Sunday, January 11, 2009

+ ကျောင်းတော်က မုန့်ဟင်းခါး


ချယ်ရီတွေဝေနေတဲ့ အမိကျောင်းတော်ကြီးရှိရာ ပြင်ဦးလွင်မြို့သို့ တာဝန်ကိစ္စတစ်ခုကြောင့် ရောက်ရှိလာခဲ့သည်။ တာဝန်များပြီးလို့ ကျောင်းတော်ဝင်းအတွင်းဖြတ်သန်းရင် တစ်ချိန်က မိမိတို့ဗိုလ်လောင်းဘ၀ကို အမှတ်ရမိသေးသည်။ ခုနှစ်သက္ကရာဇ်က ဆယ်စုနှစ်ပင်တိုင်တော့မည်.. သို့ပေသော်လည်း မိမိတို့ရင်ဝယ် အမိကျောင်းတော်ကြီးနှင့်တကွ ဗိုလ်လောင်းဘ၀နေ့ရက်များသည် အမြဲရှင်သန်နေသော အမှတ်တရလေးများဖြစ်သည်။

ကျောင်းတော်သို့စရောက်လာသောအချိန်မှစ၍ ခင်မင်ခဲ့သော သူငယ်ချင်းများသည်လည်း နိုင်ငံတော်တာဝန်ကို ကျရာနေရာတွင် တကွဲတပြားတာဝန်ထမ်းဆောင်နေရသော်လည်း ပြန်လည်ဆုံစည်းကြချိန်များတွင် ညီအစ်ကိုရင်းချာပမာ သွေးစည်းချစ်ခင်ကြသည့် အမိကျောင်းတော်ကြီးက မွေးဖွားပေးလိုက်သော် ရဲဘော်ရဲဘက်ညီနောင်များဖြစ်သည်။ အတွေးများသည် လေတိုက်လျှင်တောင် လွင့်စရာမရှိသော အလွန်ရှင်းလင်းသောဆံပင်ပုံစံဖြင့် ညိုမောင်းသော အသားအရည်လေးများပိုင်ရှင်ဗိုလ်လောင်းဘ၀သို့ရောက်ရှိသွားတော့သည်။

ကျွန်တော်တို့သူငယ်ချင်းတစ်စုသည် ဗရုတ်ကျရမည်ဆိုထိပ်ဆုံးကဖြစ်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ထိုနေ့က ကျွန်တော်တို့ထဲမှ သူငယ်ချင်းဖြစ်သူ ပအိုဝ့်တိုင်းရင်းသားလေးက ကျွန်တော်တို့အားလုံးကို မုန့်ဝယ်ကျွေးမည်ဆိုသောကြောင့် အားလုံး မယုံကြည်နိုင်ကျ။ အားလုံးမရှိခြင်းတူသည့် ဘူများပင်ဖြစ်သောကြောင့် မယုံကြည်နိုင်ခြင်းဖြစ်သည်။ သို့သော်လည်း ၀ယ်ကျွေးမည့်သူက ကျွေးမည်ဆိုမှတော့ စားမည့်သူကလည်း လက်နှေးနေ၍မကောင်း။ မောင်မင်းကြီးသား ကျန်းမာပါစေ…ချမ်းသာပါစေပေါ့။ ဆုတွေပေးလိုက်ရတာ အမော…

သူငယ်ချင်းဖြစ်သူက အဆောင်ရှေ့တွင် တွန်းလှည်းလေးဖြင့် လာရောင်းသော ကိုမောင်မုန့်ဟင်းခါးဝယ်ကျွေးမည်ဆိုတော့ အားလုံးက ပျော်လို့မဆုံး။ အားလုံးကို တစ်ယောက်တစ်ပွဲနှုံးဖြင့်သာ ၀ယ်ကျွေးမည်ဆိုသောကြောင့် စိတ်မကောင်းတောင်ဖြစ်မိသည်။ သို့သော်လည်း အလကားစားရတာပဲဟူ၍သာ အပီကြိတ်ကြတော့သည်။ ကျွန်တော်တို့လိုပဲ အခြားဗိုလ်လောင်းများကလည်း အေးမျှသော တောင်ပေါ်မြို့ကလေးအအေးဒဏ်ကို ခံတုပြီး အငွေ့တထောင်းထောင်းဖြင့် မုန့်ဟင်းခါးပူပူလေးကို အားပေးနေသောကြောင့် ကိုမောင်တစ်ယောက် လက်မလည်အောင် မအားနိုင်ခဲ့။ စားလို့သောက်လို့ပြီးတော့ ဒကာသူငယ်ချင်းဖြစ်သူက အားလုံးကို ပန်းကန်များကို ချထားခိုင်းကာ ပြန်စေသည်။ ဘာကို ဆိုလိုမှန်းမသိတော့လည်း သူပြောတဲ့အတိုင်းလုပ်ရတာပေါ့။ နောက်ဆုံးတော့ ကိုယ်တော်ချော သကောင့်သားက မုန့်ဟင်းခါးဖိုးကိုပါ မပေးပဲ သူပါတစ်ပါတည်းလစ်လာခဲ့သည်။

ပေးထားတဲ့ဆုများကိုမှ အားမနာ။ ပြီးတော့သူကပြောလိုက်သေးသည်….
“ငါတို့နေ့တိုင်းအားပေးနေတာပဲကွာ။ ဒီတစ်ရက်လောက်ကတော့ သူ ငါတို့ကို အလှူအဖြစ်ကျွေးသင့်ပါတယ်။”
ထိုအကြောင်းအရာလေးကို သူငယ်ချင်းများဆုံတိုင်းပြန်ပြောမိသကဲ့သို့ မုန့်ဟင်းခါးစားတိုင်း သတိရနေမိသည်။ သူငယ်ချင်းတို့ရေ… ရင်ထဲမှာရှိတဲ့ ချယ်ရီမြေက အမှတ်တရတွေဆိုတာ ပြောလို့မကုန်ပါဘူး။ ကျောင်းတော်ဝင်းအတွင်းလမ်းလျှောက်ရင်း စစ်ရေးပြကွင်းပြင်ကြီးဖက်ဆီမှ ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးလေးတစ်ခု၏ သယ်ဆောင်ပေးလိုက်သော အတိတ်ဆီက ပုံရိပ်များကို သတိရရင်း …ရင်ထဲရှိတဲ့ရောက်လာတဲ့ အမှတ်တရလေးတစ်ခုကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။

ရတခ

ဓါတ်ပုံကို ဒီနေရာမှကူးယူတင်ပြပါသည်။


7 comments:

GreenGirl said...

များပြီကွာ :P

ကိုရင်ညိန်း said...

လမ်းမှာတွေ့ရင် ကျွန်တော့်ကို မခေါ်နဲ့နော် ။ တော်ကြာ တစ်ဖွဲ့တည်းသားထင်ပြီး အတောင်းခံနေရဦးမယ် ။
လုပ်စားနေတာ အတော်ကြာပြီထင်တယ် ပိပိရိရိတော့ အရှိသားဗျ .. နော .. :P အဟေးဟေး
(ပြင်ဦးလွင်က မုန့်ဟင်းခါးဆိုင်တွေကို သတိရသွားတာတော့ အမှန်ပဲဗျ )

ဖြိုးငယ် said...

ဆိုးပါ့ .. ဆိုင်က အလှူနဲ့တိုးသွားတာကို ...

မီးမီးငယ် said...

အဲဒိနေ့ က ကိုမောင် အရင်းပြုတ်သွားတယ်လေ
း)

ပန်းခရေ said...

မုန့်ဟင်းခါး လာစားတာ ကျန်သေးလား...

megumi said...

လုပ်ပုံ၊ လုပ်ပုံ :P :P

Fan said...

ta kal gee ae' lo lote lite tar lar?

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us