှိတာများကို ပို့ပြီး အဆောင်သို့ပြန်လာခဲ့သည်။ ကျွန်တော်တို့ လူပျိုဆောင်သွားရာလမ်းလေးသည် အိမ်ထောင်သည်လိုင်းခန်းများ နားလေးမှ ဖြတ်သွားရသည်။ ရုတ်တရက် ကျောဖက်မှ အေးကနဲဖြစ်သွား၍ လှည့်ကြည့်မိလိုက်ရာ…
“ဟားဟား… ဦးဦးကို သေနတ်မှန်သွားပြီ။ စိတ်ဆိုးရဘူးနော်… ဒါသင်္ကြန်ရေ..”
ကလေး လေးများသည် သင်္ကြန်မတိုင်ခင်ကပင် ရေပြွတ်ကို အသုံးချနေကြလေပြီ။ အင်း ဘာပဲပြောပြော သင်္ကြန်ရေဆိုတော့လည်း အေးမြပါသည်။
နောက်တစ်နေ့မနက်တွင် တန်းစီအပြီး ရင်းမှူးခေါ်၍ တပ်ရင်းရုံးကို လာခဲ့သည်။ တပ်ရင်းမှူးနှင့် တွေ့အပြီး တပ်ရင်းရုံးပြန်အထွက်တွင် လူက စိုင်းစိုင်းခမ်းလှိုင်သီချင်းလို… “ကျွန်တော်လေထဲ မြှောက်တက်သွားတာလား” ဆိုသကဲ့သို့ ပျော်ရွှင်မှု အဟုန်ကြောင့် ခြေထောက်တောင် မြေကြီးဖြင့် မထိတော့သယောင် ခံစားလိုက်ရသည်။ ရန်ကုန်မြို့မဟာသင်္ကြန်ပွဲတော် လုံခြုံရေးတဲ့ဗျ…….. သင်္ကြန်ပိုးလေးကျွန်တော် တစ်သက်တွင်တစ်ခါတောင် မကြုံဖူးသော မဟာသင်္ကြန်ပွဲတော်ကို မြင်ရတော့မည်။ အတွေးများဖြင့် အပျော်များဖြင့် ပစ္စည်းများထုပ်ပိုးရန် အဆောင်ဆီသို့ အပြေးတပိုင်းပြန်လာခဲ့မိသည်။
ကျွန်တော်တို့တပ်စုသည် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တက္ကသိုလ်များ ဓမ္မာရုံတွင် စခန်းချသည်။ ကျွန်တော့်ရင်အစုံသည် ဒိန်းတလိန်းနတ်ဝင်သလို တဒိန်းဒိန်းဖြစ် နေသည်။ ညအချိန်တွင်တောင် နာရီစက္ကန့်တံများ ရွေ့လျားးသံသည် နှေးကွေးသလို ခံစားနေရသည်။ မနက်ဖြန်ဆိုလျှင် ကျွန်တော်ရင်ခုန်ရသော မဟာသင်္ကြန်အကြိုနေ့သို့ရောက်ပါတော့မည်။ တစ်ညလုံး ကျွန်တော်ကောင်းကောင်အိပ်မရခဲ့။ မနက် ငါးနာရီတွင် equipment အပြည့်အစုံဖြင့် လုံခြုံရေးစောင့်ရမည့် နေရာကို ချီတက်ကြပါသည်။ နေရာလေးကတော့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင် အနောက်နားတွင်ဖြစ်သည်။ အင်းလျားလမ်းရှိ မဏ္ဍပ်များလုံခြုံရေးဖြစ်သည်။ ကုသိုလ်ကံကတော့ တော်တော်ကောင်းနေသည်ဆိုရမည် သင်္ကြန်ပိုးလေးကျွန်တော် မဏ္ဍပ်များရှေ့တည့်တည့်နေရာမှာမှ လုံခြုံရေးတာဝန်ကျသည်တဲ့။ ယခုချိန်တွင်တော့ မဏ္ဍပ်များအားလုံးသည် လှုပ်ရှားမှုများမရှိပဲ ငြိမ်သက်နေကြသည်။ ညနေပိုင်းတွင်သာ မဏ္ဍပ်အချို့ဖွင့်ပွဲများပြုလုပ်ကြသည်။
မဟာသင်္ကြန်အကျနေ့သို့ရောက်ပါပြီ။ ကျွန်တော့်ရှေ့တွင် မြင်နေရသော မဏ္ဍပ်သို့ အရွယ်စုံအရောင်စုံဖြင့် လူများတဖြည်းဖြည်းဖြင့် ရောက်ရှိလာကာ လှုပ်ရှားမှုလေးများဖြင့် မဏ္ဍပ်သည် အသက်ဝင်လာလေသည်။ ကျွန်တော်တို့နှင့် ရွယ်တူလောက်သာရှိလောက်သော လူငယ်လေးများကလည်း တေးသွားများဖြင့် မဏ္ဍပ်ပေါ်တွင် ပျော်ရွှင်မြူးတူးကာ ကခုန်နေကြသည်။ ရေပက်ခံကားများကလည်း လမ်းမတစ်လျှောက်ပြည့်ကျပ်ကာ အင်းလျားကန်ရေများကို အန်တုကာ ပျော်ရွှင်စွာရေပက်ခံနေကြသည်။
ကံများက မကောင်းချင်တော့ ကျွန်တော့်ရှေ့တည့်တည့်မှ မဏ္ဍပ်တွင် အစ်မ၀မ်းကွဲဖြစ်သူက ရှိနေလေသည်။ ကျွန်တော့်ကို မြင်သည်နှင့် ၀မ်းသာအားရ ခုန်ပေါက်ပြေးဆင်းလာကာ ခြံစည်းရိုးနားသို့ ကပ်လာသည်။
“ဟဲ့… မောင်မောင်။ နင်ဒီမှာ တာဝန်ကျတယ်ဟုတ်လား။ ငါ့ကိုတောင် ဖုန်းမဆက်ဘူး။”
“ငါ အဆင်မပြေလို့ပါ”
“ဟဲ့..ငါတို့မဏ္ဍပ်ကိုလိုက်ခဲ့ပါလား။ ငါ့မှာ မဏ္ဍပ်ကဒ်ပိုသေးတယ်။ အင်္ကျီကတော့ ငါ့သူငယ်ချင်းတစ်ယောက်ဆီမှာ အပိုပါလာတယ်။ အပေါ်အကျီ င်္လဲလိုက်… နင်ကံကောင်းတယ်ဟာ သင်္ကြန်မှာမှ ရန်ကုန်ကိုတာဝန်ကျတာ”
“ငါမလိုက်တော့ပါဘူး.. အစ်မ။ ငါက တာဝန်ချိန်ကြီးမှာ”
“ဟ.. နင့်အထက်အရာရှိ ရှိတာမှ မဟုတ်တာ။ ဘာဖြစ်လည်း ဆရာကြီးတွေကလည်း နင်ပြောထားရင် ဖြစ်တာပဲဟာ။ နင်ကလည်း သိပ်ကို စည်းကမ်းလိုက်နာနေပါလား။ ”
“အစ်မ… ကျွန်တော့်ကို အဲဒီလို မပြောပါနဲ့။ စစ်စည်းကမ်းဆိုတာ ကျွန်တော်တို့အသက်ပါ။ ကျွန်တော့်တာဝန်က သင်္ကြန်တွင်းမှာ လုံခြုံရေးစောင့်နေရတာပါ။ စစ်တိုက်ပွဲမှာမှ တာဝန်စည်းကမ်းဆိုတာ ရှိတာမဟုတ်ပါဘူး။ အသက်ကိုတောင် ပေးအပ်ပြီးမှ နိုင်ငံကို ကာကွယ်မယ်လို့ သစ္စာအဓိဌာန်ပြုထားတဲ့ ကျွန်တော်တို့တွေအတွက်တော့ ဒီသင်္ကြန်အပျော်ဆိုတာ မပြောပလောက်ပါဘူး။ ကျေးဇူးတင်ပါတယ် အစ်မ။ ကျွန်တော့်ကို နားလည်ပေးပါ။”
“အေးလေ… နင့်သဘောပါ။ နင့်ဘ၀ကလည်း မြင်သာမြင် မကြင်ရတဲ့ဘ၀ကြီး…..”
အစ်မဖြစ်သူလည်း စိတ်ပျက်စွာဖြင့် ပြန်လည်ထွက်သွားလေသည်။
အင်းလျားလမ်း၏ တဖက်ခြမ်းသည် ပျော်ရွှင်မှုများဖြင့် ကခုန်လှုပ်ရှားနေသော်လည်း အခြားတစ်ဖက်ခြမ်းတွင် သံလွင်ရောင်ဝတ်စုံကို ၀တ်ဆင်ထားကာ ခရေပွင့်အမည်းရောင်လေးကို ပုခုံးထက်တွင်တင်၍ အမိကျောင်းတော်ကြီးတွင် ကိုယ်တိုင် ပါဝင်ဆင်နွှဲ၊ ပျော်ရွှင်ခဲ့ရသော သင်္ကြန်နေ့ရက်များ၏ အပျော်ပီတိများကို ရင်ဝယ်ပိုက်ကာ အင်းလျားလမ်းတဖက်ခြမ်းရှိ မဏ္ဍပ်များပေါ်ရှိ ထိုပျော်ရွှင်စွာကခုန်နေသူများ ဘေးအန္တာရာယ်ကင်းကင်းရှင်းရှင်ဖြင့် အေးချမ်းစွာ မဟာသင်္ကြန်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကျွန်တော်….။
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…

နွေရာသီပူပြင်းမှုက ရက်စက်မှုများစွာဖြင့် ပူပြင်းနေသည်။ လေပွေများသယ်ဆောင်မှုကြောင့် အဆောင်ရှေ့မြေတလင်းတွင်လည်း သစ်ရွက်ခြောက်များ ဘယ်ညာယိမ်းနွဲ့ကာ ရွေ့လျားနေကြသည်။ ရေရှားသော ဒေသဖြစ်သောကြောင့် သစ်ပင်ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်းကရှားသည်။ မြက်ခြောက်ပင်များသာ များပြားစွာ ပေါက်ရောက်မှုကြောင့် တိုက်သောလေတိုင်းတွင်လည်း ဖုန်လုံးများက တဖွေးဖွေး။ ဖန်ဝါနေမင်းကလည်း ပါဝါကုန်အောင် အပူချိန်ကို မြင့်တင်နေသလားထင်ရလောက်အောင် ခန္ဓာကိုယ်တွင်းမှ ချွေးများအင်္ကျီရွှဲအောင် စိုလေပြီ။ မတတ်သာသည့်အဆုံး ကိုယ်ပေါ်မှ ယူနီဖောင်းကို ခွာရသည်။ ချွေးတိတ်စေရန် ယပ်တောင်အားကိုးဖြင့် နွေဂိမာန်ကို အံတုကာနေလိုက်သည်။ အဆောင်ရှေ့မှ မိမိနာမည်ခေါ်သံကြားသဖြင့် ထွက်လာစဉ် ကိုယ့်ကိုယ်ကို မြင်ယောင်မိသည် ယပ်တောင် တဖျတ်ဖျတ်ဖြင့် ကျိကုံးလိုလို ဘာလိုလို။
“ဗိုလ်ကြီး… အောက်ဖက်ရာဘာခြံတွေမှာ မီးလောင်နေလို့ ဗိုလ်မှူး ခေါ်ခိုင်းလိုက်ပါတယ်။ “
ကျွန်တော် ခေါင်းနားပန်းတော်တော်ကြီးသွားသည်။ အောက်ရာဘာခြံများနှင့် ကျွန်တော်တို့တပ်ရင်းက သိပ်မနီးသော်လည်း သိပ်မဝေးလှ။ ပိုဆိုးသည်က နွေရာသီလေပွေများကြားတွင် လောင်သော တောမီး။ ချက်ချင်းဆိုသလို ကုတင်ပေါ်တွင် လွှားထားသော တီရှပ်တစ်ထည်ကို ကောက်စွပ်၊ ဦးထုပ်ဆောင်း၍ ဆိုင်ကယ်ကိုဆွဲကာ တပ်ရင်းရုံးသို့ အသောနှင်ရသည်။ ဗိုလ်မှူးမှာကြားသည့်အတိုင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ရန် ကင်မရာကို အဆောင်တွင် ပြန်ဝင်ယူ တပ်စုတစ်စုကို မီးလောင်ရာသို့ ချက်ချင်းလွှတ်ပြီး မိမိနှင့် ရဲဘော်နှစ်ယောက်က မီးလောင်ရာသို့ ဆိုင်ကယ်ဖြင့် လိုက်လာခဲ့ကြသည်။ မီးတောက်က တော်တော်ကြီးသည်။ တောမရှင်းထားသော ခြံကွက်တစ်ခုကို လောင်မြိုက်နေသောကြောင့် မီးတောက်အားက ကောင်းပြီး မီးလောင်ရာလေပင့်ဆိုသကဲ့သို့ လေပွေအပင့်ကြောင့် မီးက ဘယ်ညာယိမ်းကာ မီးပွားများကျပြီး ဘယ်ရွေ့ဘယ်က စသတ်ရမည် မသိအောင်။ မီးငြိမ်းသတ်သော ရဲဘော်များလည်း မီးပွားများ ကိုယ်ပေါ်မကျအောင် မီးလွတ်ရာသို့ ပြေးကြရသည်။ မီးလောင်မှုက တပ်နှင့် ဆန့်ကျင်ဖက်လားရာသို့ ပြောင်းပြန်လောင်လေပြန်သည်။ ကျွန်တော်လည်း ဓါတ်ပုံတစ်ပုံနှစ်ပုံသာမှတ်တမ်းတင်ပြီး ဆိုင်ကယ်ကို မီးလွတ်ရာသို့ထားကာ မီးမကူးသေးသော တဖက်ကပ်ရပ်သီဟိုခြံဆီသို့ သွားကာ အခြားရဲဘော်များနှင့်အတူ မီးဖြတ်အောင် တောကိုရှင်းရသည်။ အခြားခြံများမှ ခြံအလုပ်သမားများကလည်း မီးလမ်းကြောင်းဖြတ်အောင် မြက်ခြောက်များကို ခုတ်နေသောကြောင့် ကျွန်တော်လည်း နီးစပ်ရာ သစ်ရွက်စိမ်းပင်များကို စုကိုင်ကာ မီးတောက်များကို လိုက်သတ်ရသည်။ ရေရှားသော ဒေသဖြစ်သောကြောင့် ရေကိုလည်း အလွယ်တကူမရနိုင်။ ကျွန်တော့်ရဲဘော်များက တောစီးဖိနပ်များဝတ်ဆင်ထားသဖြင့် မီးလောင်ထားပြီးသား မြေပြင်ကို လွယ်လွယ်ကူကူနင်းနိုင်ကာ လောင်ကျွမ်းမှု အတွင်းထဲသို့ ၀င်သတ်နိုင်သေးသည်။ အခြားအလုပ်သမားများက ရိုးရိုးဖိနပ်များကိုသာ ၀တ်ဆင်ထားသောကြောင့် မြေပြင်ပြာပူဒဏ်ကို ကြာကြာမခံနိုင်။
"ဆရာကြီး .. သတိထားအုံး။ လောင်နေတာက ၀ါးတွေ။ ပေါက်ထွက်တဲ့ မီးစတွေကို သတိထားဗျ။ မီးဟပ်မယ် နောက်နည်းနည်းဆုတ်။"
ကျွန်တော်စီးလာသည့်ဖိနပ်ကလည်း ချစ်သူလေးဝယ်ဆင်ထားသော ကတ္တီပါဖိနပ်အပြာလေး။ ဖုံတွေ ပြာတွေကြားမှာ လုံးပါး ပါးလေပြီ။ မီးလောင်မှု၏ မြေပြင်အပူရှိန်ကြောင့် အတွင်းသို့ မတိုးနိုင်ဘဲ မိမိရဲဘော်များကို နောက်မှ သတိပေးရသည်။ ဆရာကြီးတို့က ဇောနှင့် မီးသတ်နေသောကြောင့် မီးကွင်းအလယ်သို့ တိုးတိုးဝင်နေသကဲ့သို့ ဖြစ်နေပြီ။ မီးက အပြန့်လိုက် လောင်သောကြောင့် တော်တော်နှင့် မပြီးနိုင်။ သီဟိုခြံစပ်မှ ဖုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးလည်း မနေသာတော့။ သင်းပိုင်ကိုသာရုံပြီး မီးဝင်သတ်လေသည်။ လောင်ကျွမ်းချိန်တစ်နာရီစွန်းစွန်းတွင် စတင်လောက်ကျွမ်းသော နေရာ၏ သုံးဧကစွန်းစွန်းလောက်အရောက်တွင် မီးတောက်ကျိုးကာ မီးသေလေပြီ။ လောင်ကျွမ်းသောနေရာဒေသနှင့် မြို့ကလည်း အလျှမ်းတော်တော်ဝေးသောကြောင့် မီးသတ်ကားလည်း မလာနိုင်။ နောက်ဆုံးတွင်တော့ ရဟန်းရှင်လူအများနှင့် ရဲဘော်ရဲဖက်များ ကောင်းမှုဖြင့် မီးညွန့်ကြိုးလေသည်။ ရာသီဥတုပူပြင်းမှုကို လွန်ခဲ့သော နာရီပိုင်းခန့်က စာဖွဲ့ခဲ့သော ကျွန်တော်ပင်လျှင် စာမဖွဲ့နိုင်တော့ချေ။ မီးဟပ်ထားသော ခြေလက်များနှင့် ပြာပူနင်းထားသော ခြေထောက်များကို တစ်ချက်ကြည့်ကာ မီးလောင်ထားပြီးသား မြေပြင်ကြီးကို ကြည့်ပြီး သက်ပြင်းတစ်ချက်သာ ချနိုင်သည်။ ရဲဘော်များကိုကြည့်ပြီးလည်း စိတ်မကောင်းမိ။ ရဲဘော်အချို့၏ ယူနီဖောင်းများလည်း သစ်ငုတ်များနှင့် ငြိသောကြောင့် ပြဲရွဲကုန်ပြီ။ အချို့လည်း မီးပွားများစင်သောကြောင့် ပေါက်ကုန်ပြီ။ မိမိယူနီဖောင်းဘောင်းဘီလည်း ရစရာမရှိ။ အနားများ စုတ်ပြတ်ကုန်သည်။
မီးငြိမ်းသတ်ပြီး လမ်းမဖက်သို့ ပြန်ထွက်လာချိန်တွင် အချိန်မီမီးငြိမ်းသတ်နိုင်၍ မီးလွတ်ကင်းသွားသော ခြံများမှ လူများ၏ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာများကို မြင်ရချိန်တွင် ပင်ပန်းခဲ့သမျှသည် နွေဂိမာန်ချိန်တွင် မိုးပြေးလေလေးတိုက်ခတ်သကဲ့သို့ ခံစားလိုက်ရမိသည့် ကျွန်တော့်၏ တပ်မတော်သားတစ်ယောက်၏ မီးသတ်သမားဖြစ်စဉ်မှတ်တမ်းလေးကို တင်ပြလိုက်ပါသည်။
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…