နိုင်ငံခြားပညာတော်သင်ကျောင်းသားဘ၀အတွေ့အကြုံလေးပေါ့ဗျာ။ နောင်လာနောက်သား ညီနောင်များလည်း ဖတ်ရှုပြီး ကျွန်တော်တို့လို အဖြစ်မျိုးနဲ့ မကြုံရလေအောင်ပေါ့။ တာဝန်ပေးချက်အရကျွန်တော်တို့ နောင်တခေတ်၏အောင်စစ်သည်တော်လေးများလည်း Qatar လေယာဉ်ကြီးကိုစီးပြီး အမိမြေက မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ရုရှားနိုင်ငံကို ရောက်ရှိလာပါသည်။ ဒေသစံတော်ချိန်က ညအချိန်လောက်ရောက်သွားတော့ ကျွန်တော်တို့တွေကို ဟိုတယ်တစ်ခုမှာ နေစရာစီစဉ်ပေးပြီး ညစာဖြင့်တည်ခင်းဧည့်ခံပါသည်။ ညစာစားခန်းက စားပွဲကြီးမှာ တစ်ဝိုင်းကိုလေးယောက်။ ကျွန်တော်တို့လည်း ပေကြောင်ပေကြောင်နဲ့ ၀င်ထိုင်လိုက်သည်။ အဲဒီအချိန်မှာ စားပွဲပေါ်မှာ တစ်ယောက်ကို ချိစ် တစ်ဗူး၊ ပေါင်မုန့် နှစ်ချပ်၊ ပျားရည်ဗူးတစ်ဗူး၊ အချိုရည်တစ်ဗူး စီချထားပေးသည်။ အလယ်မှာ ဆားတစ်ဗူး၊ ငရုပ်ကောင်းတစ်ဗူး။ (ပထမတော့ ဘာအတွက် မှန်း နားမလည်သော်လည်း နောင်တွင် ဤဆားဗူးလေးသည် ကျွန်တော်တို့လေးယောက်လက်တွင် သွက်သွက်ခါအောင် မချနိုင်အောင်ဖြစ်ခဲ့ရသည်။)
လေယာဉ်ကလည်း အကြာကြီးစီးလာရတာတစ်ကြောင်း လေယာဉ်ပေါ်တွင် စိတ်လှုပ်ရှားနေသောကြောင့် ကောင်းကောင်းပင် မစားခဲ့တာတစ်ကြောင်းကြောင့် ကျွန်တော့် အစာအိမ်ထဲတွင် စစ်ရေးပြကျင့်နေပြီ…...
မျှော်လင့်နေစဉ်အတွင်းမှာပဲ စွပ်ပြုပ်တစ်ပန်းကန်စီလာချပေးပါသည်။ ပန်းကန်ကြီးက အကြီးကြီးနဲ့ စွပ်ပြုတ်ရေတွေ အများကြီးပဲ။ လောလောဆယ်စားပွဲပေါ်မှာကလည်း လျှာပေါ်အရသာရှိနိုင်တာဆိုလို့ စွပ်ပြုတ်ပဲရှိလေတော့ ကျွန်တော်မြည်းကြည့်လိုက်တယ်။ အားပါး... သွားပါပြီ့။ ဘာနဲ့တူလည်းဆိုတော့ ကျွန်တော်တို့ဆီက ချဉ်ဟင်းကို ဆားပေါ့နေတဲ့အရသာနဲ့တူတယ်။ အမြဲသာဒါကိုကျွေးရင်တော့ပြဿနာပဲလို့။ ဒီလိုနဲ့ ခဏစောင့်နေလိုက်သေးတယ်။ ပြဿနာပဲ...
ဘာမှလာမချတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့ စွပ်ပြုပ်လာချတဲ့ အန်တီကြီးကို လှည့်ကြည့်လိုက်တော့ ရုရှားလို လိုပြောကာ အမူအရာဖြင့်လည်း စားလို့လုပ်ပြသည်။ အင်း... ဒါနဲ့ပဲ စားမှရတော့မယ်ပေါ့။ ဒီလိုချည်းသာအမြဲကျွေးရင် လူတော့”၀”လာမှာမဟုတ် ကြာရင်အားပြတ်တော့မှာပဲလို့စိတ်ထဲကတွေးရင်းနဲ့ ဆားနည်းနည်းထည့်လိုက်တယ်။ ကျန်တဲ့လူတွေကြည့်တော့လည်း ကိုယ့်လိုပဲ။ ဒီလိုဆိုရင်တော့ မချောင်ဘူးဟေ့တဲ့။ ကျွန်တော်လည်းအပေါ့အငန်မြည်းရင်းနဲ့ ဆားဗူးလေးလည်း စားပွဲပေါ် ပြန်မရောက်နိုင်လောက်အောင်ကို ရောင်းကောင်းသွားသည်။ အင်း... ဒီလိုဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။
ပေါင်မုန့်နဲ့ပျားရည်နဲ့ကို အရင်စားလိုက်အုံးမယ် ဆိုပြီး ပေါင်မုန့်ကို ကိုင်ကြည့်လိုက်တယ်။ အိုး.... ပြောမနေပါနဲ့တော့ ကျွန်တော့်တစ်သက်ဒီလောက်မာတဲ့ပေါင်မုန့်တစ်ခါမှ မမြင်ဖူးဘူး။ မြန်မာနိုင်ငံမှာ ဘယ်မှာမှ ရှာလို့မရနိုင်တဲ့ ပေါင်မုန့်။ ကိုက်ကြည့်လိုက်တယ်။ ဘယ်လိုမှအဆင်မပြေ။ အင်း….ကျောင်းတုန်းက ညညခေါက်ဆွဲခြောက်ခိုးစားတုန်းက ခေါက်ဆွဲခြောက်မာမာကို စားရလေခြင်းဆိုပြီး ၀မ်းနည်းခဲ့တာကိုတောင် ပြန်သတိရလိုက်သေး။
ထားလိုက်ပါတော့ ဆိုပြီး စောစောက စွပ်ပြုတ်ကိုပဲ တစ်ဝက်နီးပါးလောက် သောက်လိုက်တော့တယ်။ ဇာတ်လမ်းက ပြီးပြီလားဆိုတော့မပြီးသေးပါဘူး။ ချဉ်ဟင်းလိုလို စွပ်ပြုပ်လိုလို အရည်ကို တစ်ဝက်လောက်သောက်ပြီး ဗိုက်ကပြည့်ကာ အစာမကျေသလိုလို နေလို့ထိုင်လို့မကောင်းဖြစ်သွားသည်။ ဒါနဲ့ ပဲ စွပ်ပြုပ်ပန်းကန်ကို ဘေးနည်းနည်းတိုးပြီး အချိုရည်သောက်ဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ… စောစောကအန်တီကြီး ရောက်လာပြီး ကြက်ပေါင်ကြီးနဲ့ (ကြက်ပေါင်က တော်တော်ကြီးပါတယ် ကြက်တစ်ကောင်ရဲ့ လေးပုံတစ်ပုံလောက်ရှိတယ်) ခေါက်ဆွဲ တစ်ပွဲလာချပေးပါသည်။ ကြက်ပေါင်ကလည်း မြင်လိုက်တာနဲ့ စားချင်စရာပါ။ ဒါပေမယ့် ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး မစားနိုင်ကြတော့ပါဘူး။ အရင်လာချတဲ့ စွပ်ပြုပ်ကို မ၀မှာစိုးလို့ဆိုပြီး နင်းကန်အောက်အီးပြီး သောက်ထားကြတာလေ။ ကျွန်တော်တို့တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တက်တစ်ခေါက်ခေါက်ဖြင့်ပဲ အခန်းဆီသို့ ပြန်လည်ချီတက်လာခဲ့ရသည်။
မြန်မာတွေရဲ့ဓလေ့က ဟင်းပွဲအားလုံးဆုံပြီးမှ စားကြသော်လည်း အနောက်တိုင်းဓလေ့ကတော့ First Plate စွပ်ပြုတ်၊ second plate အသားတစ်မျိုးမျိုး သို့ pasta တစ်မျိုးမျိုး၊ ပြီးတော့မှ အသီးအရွက်လေးတွေကို salad ဆော့လေးဖြင့်ဆမ်းစားပြီး အချိုပွဲဖြင့် အပြီးသတ်တတ်တဲ့ ဓလေ့လေးကိုတော့ ကျွန်တော်တို့တွေ ကြက်ပေါင်တစ်လုံးကို ရင်းကာ သိလိုက်ရသော ပထမဆုံးသော မတူညီသော စားသောက်ပုံ ဓလေ့လေးကို ရရှိခဲ့ပါသည်။
မေတ္တာဖြင့်
Servena
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…
၅-၁၂-၂၀၀၇ တွင် နိုင်ငံတော် ကာကွယ်ရင်း ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံးသွားသော ဗိုလ်ကြီးစိုးလွင်ဦး (DSA-44)
ကွယ်လွန်ဆုံးပါးသွားခဲ့တာ တစ်နှစ်ပြည့်ခဲ့သော်လည်း တနေ့မှ မေ့မရသေးပါ။
အမြဲတမ်းပြုံးနေတတ်တဲ့ အစ်ကို...
ကျွန်တော်တို့အပေါ်မှာ စေတနာထား ဆုံးမခဲ့တဲ့ အစ်ကို...
ကျွန်တော်တို့ စစ်သားတွေဘ၀ဆိုတာ နိုင်ငံတော်ကာကွယ်ရင်းနဲ့ ဘ၀ကို ဖြတ်သန်းနေကျသူတွေပါ။ အစ်ကို့လို ဝေလည်းမွှေးကြွေလည်းမွှေးဘ၀ကို ဂုဏ်ယူမိရင်း...
ကျဆုံးသွားသော အစ်ကိုကို သတိရလျက်...အလေးပြုရင်း။ ကောင်းရာသုဂတိလားပါစေ။
ညီနောင်များ..
စာအပြည့်အစုံသို့….
ပြန်ခေါက်ထားနိုင်ပါသည်…