Friday, October 24, 2008

+ သားနှင့် ဇနီးဆီမှ မမြင်နိုင်သော စွမ်းအား


ရှမ်းရိုးမ၏ ဆိတ်ငြိမ်လှသော တောတောင်သဘာဝများကို ဖြိုခွင်းလိုက်သော သေနတ်သံများနှင့် မိုင်းပေါက်ကွဲသံများသည် ကျေးငှက်လေးများ ဝေဟင်တွင် ပျံဝဲသွားကာ နေရာဌာနပြောင်းကြလေပြီ။ ယမ်းငွေ့တစ်ထောင်းထောင်းနှင့် ပစ်ခတ်မှုများကလည်း တစ်ဖက်နှင့် တစ်ဖက်မစဲနိုင်အောင် ဖြစ်နေကျသည်။

ပြေးရင်းလွှားရင်း ပစ်ရင်းခတ်ရင်းဖြစ်ပင် ခြေထောက်အောက်ဆီမှ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ကျွန်တော်လွင့်စင်သွားသလို ခံစားလိုက်ရသည်။ သွားပြီ.. အသိကလည်းသိနေသေးတယ်။ နာကျင်မှုကလည်းရှိနေသေးတယ်.. ငါမသေသေးဘူးဆိုတာသေချာသွားပြီ။ မသေချာတာကတော့ ငါ့ခြေထောက်နှစ်ဖက်လုံး ရှိ၊ မရှိဆိုတာပဲ.....

"ဗိုလ်ကြီး ထိသွားပြီ။ အနောက်ဘက်ကိုဆွဲ"
ကျွန်တော့်နားအစုံကလည်း ၀ီဝီ ဆိုသောအသံများနှင့်အတူ ပလုံးပထွေးနှင့် စကားသံများကြားနေရသေးသည်။ ကျွန်တော့်လက်မောင်းများကို ပင့်ပြီးမနေသော ရဲဘော်ကျော်သောင်းမျက်နှာကို မြင်နေရသည်။
"အား"
ထိုအော်သံနှင့်အတူ ကျွန်တော်၏ဘေးသို့ ရဲဘော်ကျော်သောင်းမှောက်လျက်ကျသွားသည်။ ကျွန်တော်သိလိုက်သောအသိသည် ထိုအချိန်တွင် အဆုံးသတ်သွားလေပြီ။ သတိပြန်ရသောအခါ ရှမ်းရိုးမကြီးသည် ပကတိငြိမ်သက်ကာ သစ်ခက်ဝါးတို့ ရိုက်ခတ်သံများကိုပါ ကြားနေရသည်။ ကျွန်တော်ရောက်ရှိနေသော နေရာလေးက မြေကျင်းကြီးတစ်ခု..

ခြေထောက်နားဆီက တစ်ဆစ်ဆစ်နာနေသည်။ ကျွန်တော့်ညာခြေတစ်ဖက်ကတော့ မြေပြင်ပေါ်တွင်ကျန်ခဲ့လေပြီ။ မိုင်းသည် နင်းမိုင်းဖြစ်သောကြောင့် ကျန်ခြေတစ်ဖက်ကိုပါ မိုင်းသံစများထိစင်ထားသောကြောင့် နာကျင်မှုဒဏ်သည် အရိုးအတွင်းမှပင် ခိုက်ခိုက်ကျင်လှသည်။ နာကျင်မှုဒဏ်ကို သက်သာရန်အလို့ငှာ ကျွန်တော့်ရင်ဘတ်အိတ်ကပ်ဆီမှ သားနှင့်ဇနီးပုံလေးကို ထုတ်ကြည့်မိသည်။ ပြည်လမ်းမကြီးတစ်လျှောက်ကို နောက်ခံထား၍ ပြုံးရွှင်နေသော မျက်နှာလေးဖြင့်သားလေးကို ချီထားသော ချစ်ဇနီးတို့၏ ဓါတ်ပုံလေးသည် ကျွန်တော်မရှိတော့လျှင် ဒီကျန်ရှိနေသေးသော ဘ၀ခရီးလမ်းကို မည်ကဲ့သို့လျှောက်လှမ်းမည်နည်း ဟု အားငယ်ခြင်းများဖြင့် ကြည့်နေသော အကြည့်အဖြစ်သို့ပြောင်းလဲသွားသည်။
ကျွန်တော်ဆုံးဖြတ်ချ တစ်ခုကို ချရတော့မည်။

"ဆရာကြီး XXXX ၊ ကျွန်တော့်ဆီ ခဏလာပါအုံး"
မိနစ်အနည်းငယ်အကြာတွင် ဆရာကြီးရောက်လာသည်။ ကျွန်တော့်စကားအဆုံးတွင်..

"ဟာ.. မဖြစ်နိုင်တာ ဗိုလ်ကြီးရာ။ ကျွန်တော်မလုပ်ပရစေနဲ့။ မိုးလင်းရင် ရဟတ်ယာဉ်ရောက်လာတော့မှာပါ။ စက်တွေကနေလှမ်းပြော ပြီးပါပြီ။ ဗိုလ်ကြီး ထိ သွားတယ်ဆိုလို့ အဘက ချက်ချင်းလွှတ်လိုက်တာ။ ရာသီဥတုအခြေအနေကြောင့်သာ ကြန့်ကြာနေတာပါ။ ကျွန်တော် မလုပ်ပရစေနဲ့ ဗိုလ်ကြီးရာ၊ ကျွန်တော် မလုပ်ရက်လို့ပါ"
"ဆရာကြီး.. ဆရာကြီးဟာ ကျွန်တော့်အစ်ကိုဆိုလည်းဟုတ်တယ်။ ရဲဘော်ရဲဘက်ဆိုလည်းဟုတ်တယ်။ ကျွန်တော့်ကို အားကိုးပြီး နေနေတဲ့ ကျွန်တော့်သားလေးနှင့် ဇနီးကလည်းရှိသေးတယ်။ ဒီနာနေတဲ့ ဒဏ်ကို ကျွန်တော်မခံနိုင်တော့ဘူး။ ဒီဒဏ်နဲ့ပဲ ကျွန်တော်အသက်ပါသွားနိုင်တယ်။ ခြေထောက်တစ်ချောင်းတောင် ပြတ်ပြီးသွားပြီပဲ။ နောက်တစ်ချောင်းထပ်ပြတ်လည်း ဘာမှမထူးဘူး။ ကျွန်တော် မသေရင် ပြီးတာပါပဲ။ ထုတ်လိုက်ပါ ဓါးကို"

ဆရာကြီးသည် နောက်ဆုံးတွင်တော့ ခါးတွင်ပါလာသော စစ်သုံးဓါးဘတ်နက်ကို ထုတ်လိုက်သည်။ ဇနီးသည်လေးကိုယ်တိုင် ပြဲလေတိုင်းချုပ်ချုပ်ပေးနေသော အကျီ င်္လက်မောင်းနားအစကို ဆွဲဖြဲကာ ကျွန်တော်ပါးစပ်တွင် ကိုက်လိုက်သည်။ ဆရာကြီးကလည်း မျက်စိအစုံကို ပိတ်၍ မိုင်းစစင်၍ အသားများလှိုက်စားနေသော နေရာအထက်နားမှ ဘတ်နက်ဖြင့် ခုတ်လေတော့သည်။ ဘတ်နတ်တန်ခိုးကလည်း စွမ်းပါသည်။ အသားများသာ ကျေမွကုန်သည် လူအရိုးကို တစ်ခါတည်းမပြတ်နိုင်။ နာကျင်မှုကတော့ ပြောပလောက်မတတ်လောက်အောင်ပင်။ လက်တစ်ဖက်ကတော့ သားနှင့်ဇနီးသည်တို့၏ ဓါတ်ပုံလေးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားရင်း..

"ဟာ........ ဗိုလ်ကြီး၊ ဒါ ဘာလုပ်တာလည်း။ မင်းကွာ အဓိပ္ပါယ်မရှိတာတွေလုပ်နေတယ်။ ရဟတ်ယာဉ်လာတော့မှာပါကွာ။ သည်းခံစောင့်ပါကွာ။ မင်း ခံစားနေရတာကို ငါလည်းကိုယ်ချင်းစာပါတယ်ကွာ...ညီလေးရာ...မင်းကွာ..လုပ်ရပ်လိုက်တာ"
"ဗိုလ်မှူး... ကျွန်တော်မခံစားနိုင်တော့ဘူး။ ဒီဒဏ်နဲ့ အသက်ပါပါနိုင်တယ်။ ပြတ်သွားတာကမှ ဘာမှ လောလောဆယ်ထပ်မခံစားရတော့မှာ..တောင်းပန်ပါတယ် ဗိုလ်မှူးရာ..ကျွန်တော့်ကို ခွင့်ပြုပါ။"
မျက်ဝန်းအိမ်တွင် မျက်ရည်စများဖြင့် ကျွန်တော့်ကို တင်းတင်းဖတ်ထားရင်း...
"ညီ.. အစ်ကို့ကို ယုံပါ။ မင်း ဘာမှ မဖြစ်စေရဘူး။ စိတ်ချ..မင်းရဲ့မိန်းမနှင့် မင်းရဲ့သားကို ဆေးရုံမှာတွေ့ရမှာသေချာတယ်။"
"ဗိုလ်မှူး... ကျော်သောင်းတစ်ယောက်ရော.."
"သူကတော့ ရတဲ့ဒဏ်ရာက မပြင်းပါဘူး။ ဒါပေမယ့် ကြောက်စိတ်နှင့် သွေးထွက်လွန်ပြီး ခဏကမှဆုံးသွားပြီ"
"ဗျာ"
ကျွန်တော်စွံအသွားသည်။ ကျွန်တော့်ကို တတ်ဆွဲသော ကျွန်တော့်အချစ်ဆုံးကျော်သောင်း ကျသွားပြီတဲ့။ မိနစ်ပိုင်းအကြာတွင် ရဟတ်ယာဉ်သံများကြားရသည်။ ကျွန်တော်ရင်အစုံဆီသို့ သားလေးနှင့် ဇနီးသည်လေး ဓါတ်ပုံကို ဖိကပ်ရင်း.........


(အဖေ..သားသမီးတွေ အပေါ်မှာထားတဲ့ အဖေ့ရဲ့မေတ္တာသည် ဒီဘ၀ဆပ်လို့မကုန်နိုင်ပါဘူး။ အဖေ..ဒီပို့စ်လေးကို ဖတ်မိချိန်မှာ အဖေ့အကြောင်းတွေကို ရေးရလားလို့ မေးလာရင် .. ဖြေဖို့အဆင်သင့်ပါအဖေ။ မင်္ဂလာဒုံကုတင် ၅၀၀မှာ မိုင်းထိလို့ ဒုက္ခိတဘ၀ကို ရောက်ရတဲ့ အဖေတို့လိုစစ်သည်တွေ များလာပြီအဖေ။ သူတို့ကို အဖေ့ရဲ့စိတ်ဓါတ်နဲ့ ခံယူချက်တွေကို ပြောပြပေးရင်း.. သူတို့ဘ၀တွေဟာ မသန်ပေမယ့် စွမ်းသေးတယ်ဆိုတာကို သိစေချင်လို့ပါ..အဖေ။ အဖေ..နားလည်ပေးနိုင်ပါစေလို့ဆုတောင်းရင်း....)

3 comments:

အညာသား said...

ကိုယ်တိုင်မကြုံဘူးပေမယ့် တစ်ကယ့်ခံစားချက်နဲ့ ရေးထားတော့ တစ်ကယ်ခံစားပြီး ဖတ်သွားတယ်ဗျာ..။

လွမ်းသုရင် said...

ညီမလေးရေ...အစ်မ မျက်ရည်တောက်တောက်ကျရပါတယ်။ :((

မင်းကျန်စစ်။ said...

တကယ့်ရှေ့တန်းစစ်မြေပြင်တစ်ခုကို မြင်ယောင်လာတယ်ဗျာ။ ဒီလိုပေးဆပ်သွားကြရသူတွေအဖြစ်ကို နားလည်ခံစားတတ်ကြသူတွေချည်းပဲဆိုရင် သိပ်ကောင်းမှာ။

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us