Sunday, December 21, 2008

+ ကျွန်တော်နှင့် သူမ၏ကိုယ်ပွား


မိန်းကလေး အရွယ်စုံတော်တော်များများသည် အရုပ်များကို နှစ်သက်ကြသည်။ ထိုအထဲတွင် ကျွန်တော့်ချစ်သူလေးကလည်း အပါအ၀င်ဖြစ်သည်။ မွေးနေ့တိုင်းမှာ မကြီးမငယ်နှင့် အရုပ်များကို ခုံမင်စွာ လက်ဆောင်တောင်းလေ့ရှိသော သူမ။ တစ်ခုသော ညနေခင်းတွင် RP ရဲဘော်က အဆောင်ကို ရောက်လာကာ ကျွန်တော့်ဧည့်သည် ဂိတ်တွင်ရောက်နေကြောင်း လာပြောလေသည်။ သူမပဲဖြစ်နိုင်ချေရှိသည်ကို တွေးမိကာ ယူနီဖောင်းလဲမည့် အစီအစဉ်ကို ဖျက်ကာ RP နောက်မှ ခပ်သွက်သွက်လေးလိုက်ခဲ့သည်။ သူမကားလေးက RP ဂိတ်တဲနားတွင်ထိုးရပ်ထားလေသည်။ ကျွန်တော်ကားအနားရောက်တော့ သူမ ကမန်းကတမ်းဆင်းလာကာ..
"ကိုကြီး....မီးငယ်..ခရီးသွားရမယ်။ ၅ရက်လောက်ကြာမယ်။"
"ဒါများ မီးငယ်ရယ်..ဖုန်းဆက်လိုက်လည်းရသားနဲ့။ အဝေးကြီးလိုက်လာရတယ်လို့။"
သူမ ဘာမှမပြောပဲ ကားတံခါးတစ်ဖက်ခြမ်း(lover seat)ဖက်ကို ပြေးသွားကာ ကားထဲမှ ပစ္စည်းတစ်ခုထုတ်နေလေသည်။ သူမ..ကျွန်တော့်နားပြန်ရောက်လာချိန်တွင် ဘာပြောရမှန်း မသိနိုင်လောက်အောင် ကျွန်တော်ဆွံအသွားသည်။

သူမလက်ထဲတွင် ကျွန်တော့်ခါးလောက်အမြင့်ရှိသော ၀က်ဝံရုပ်တစ်ခု၊ ပြီးတော့ ကျွန်တော့်လက်ထဲသို့ ထိုးထည့်လေသည်။
"ကိုကြီး..ဒီဝက်ဝံရုပ်ကို ယူသွားနော်။ မီးငယ်ခရီးသွားနေတုန်း..မီးငယ်ကိုယ်ပွား ဒီကောင့်ကို ထားခဲ့မယ်။ ဒါပဲ"
သူမစကားက ပြတ်သားလှသည်။ ဘေးကျပ်နံကျပ်။
"မီးငယ်..ကိုယ်ကစစ်သားနော်..မီးငယ်။ ဒီအရုပ်ကြီးက ဘာလုပ်ရမှာတုန်း။ မီးငယ်ကို သတိရရင်ဖုန်းဆက်လိုက်မယ်လေ။ ဒါကြီးကို မထားခဲ့နဲ့ကွာ။"
သူမ မျက်နှာက ငိုတော့မယောင်။ သြ..မိန်းကလေးတွေများ တယ်လည်းတတ်နိုင်ကျသကိုး။ နောက်ဆုံးတွင်တော့ အမောင်ယောကျာ်းကြီးကပဲ သဘောထားကြီးရတော့သည်။ သူမက ၀မ်းပန်းတသာဖြင့် ပြန်ရန်ကားပေါ်သို့တက်သွားလေသည်။ တပ်ဂိတ်တံခါးဖွင့်သံကြောင့် နောက်ဖက်ကိုလှည့်ကြည့်မှ တပ်ရင်းမှူး၏ကားဝင်လာလေသည်။

ပြသနာက စပါပြီ။ ၀တ်ထားတာ ယူနီဖောင်း။ လက်တစ်ဖက်မှာက ၀က်ဝံရုပ်တစ်ကောင်။ အလေးကပြုရတော့မည်။ အရုပ်ကလည်း ပစ်ချမရ။ အလေးကလည်း မပြု၍မရ။ နောက်ဆုံးတွင်တော့ အရုပ်ကို ဘေးကပ်လျက်ပိုက်ကာ အလေးပြုလိုက်ရသည်။ သူမကတော့ အဖြစ်အပျက်များအားလုံးမြင်ကာ လျှာလေးသာထုတ်ပြကာ ထွက်ခွာသွားလေသည်။ ကျွန်တော်လည်း ရှက်ရှက်ဖြင့် အခြားသူများ ထပ်မမြင်ခင် အရုပ်ကို ရင်ဝယ်ပိုက်ကာ အဆောင်သို့ပြေးရလေသည်။

ဝက်ဝံလေးရောက်ပြီး ၂ရက်မြောက်နေ့တွင် ရင်းမှူးကလိုင်းတွေစစ်မယ်ဆိုတော့ ပြသနာက စပါပြီ။ ဒီအကောင်ကိုက ဘယ်နားသွားထားရမည်မသိ။ သေတ္တာကလည်း ဟမ်ဘာကာဖြစ်နေပြီ။ အိမ်သာထဲကလည်း ထည့်လို့မကောင်း။ နောက်ဆုံးတွင်တော့ ကတင်ပေါ်တွင်သာ နံရံကိုမှီ၍ အခန့်သားထိုင်ခိုင်းထားလိုက်တော့သည်။ ကျွန်တော့်အခန်းဝသို့ ရင်းမှူးရောက်ချိန်တွင် ဘာမှမပြောဘဲ ခပ်ပြုံးပြုံးဖြင့်သာ ကျွန်တော့်ပခုံးကိုပုတ်ကာ ပြန်ထွက်သွားလေသည်။ ထိုမှသာ ကျွန်တော်အသက်၀၀ရှူနိုင်တော့သည်။ ကျွန်တော့်အဖြစ်ကို ညီတော်များက ပြောပြောကာ အောချနေကြလေသည်။

သြ..ချစ်သူ၏ ကိုယ်ပွားလေး...ချစ်သူ၏ကိုယ်ပွားလေး။ ကျွန်တော့်ချစ်သူအပါအ၀င် မိန်းကလေးများကို အကြံပေးချင်တာကတော့ ယောကျာ်းလေးများနှင့် အရုပ်ဆိုတာ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကျွန်တော့်ချစ်သူလေးကိုလည်း ဒီဘလော့လေးကို ဖတ်ပြီး သိစေချင်တယ် (ကိုယ်တိုင်တော့ မပြောရဲဘူး။) ကျွန်တော့်၏ ချစ်သူကိုယ်ပွားလေး...........နားလည်ပေးနိုင်ပါစေ။

7 comments:

servena said...

သူ့အကြောင်းလားမသိဘူး... :D မှန်၏။ ယောက်ကျားလေးကတော့ စိတ်ညစ်တာပေါ့

မီးမီးငယ် said...

ကိုအာမီကလဲ

တစ်ခုထပ်မှတ်ထားလိုက်ပြီ
ဘာလို့ လဲဆိုတော့ကျွန်မလဲ အရုပ်သိပ်ကြိုက်တာ

ဒီလိုမျိုးမကြုံရအောင်လေ
း)

နှင်းပွင့်ဖြူ said...

အဟတ်ဟတ်......
မပေးဘူးစိတ်ချ.....

အဲ့အဲ့......... အဲ့လိုအရုပ်မျိုးကတော့ ချစ်သူဆီက အရမ်းလိုချင်တယ်။
အရုပ်တင်မကဘူး အကုန်လိုချင်တယ် .... လောဘကြီးနေပီလားမသိ :P

GreenGirl said...

မမရဖူးတာကတော့ ၀က်ဝံရုပ်ဟုတ်ဖူး...လူကလေးလေးအရုပ်ဗျား.. တကယ်ကို ကလေးအမေလို့ကို အထင်ခံရရော :D

megumi said...

အရုပ်လေးက ချစ်စရာလေး :P :P

အိပ်မက်နိဒါန်း said...

ပြောလိုက်လေ..မီးငယ်ရယ်..ကိုကြီး အရုပ်တော့မယူပါရစေနဲ့..ဓါတ်ပုံကြီးကြီးလေးလေးသာပေးခဲ့ပါလို့..

Unknown said...

အဟားဟား ... မြင်ယောင်ကြည့်ယုံနဲ့တင် ၇ီချင်စရာကြီးဖြစ်နေပြီ .. အဟီး
ဖြစ်လိုက်ရင် တလွဲတွေချည်းပဲ ..တကယ်.. တကယ်

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us