Sunday, July 13, 2008

+ ကျွန်တော့်ချစ်သူတောင်းသောဆု


ပျောက်ကွယ်သွားသော အလင်းရောင်တန်းတစ်ခုကို ကြည့်ရင်း လစ်လပ်သွားသော နှလုံးသားလေးကို ရင်နာနာဖြင့်သာ လက်ခံလိုက်ရတော့မယ်။ ဘေးဝဲယာမှ ကျွန်တော့် သူငယ်ချင်း၊ ရဲဘော်ရဲဘက်များကတော့ တိတ်ဆိတ်စွာပင် ၀င်ခံနီး နေမင်းကြီးကိုသာ ငေးမောကြည့်နေကြသည်။ ကျွန်တော်တို့ဘ၀တွေက နေ၀င်ချိန်ရောက်နေပြီလား.....
တိုက်ပွဲတွင် ရလိုက်သော ဒါဏ်ရာကြောင့် ကျွန်တော်ဒီဆေးရုံကို ရောက်လာခဲ့တယ်။ ရက်တွေလတွေသာ ပြောင်းလာပေမယ့် ကျွန်တော်မျှော်လင့်ထားတဲ့ သူမ ရောက်မလာခဲ့ပါဘူး။ အကျည်းတန်နေတဲ့ ကျွန်တော့်ဘ၀ထဲကို သူမကို မခေါ်ရက်ပါဘူး။ ဒါပေမယ့်လည်းဗျာ... နှစ်ကိုယ်တူ ထားခဲ့တဲ့သစ္စာတွေကို မသိစိတ်က တောင့်တနေမိပေါ။ နေ့လေးတစ်နေ့မှာတော့ ကျွန်တော်မျှော်လင့်တာ ဖြစ်လာပါတယ်။ သူမရောက်လာပါပြီ..

ကျွန်တော့်ကိုပြုံးပြနေတဲ့ အပြူံးလေးက အေးစက်စက်လေး... သူမပြောလိုက်တာကတော့
"ကိုလေး ကို ကန်တော့ပါရစေ"
ဘာပြန်ပြောရမှန်း မသိအောင်ကို ကျွန်တော့်ချစ်သူလေးက ထူးဆန်းတာတွေကို လုပ်နေပြီ။ ကြမ်းပြင်မှာ ပုံ့ပုံ့လေးထိုင်ချကာ ကျွန်တော်ကို ကန်တော့နေတော့သည်။ ကန်တော့ခြင်း အဆုံးမှာ သူမပြောလိုက်တာလေးက "ပြစ်မှားမိတာများရှိခဲ့ရင် ခွင့်လွှတ်ပါ။ ကိုလေး.. ငယ့် ကို မေ့လိုက်ပါတော့" တဲ့။

သြကာသလောကသား အပေါင်းတို့ခင်ဗျာ.. ကျွန်တော်ဘာဆုပေးရမတုံး ???? "လိုအင်တောင့်တမှုတွေပြည့်ပါစေ" လို့ပြောရမှာလား။
ကျွန်တော်ချစ်သူကောင်မလေးကတော့ အဆန်းထဲကမှ အဆန်းဆုံးကို လုပ်ပြသွားပါပြီ။
သူကျောခိုင်းသွားပြီ.. နေမင်းကြီးကလည်း ၀င်သွားပါပြီ။ ကျွန်တော်ချစ်သောမြေအတွက် ကာကွယ်ပေးရင်း ကျွန်တော်ခန္ဓာတင်မက၊ ကျွန်တော်ချစ်သောကောင်မလေးပါ စွန့်လွှတ်လိုက်ရပြီ။ ကျွန်တော်လို "တောင်းတဲ့ဆုတွေပြည့်ပါစေ" အဖြစ်မျိုးနဲ့ မကြုံကြပါစေနဲ့.... ညီတို့၊ အစ်ကိုတို့
[ခံစားချက်ကို ရေးသားခွင့်ပြုသော စစ်တက္ကသိုလ်အပတ်စဉ်(၄၆)မှ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။]

0 comments:

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us