Monday, July 14, 2008

+ ကျွန်တော်တို့သည် လူထဲကလူ.. လူထဲက စစ်သား


ကျွန်တော်တို့တပ် ရှေ့တန်းက ပြန်သိမ်းလာပြီ။ ရန်ကုန်မှာ စက်တင်ဘာအရေးအခင်း မငြိမ်မသက်ဖြစ်တာရော၊ ကျွန်တော်တို့တပ်ခွဲကို နောက်တပ်ခွဲတစ်ခုနဲ့လဲတာရောကြောင့် နောက်တန်းကို ပြန်ဝင်လာရတယ်။ အိမ်က ဇနီးနှင့် သမီးမျက်နှာကိုတောင် မတွေ့ရသေး...စခန်းရုံးက ထပ်မံပေးအပ်လိုက်တဲ့ နောက်တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ အသင့်ပြင်ရတော့မည်။ အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက် ကြားလိုက်ရသော အကြောင်းအရာတစ်ခုကြောင့် တော်တော်စိတ်မကောင်းဖြစ်မိသည်။

စစ်သားတွေကို ဘယ်ဂြိုလ်က ကျလာတာလည်း၊ သူတို့ကိုရော အဖေ အမေကမွေးတာ မဟုတ်ဘူးလား အစသဖြင့် ပြောဆိုနေတာတွေကို ကြားလိုက်ရတယ်။ ကျွန်တော်တို့ဟာ စစ်သားဆိုတဲ့ ၀န်ထမ်းတွေပါ။ အမိန့်ကို နာခံရမယ်။ နိုင်ငံကို ကာကွယ်ရမယ်။ ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက် ကျွန်တော်တို့ကတော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်ရမှာပါ။ ကျွန်တော်တို့မှာ ဗိုလ်လောင်းဘ၀ကတည်းက ထမင်းမစားခင်တောင် ရွတ်ဆိုရတဲ့ သစ္စာအဓိဌာန်(၄)ချက်အတိုင်း လိုက်နာဆောင်ရွက်နေသည်မှာ...

ဘယ်ဂြိုလ်က ကျလာတဲ့ အကောင်တွေဆိုတဲ့ စကားလုံးဘ၀အောက်ကို ရောက်ကုန်ပြီလား ... ရန်ကုန်မှာ ဒီအခြေအနေရောက်လာတော့မှ ကျွန်တော်တို့ ရှေ့တန်းစစ်မြေပြင်မှာ ချစ်သူ ခင်သူကို ခွဲခွာပြီး အသက်တွေ ချွေးတွေရင်းပြီး တိုက်ပွဲဝင်ခဲ့ရတာတွေက မြူမှုန်လို ပျောက်ကွဲသွားပြီလား။ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေစွန့်လွှတ်လိုက်ရသော စစ်သားတွေနှင့် ကျွန်တော်တို့တွေက ဘယ်ဂြိုလ်က ကျလာတဲ့ အကောင်တွေလည်းဆိုတဲ့ ခေါင်းစဉ်အောက်မှာလား ?????

အတွေးတွေနဲ့လျှောက်လာရင်း အိမ်ရှေ့အရောက်တွင်...ကျွန်တော်အသက်မသေပဲ ပြန်လာတာကို အိမ်ဝမှာ စောင့်နေတဲ့ မျက်ရည်စက်လက်မျက်နှာလေးနဲ့ ကျွန်တော့်ဇနီး၊ လောကကြီးအကြောင်းကို ဘာမှသေချာမသိသေးတဲ့ ကျွန်တော့်သမီး ...
ညစ်ပတ်ပေကျံနေသော ကျွန်တော့်ယူနီဖောင်းရင်ခွင်ဆီကို ဖေဖေ ဟုအော်ကာပြေးဝင်လာသော သမီးလေးမျက်နှာကိုကြည့်ရင်း ဒေါသတရားများကွယ်ပျောက်သွားသည်။ ဘယ်လိုပင်ခံစားနေရပါစေ ကျွန်တော့်တာဝန်ကို ဆက်လက်ဆောင်ရွက်နေရမှာပါ။ စိတ်ဓါတ်စစ်ဆင်ရေးကို မကျဆုံးရအောင် အားပေးနေသော ကျွန်တော့်သမီးနှင့် ဇနီးကတော့ အကောင်းဆုံး အားဆေးတစ်ခွက်ပါ..

4 comments:

မေသူပိုင် said...

အစ်ကိုေ၇
မေသူ ဘယ်ဘလောခ်မှ ကွန့်မန့်ေ၇းလေ့မရှိပါဘူးဒါပေမယ့်ဒီပို့စ်လေးကိုဖတ်ပြီးရင်ထဲ
မှာတနင့်တစ်ပိုးခံစားလိုက်ရပါတယ် မေသူတို့အိမ်လေးကိုလည်းလာလည်ဘို့ဖိတ်ခေါ်ပါတယ်။
တိုင်းပြည်ကိုကာကွယ်နေသောစစ်သားများကိုမမုန်းပါ။ယခုလက်ရှိအခြေနေအရဖြစ်ပျက်နေတာကိုမူတည်ပြီး
လူတွေပြောဆိုနေချင်းသို့မဟုတ်သံယောင်လိုက်နေချင်းဘဲနေမှာပါ၊
ကျမတို့မုန်းသောစစ်သားဆယ်ယောက်တောင်မပြည့်ပါ။
ထိုမုန်းသောစစ်တပ်ခေါင်းဆောင်ကြီးများကို ကောင် တောင်မက သောစကားလုံးများနဲ့ပြည်သူများကြိမ်ဆဲနေတာကိုမကြခဏတွေ့ဘူးပါသည်၊အဲဒီအတွက်ဝမ်းမနည်းမိ၊
မဆိုင်သောစစ်သားများကိုစော်ကားသလိုဖြစ်နေချင်း
တိုင်းပြည်ကိုချစ်သောကာကွယ်သောစစ်သားများကိုစော်ကားသလိုဖြစ်နေချင်းအတွက် စိတ်မကောင်းပါ၊ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်နေချင်းသာဖြစ်ပါသည်
တိုင်းပြည်ချစ်သောစစ်သားများကိုလေးစားလျက်
မေသူ

Htoo Myat said...

ခများတို့ အမိန့်နာခံရမယ် ဆိုတာကို ကျနော် သဘောပေါက် နားလည်ပါတယ်။ စစ်စည်းကမ်း လိုက်နာပြီး အမိန့်ကို သဝေမတိမ်း လိုက်နာတတ်တဲ့ စစ်သားတွေ ရှိတဲ့ တပ်ဟာ အတော်လေး ပြည့်စုံ ကောင်းမွန်တဲ့ စစ်တပ်လို့ ပြောနိုင်ပါတယ်။

အခု ကျနော်တို့ မြန်မာနိုင်ငံတော်ရဲ့ တပ်မတော်သားတွေ အနေနဲ့ အဖက်ဖက်က ထိမ်းချုပ်၊ အနီးအနားမှာ သူ့လူ ကိုယ်လူ မသိနိုင်လို့ အမြင်ကို အများသိအောင် မပြောရဲတာမျိုး ရှိနိုင်ပါတယ်။

ဒါပေမဲ့ ပြည်သူကို ပစ်တာဟာ နိုင်ငံ့ ကာကွယ်ရေး အတွက်လား ဆိုတာကတော့ စဉ်းစားစရာ ဖြစ်မိပါတယ်။

အမိန့်နာခံမှုကို လေးစားပါတယ်။ :)

Anonymous said...

လိုတာထက်ပိုပြီး အမိန့်နာခံတဲ့ တပ်သားတွေ တွေ့ပါတယ်၊ ပုံးနေတဲ့ ဟာမမြင်လဲမမြင်နိုင်တဲ့ နေရာမှာပါဗျာ၊ လိုတာထက်ပိုလုပ်သွားကြတယ်၊
အမျိုးသားပြန်သင့်မြက်ရေး လိုလာမှာပါ

ဖြိုးထက်မြင့် said...

သူငယ်ချင်းရဲ့စာအရေးအသားကောင်းပါတယ်။ ဒီပို့လေးနဲ့ပတ်သတ်လို့တော့နည်းနည်းပြော
ကြည့်ချင်ပါတယ်။ ပြည်တွင်းမှာ ဖြစ်ပွားတယ်ဆိုတာက သောင်းကျန်းသူ
မဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ် ပစ်ခတ် နှိမ်နှင်းတာ
တော့ မကောင်းဘူးထင်တယ်။ သစ္စာ အဓိဌာန်
(၄) ချက်မှာ သံဃာတော်တွေနဲ့ အေးချမ်းစွာ
တောင်းဆိုမှု့တွေကို ပစ်ခတ်ဖို့မပါဘူးထင်တယ်။
တကယ်သာ ဒီစက်တင်ဘာ လှုပ်ရှားမှု့ကို သူငယ်ချင်းက ပါဝင် နိုပ်ကွပ်ခဲ့ရင်တော့ ဘာမှကိုသေချာ မသိသေးတဲ့ ခင်ဗျား သမီးလေးအတွက်ကတော့ အရိပ်မဲပဲထင်တယ်ဗျာ။

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us