Friday, September 12, 2008

+ တပ်မတော်သားကို အိမ်ထောင်ဖက်ရွေးရမှာလား.....


”စစ်သားလူထွက်၊ ဘုန်းကြီးလူထွက်လူကို အိမ်ထောင်ဖက်မရွေးမိစေနဲ့”
ငယ်စဉ်က ခေါင်းရင်းအိမ်မှ အဖွားပြော ပြောနေသော စကားများကို နားထဲကမထွက်အောင် ကြားယောင်နေသည်။ ရှေးလူကြီးတွေကတော့ မည်သည်ကို ကြည့်ကာပြောနေသည် မသိသော်လည်း ကျွန်တော်တို့ရပ်ကွက်ထိပ်တွင် ၀က်သားဒုတ်ထိုးရောင်းသော ဦးလေးကြီးသည် စစ်မှုထမ်းဟောင်း ခြေတစ်ဖက်ဖြတ်ထားသော သူဖြစ်သည်။ ညနေတိုင်းတွင် သူ၏ဇနီးကို စက်ဘီးနောက်တွင်တင်ကာ ခြေနင်းလေးကို တစ်ချက်ချက်ဖြင့်နင်းကာ ဆိုင်သိမ်းပြန်သွားသော ထိုဦးလေးကြီးတို့စုံတွဲကို မြင်ရသူအပေါင်းသည် အေးချမ်းစေသည်။ ကျွန်တော်တက္ကသိုလ်ဝင်တန်းအောင်၍ စစ်တက္ကသိုလ်တက်ရန် စိတ်ကူးကြောင်းကိုပြောသော အခါ ဦးလေးကြီးသည် လှိုက်လှိုက်လှဲလှဲပင် ထောက်ခံလေသည်။
“ကောင်းတယ်ငါ့တူ။ ဦးလေးကတော့ အားပေးတယ်။ တစ်ခါတစ်ခါ ဦးလေးစဉ်းစားတယ်။ စစ်ထဲဝင်ဖို့ စိတ်ကူးနေတဲ့ ကလေးတွေ ငါ့လိုဒုက္ခိတကိုများမြင်ရင် စိတ်ပျက်ကုန်ပြီး စစ်ထဲမ၀င်ချင်တော့မှာတောင် စိတ်မကောင်းဖြစ်တာ။ မင်းကတော့ ငါ့ကိုတောင် တိုင်တိုင်ပင်ပင် မေးလာတော့ ငါတော်တော်ပျော်တယ်ကွာ။“
ဦးလေးကြီးပြုံးကာ ပျော်ရွှင်နေသည်ကို ဦးလေးကြီး၏ အိမ်သူသက်ထားကလည်း အပြုံးလေးဖြင့် ထောက်ခံနေလေသည်။
ကျွန်တော်စစ်တက္ကသိုလ်သို့တက်ရောက်ခဲ့ကာ..............

ယခုဆိုလျှင် အရာရှိတစ်ယောက်ဘ၀သို့ ရောက်ရှိခဲ့ပါပြီ။ ကျွန်တော်ခွင့်ပြန်ရသော အိမ်ပြန်ချိန်ရက်များတွင် ကျွန်တော်အမြဲသွားတွေ့လေ့ရှိသော ဆွေမျိုးများအပြင် အခြားသူများမှာ ဦးလေးကြီးနှင့် ကျွန်တော့်ချစ်သူလေးသာဖြစ်သည်။ တစ်ခါတစ်ရံတွင် ကျွန်တော့်ချစ်သူလေးကိုပါ ထိုဝက်သားဒုတ်ထိုးဆိုင်လေးသို့ ခေါ်လာမိသည်။ သူမကို ကျွန်တော်မေးလေ့ရှိသော စကားလေးကတော့
”ကိုယ်ဒီလိုအခြေအနေဖြစ်သွားရင်ရော ဦးလေးကြီးတို့လင်မယားလို ပျော်နေနိုင်ပါ့မလား“
သူမပြန်ပြောလေ့ရှိတာကတော့ “စစ်သားလူထွက်၊ ဇွဲကထက်၊ ဘယ်တော့မှ ထမင်းမငတ်“တဲ့။

(၀က်သားဒုတ်ထိုးနှင့် ကွမ်းယာစသည်တို့ကို ရောင်းနေသော စစ်မှုထမ်းဟောင်းဒဏ်ရာရ စစ်သည်တော် ရဲဘော်တစ်ဦးအတွက် အမှတ်တရ။)

0 comments:

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us