Tuesday, October 28, 2008

+ ဗိုလ်ကြီး မစားလိုက်ရသော ထမင်းတလုတ်


အစ်ကိုကြီးနေလွမ်းသူရဲ့ ဗိုလ်ကြီးမစားခဲ့သောငါးဟင်းတစ်ခွက် နှင့် ရဲမာန်ရဲ့ ကျွန်တော်မစားနိုင်ခဲ့တဲ့ ဟင်းတစ်ခွက်တွေဖတ်ပြီးချိန်မှာ တော်တော်စိတ်မကောင်းမှုတွေ ခံစားရတယ်။ ကျွန်တော့်ဆီမှာလည်း ထိုသို့သော အမှတ်တရလေးတစ်ခုကို စာဖတ်ပရိသတ်ကြီးကို တင်ပြလိုက်ပါတယ်။
ကျွန်တော်တာဝန်ကျရာတပ်မှာက အိမ်ထောင်မရှိသူ(လူပျိုလေး)များတော့ ရိပ်သာမှာပဲ စားဖြစ်ကြတယ်။ (ကြွားတာတော့မဟုတ်ပါဘူး။) အပြင်ထွက်စားရင်လည်း ပိုက်ဆံပိုကုန်မည့်အတူတူ အားလုံးစုပြီး တစ်ယောက်ဘယ်လောက်နှုံးနဲ့ဆိုပြီး စုပြီး ရိပ်သာကို ပေးပြီးချက်ခိုင်းပြီး စားကြတယ်။ အိမ်လောက်တော့ မကောင်းပေမယ့် ဖွယ်ဖွယ်ရာရာလေးတော့ဖြစ်တာပေါ့။
လရဲ့ ပထမရက်ပိုင်းတွေမှာဆို ဟင်းကပိုကောင်းတာများတယ်။ ဒီနေ့လည်း အထူးဟင်းလျာ (special menu)ဆိုသော အသံလေးကို ကြားကတည်းက ညက တာဝန်မှူးကျထားတာကိုတောင် ပြန်မအိပ်တော့ဘဲ။ ရေမိုးချိုးပြီး စာအုပ်တစ်အုပ်ကောက်ဆွဲပြီး ထမင်းစားချိန်ကို စောင့်နေလိုက်တယ်။ ထမင်းစားချိန်ရောက်တော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုတဲ့စကားပုံလေးအတိုင်းပင် စားရိပ်သာသို့ သွက်သွက်ထွက်ခဲ့တယ်...


ဒါတောင် ၄၉က ဘသားချောတွေက ရောက်နေကြပြီ။ စားသောက်ဟင်းလျာများရောက်လာတော့ ဘဲသားဟင်းဗျ။ ကျွန်တော်လည်း မစားရတော့ကြာတော့ ခံတွင်းတွေ့တွေ့နဲ့ အဆီအနှစ်များဖြင့် အားပါးတရနယ်ပြီး ပထမဦးဆုံးတစ်ဇွန်းကို ပါးစပ်တွင်းသို့ သွတ်သွင်းလိုက်ပါတယ်။ စက္ကန့်အနည်းငယ်သာကြာပါမည်။
'အား'
ပါးစပ်တွင်းမှ ထမင်းလုတ်ပြန်ထွက်လာပါတော့သည်။ ဘုရားဘုရား...သွားပါပြီ။ မဟာအံသွားတော့ ကြေမွကုန်သလိုတောင် ခံစားလိုက်ရသည်။ ထမင်းချက်ဆောင်မှ ရဲဘော် xxxxx ကလည်း ပြေးထွက်လာပါတယ်။
"ဟာ...ဗိုလ်ကြီး။ ဘာဖြစ်တာတုံး။ လျှာကိုက်မိတာလား"
သူကတော့ စိုးရိမ်ကြီးစွာဖြင့် ကျွန်တော့်မျက်နှာကို ကြည့်ကာ မေးနေလေတော့သည်။ ကျွန်တော်လည်း တရားခံကို ချက်ချင်းပင် ထမင်းလုတ်တွင်းမှ ရှာဖွေလိုက်ရာ ... ဘုရားဘုရား မူလီဝါရှာဖြစ်နေလေတော့သည်။ ချက်ချင်းဆိုသလိုပင် ရဲဘော် xxx ဆီမှ အသံထွက်လာတော့သည်။

"ဟာ...မူလီဝါရှာပါလား။ ပျောက်လို့ဆိုပြီး ကြိတ်ရှာနေတာ။ အိုးဆေးတုန်းကများ ပါသွားလားဆိုပြီး ပန်းကန်ဆေးတဲ့နေရာမှာ လိုက်ရှာနေတာ"

ကျွန်တော့်အဖြစ်က ငိုရခက်ရယ်ရခက်ဗျာ။

2 comments:

မီးမီးငယ် said...

အစားမတော်တစ်လုပ်တဲ့း)နောက်ဒီလိုမဖြစ်စေနဲ့ နော

အလင်းရောင် said...

ငိုလည်းခက်ရယ်လည်းခက်ဆိုတော့ သူငယ်ချင်းကလည်း ၀ါးသာဝါးလိုက်တော့လားဗျာ။ ဟားဟား။ ဒါတောင်တော်သေးတယ်နော်။ တစ်ခါတစ်လေ ကျောက်ခဲလေးရော မ၀ါးမိဘူးလား.....? လာဖတ်သွားပါတယ် ခံစားချက်လေးတွေ ထုတ်ဖော်ပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်ပဲကောင်းပါတယ်။ ရယ်ရတာပေါ့။ ဖြစ်ရပ်မှန်လေးတွေ ထပ်လုပ်ပါဦး။ ဒါနဲ့ သူငယ်ချင်းစားမေးပွဲရှိတယ်ဆိုရင် ကြိုးစားဦးနော်။ ကျွန်တော်လည်း စားမေးပွဲရှိလို့ နားလိုက်ဦးမယ်နော်။ အခြေအနေပေးရင်လည်း ကျွန်တော့်လိပ်စာလေးကို အပ်လို့ရပါတယ်။

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us