Showing posts with label ဟာသရသ. Show all posts
Showing posts with label ဟာသရသ. Show all posts

Saturday, November 29, 2008

+ သူတို့ အမြင်နှင့် အတွေး

ဖားစည်သံတွေ မြည်ဟိန်းနေတဲ့ သံလွင်မြစ်ကြီးဘေးကမြို့လေးဆီကို ဆေးမှူးတာဝန်နဲ့ ကျွန်တော်တာဝန်ကျရာ တပ်မတစ်ခုကိုရောက်ရှိလာပါတယ်။ ရောက်ရောက်ချင်းတော့ တပ်မိသားစုနဲ့စပြီး မိတ်ဆက်တဲ့အနေနဲ့ ပွဲလေးတစ်ခုလုပ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်လေးကလည်း ဒီပွဲလေးဆီက ရလာတဲ့ အတွေးအမှင်စလေးပါ။


ကျွန်တော်တို့ သမားဇာနည်များရဲ့ တာဝန်ထမ်းဆောင်မှုများကတော့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသော အောင်စစ်သည်များ၏ ကျန်းမာရေးကို စောင့်ရှောက်မှုအပြင် ၄င်းတို့၏ မိသားစုများ၏ ကျန်းမာရေးကိုပါ ပြုစုစောင့်ရှောက်ပေးရသော သမားဇာနည် အောင်စစ်သည်များဖြစ်ပါသည်။ တပ်တွင်း အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များကိုလည်း ကျန်းမာရေးဗဟုသုတများကိုလည်း အချိန်နဲ့တပြေးညီ ပြောကြားအသိပညာပေးရမည့် တာဝန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။

ထိုနေ့ပွဲလေးမှာတော့ ကျွန်တော်တင်ဆက်ဆွေးနွေးတဲ့ အကြောင်းအရာလေးကတော့ သားဆက်ခြားခြင်း အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ သားဆက်ခြားသည့် ဆေးကို လိမ့်ပတ်လည်အောင် ပုံမှန်သောက်ခြင်းဖြင့် သားဆက်ခြားနိုင်သကဲ့သို့ ဆေးသောက်ရန်ပျက်ကွက်တတ်သူတွေ အတွက် အလွယ်ကူဆုံးသားဆက်ခြားခြင်းကတော့ ကွန်ဒုံးကို အသုံးပြုခြင်းဆိုတဲ့ အကြောင်းအရာလေးကို သေသေချာချာ တင်ပြဆွေးနွေးခဲ့ပါသည်။ ကျွန်တော့်တင်ပြဆွေးနွေးမှု အဆုံးမှာ စစ်သည်များဖက်မှ မရှင်းလင်းတာလေးများမေးနိုင်တယ် ဆိုတဲ့ စကားလေးအဆုံးမှာတော့ စစ်သည်တစ်ဦးက ကွန်ဒုံးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အရာတစ်ခုကို သူ့အတွေးလေးဖြင့် ပြောလိုက်ပုံက
"ဗိုလ်ကြီးတင်ပြတာကို လက်ခံပါတယ်။ တကယ်တော့ ဗိုလ်ကြီးတို့ပြောတဲ့ ကွန်ဒုံးကို အသုံးပြုရတာ အဆင်မပြေပါဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ ပူအိုက်လို့ရေချိုးပါတယ်ဆိုကာမှ မိုးကာဝတ်ပြီး ရေချိုးနေရသလိုပါပဲ" တဲ့ခင်ဗျာ။ စကားအဆုံးမှာတော့ ကျောင်းဆင်းကာစ အရာရှိပေါက်စ လူပျိုလေး သမားဇာနည်ကျွန်တော်သည် ခန်းမအရှေ့တွင် မည်သို့ပြောရမည် မသိအောင် ဆွံ့အသွားပါတော့သည်။ ခန်းမတစ်ခုလုံးလည်း ရယ်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

စာအပြည့်အစုံသို့….

Wednesday, October 8, 2008

+ တွေ့ကြုံခဲ့ရ လူ့ဘ၀ (နမော်နမဲ့)


"နမော်နမဲ့"ဟူသော စကား၏ အဓိပ္ပါယ်ကို မြန်မာတိုင်းလိုလိုနားလည်ကြမည်ဖြစ်ပါသည်။ လူတိုင်းသည်လည်း ကလေးဘ၀မှစ၍ ယခုအရွယ်အထိ "နမော်နမဲ့"လုပ်ရပ်တစ်ခု မဟုတ်တစ်ခုတော့ လုပ်ဖူးကြမည်ထင်ပါသည်။ စာရေးသူသည်လည်း လုပ်ခဲ့ဖူးပါသည်။ သို့သော်လည်းကိုယ့်ကိုယ်ကို နမော်နမဲ့ မလုပ်မိစေရန် ဆုံးမသတိပေး ပြုပြင်သွားပါက တနည်းအားဖြင့် အရာရာကို အသေးစိတ် သတိထားပြီး၊ အမြဲအသိစိတ်ဖြင့် လုပ်ဆောင်သွားပါက "နမော်နမဲ့" ဖြစ်စဉ်လေးများ တစ်ဖြေးဖြေးလျော့သွားနိုင်ပါသည်။ ကျွန်တော့်တွင် သူငယ်ချင်းတစ်ဦးရှိပါသည်.......

ကလေးဘ၀မှစ၍ နမော်နမဲ့၊ လူလတ်ပိုင်းတွင်လည်း နမော်နမဲ့၊ ဘာပဲလုပ်လုပ် အရာရာနှင့် အကြောင်းကြောင်း၊ သို့သော်ဝန်ထမ်းဘ၀တွင် အတန်အသင့်အောင်မြင်ခဲ့ပြီး ကံအားလျော်စွာ အရာရှိကြီးတစ်ဦး၏ ကိုယ်ရေးအရာရှိအဖြစ်ရွေးချယ်ခံရပါသည်။ သို့သော် ထိုနမော်နမဲ့ဖြင့် တစ်နံနက်သာခံပြီး ကိုယ်ရေးအရာရှိဘ၀မှ စုတေခဲ့ရပါသည်။
အကြောင်းမှာ ကိုယ်ရေးအရာရှိ တာဝန်စတင်ထမ်းဆောင်ရွက်မည့်မနက်၊ အသေအချာ ၀တ်စားပြီး အရာရှိကြီးအိမ်သို့ ရောက်နေခဲ့ပါသည်။ ကားကြီးကို ဆင်ဝင်အောက်တွင် အသင့်ရပ်ထားပြီး အရာရှိကြီးထွက်အလာကို သေသေချာချာ စောင့်နေခဲ့ပါသည်။ အိမ်ထဲမှ ထွက်လာပါပြီ၊ ဇနီးကလည်း လက်ပြ 'တာ့တာ'လုပ်ရန် ကြည်လင်ရွှင်ပြုံးသော မျက်နှာလေးဖြင့် အရာရှိကြီး၏ နောက်က ကျော့ကျော့လေးကပ်ပါလာပါပြီ။
ပထမဆုံးနေ့ဖြစ်ရာ ကျွန်တော့်တို့၏ ဇာတ်လိုက်ကြီးလည်း မျက်နှာကို အချိုသာဆုံး၊ အယဉ်ကျေးဆုံး ပုံသဏ္ဍန်ဖြင့် ရုပ်ရှင်ကားများထဲမှကအတိုင်း လူကြီးထိုင်မည့်ဘက်၊ ကားနောက်တံခါးကို စမတ်ကျကျဖွင့်ပေးလိုက်ပါပြီ။ လူကြီးကလည်း ရာဇအိနြေ္ဒလေးဖြင့် တင်ပုလွှဲလေးဝင်ထိုင်ပြီးချိန်တွင် ကျွန်တော့်သူငယ်ချင်းလည်း နောက်တံခါးကို ဆောင့်ပြီးပိတ်လိုက်ရာ အရာရှိကြီး၏ ညာခြေကျင်းဝတ်ကြီးက တံခါးကြားတွင် ညှပ်မိသွားပါတော့သည်။ လူကြီး၏ နာကျင်စွာအော်လိုက်သံ၊ 'တာ့တာ'လုပ်နေသော လူကြီးကတော်ထံမှ အလန့်တကြားအော်သံများသည် ကျွန်တော့်သူငယ်ချင်းအတွက် ကိုယ်ရေးအရာရှိဘ၀ နောက်ဆုံးအချိန်အဖြစ် အမိန့်ချမှတ်သံများ ဖြစ်ခဲ့ရပါတော့သည်။

မေတ္တာဖြင့်
စွန်ရဲ

စာအပြည့်အစုံသို့….

Thursday, October 2, 2008

+ တွေ့ကြုံခဲ့ရ လူ့ဘဝ


တနေ့တွင် ကျွန်ုပ်၏ဆရာက သူ ဗိုလ်ကြီးဘ၀တွင် တွေ့ကြုံခဲ့ရသော တပ်သားတစ်ယောက်အကြောင်း ရယ်မောဖွယ်ရာ ပြောပြခဲ့ပါသည်။ ထိုစဉ်က ဆရာတို့တပ်ရင်း ပြန်လည်ဖွဲ့စည်းလေ့ကျင့်နေခဲ့ပါသည်။

တပ်ရင်းဋ္ဌာနချုပ်၏ အနောက်ဘက်တောအုပ်လေး၏ အရိပ်အာဝါသကောင်းသောနေရာတွင် နေ့လည်ခင်း ထမင်းစားချိန်၊ ပဲ ဆိပ်လေးတက်နေစဉ်၊ စစ်မြေပြင်၌ လှုပ်ရှားနေသော ပစ်မှတ်ကို မှန်အောင်ပစ်ခတ်နည်းကို နည်းပြတပ်ကြပ်ကြီးက ပို့ချနေပါသည်။

လှုပ်ရှားနေသော ပစ်မှတ်အား ပထမသေနတ်ပြောင်းဖြင့် တစ်တန်းတည်း ထိုး "ချိန်"၊ နောက် "လိုက်ချိန်"၊ ထို့နောက် "ကြိုချိန်"၊ နောက်ဆုံးမှ ခလုတ်ဆွဲပစ်ရမည်ဖြစ်ပါသည်။ ထိုအဆင့်(၄)ဆင့်ကို နည်းပြဆရာက သင်တန်းတပ်စုတစ်ခုလုံးကို လိုက်ဆိုစေပါသည်။ "ချိန်" "လိုက်ချိန်" "ကြိုချိန်" "ပစ်" သင်တန်းသားများကလည်း လိုက်သာဆိုနေရသည် တစ်ချို့က မျက်လုံးများမဖွင့်နိုင်အောင် "ပဲ" ဆိပ်တက်နေကြပြီး မနက်ပိုင်းသင်တန်းက တပ်စုတိုက်စစ် "ကျား" အကြိမ်ကြိမ်ထိုးထားခဲ့ရပြီး နေ့လည်စာထမင်းကိုလည်း တနင့်တပိုးစားခဲ့ကြသည်။ မျက်ခွံနှစ်ခုက ကမ္ဘာပေါ်တွင် အလေးဆုံးသော အရာဝတ္ထုနှစ်ခု ဖြစ်လာကြပြီ။

ထို့ကြောင့်လည်း ဆရာက သင်ခန်းစာ အတိုကောက်ကို လိုက်ဆိုစေခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးအတန်း ဘယ်အစွန်က ရဲဘော်သိန်းတိုး လိုက်ဆိုတာမတွေ့။ မျက်လုံးပင်မဖွင့်နိုင်တော့။ ထို့ကြောင့် ဆရာက မတ်တပ်ရပ် သတိဆွဲထားစေပြီး "ရဲဘော်သိန်းတိုး" ခဏက အားလုံးဆိုသွားတဲ့ အချက်(၄)ချက်ကို အားလုံးကြားသွားအောင်၊ တပ်ရင်းရုံးကပါ ကြားရအောင် အသံကျယ်ကျယ်နဲ့ "အကျယ်ကြီး သုံးခါအော်လိုက်စမ်းကွာ" ဟုအမိန့်ပေးလိုက်ပါသည်။

ရဲဘော်သိန်းတိုးကလည်း "ဟုတ်" ဟုတစ်ခွန်းအစပျိုးပြီး အကျယ်ကြီး "သုံးခါ" အော်လိုက်ပါသည်။
"အကျယ်ကြီး"
"အကျယ်ကြီး"
"အကျယ်ကြီး" တပ်စုတစ်စုလုံး ဟားတိုက်ရယ်မောကြသည်မှာ အိပ်ချင်စိတ်များပင် ပျောက်သွားကြပါတော့သည်။

မေတ္တာဖြင့်
စွန်ရဲ

စာအပြည့်အစုံသို့….

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us