Monday, July 14, 2008

+ ကျွန်တော်ဖြစ်ချင်သော စစ်ဗိုလ်ကြီး


အေးမြသော ဆောင်းရာသီအချိန်လေးတွင် ကျွန်တော်သည် ချယ်ရီမြေဟုတင်စားခေါ်ကြသော တောင်ပေါ်မြို့ကလေးဖြစ်သည့် ပြင်ဦးလွင်မြို့ကို ရောက်ရှိလာပါသည်။ ကျွန်တော် အနှစ်နှစ်အလလ စိတ်ကူးရင်ခဲ့ရသော ကျောင်းတော်ကြီး၏ ပရ၀ုဏ်သည် ထင်ထားသည်ထက်ပင် ကျယ်ပြောကာ အလွန်တရာ ကြည့်ကောင်းလှသည်။ ကျွန်တော့်လို အခြားသော သူများသည်လည်း ရည်ရွယ်ချက်ပေါင်းစုံဖြင့်သာ ဤကျောင်းတော်ကြီးကို ရောက်ရှိလာကြသည်။ စစ်တက္ကသိုလ်ဝင်ခွင့်ရသော အပျော်သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော အခါပျော်သော အပျော်ထက်များစွာသာခဲ့ပါသည်။ ထိုသို့သော အပျော်များဖြင့်.......

ဒေါက်မတင်ရသေးသော ပထမနှစ်ကျောင်းသားလေးများ ကျွန်တော်တို့သည် အထက်မှ ညွန်ကြားချက်များအတိုင်း နေထိုင်ကျင့်ကြံလိုက်နာ စားသောက်ရသည်။ ဗိုလ်လောင်းအစစ်မဟုတ်သေးသော ဖားတစ်ပိုင်းငါးတစ်ပိုင်းဘ၀တွင် အိမ်ကိုသာ လွမ်းမိသည်။ ကျွန်တော့်အိမ်လေးသည် ရတခတိုင်းဒေသတွင်ပါဝင်သော ကျေးရွာလေးတွင်ဖြစ်သည်။ ဆက်သွယ်ရေးလိုင်းများက အများသုံးတယ်လီဖုန်းကိုသာ အားထားရသော ဒေသလေးဖြစ်သည်။ ဖေဖေနှင့် မေမေသည်လည်း ကျွန်တော် စစ်ဗိုလ်ကြီးဖြစ်လာအောင် အားပေးမှုတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ ကျွန်တော့်ထံသို့ ရလျှင်ရသလို ရက်ခြားနီးပါး ဖုန်းဆက်အားပေးကြသည်။ မနေ့ကအဖြစ်အပျက်လေးသည် ကျွန်တော့်ဘ၀တွင် မှတ်မှတ်ရရဖြစ်ခဲ့သည်။

ကျွန်တော်အပြစ်ပေးခံထိသော အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်တွင် အမေ့ဆီကဖုန်းလာသည်တဲ့.... ကျွန်တော်စကားမပြောနိုင်အောင် ၀မ်းနည်းမှုတွေ လည်ချောင်းဝတွင် ဆို့နေသည်။
"ဟယ်လို....ပြောပါ။"
"သား...အဆင်ပြေရဲ့လား။ မေမေပါကွယ်။ သားကို သတိရလို့ကွဲ့။ သား..ဒေါက်တင်ပွဲက xxxxx ရက်ဆို။ အမေတို့ဒေါက်တင်ပွဲကို မလာတော့ဘူး...လာလို့ကုန်မယ့်ပိုက်ဆံကို သား..သုံးလို့ရအောင် အမေတို့ပို့ပေးလိုက်မယ်နော်။ သား...ချောင်ချောင်လည်လည်လေးသုံးရတာပေါ့။"
ကျွန်တော်...ဘာမှ ပြောမထွက်ပါ။ မေမေ..မလာတော့ဘူးဆိုတာကြားကြားခြင်းပင် ငိုချင်စိတ်က ထိန်းမရတော့ ကျွန်တော် မေမေ့ကို တွေ့ချင်ပါသည်။ မေမေ့လက်လေးဖြင့် ကျွန်တော့်ခေါင်းလေးကို သပ်ပေးကာ သား အရာရာအောင်မြင်ပါစေလို့...ဆုတောင်းပေးတာလေးများကို ခံချင်ပါသည်။
"မေမေ......"
"သား........ငိုနေတယ်...ဟုတ်လား။ သားရယ်..ဘာဖြစ်တာတုန်း။ သား...နေမကောင်းလို့လား။ သား....."
မေမေ့ဆီမှ စိတ်ပူသံဖြင့် ဖုန်းထဲမှ ပလုံးပထွေးကြားနေရသည်။ ကျွန်တော် ပျော့ညံ့မိပါသည်...
"သား..."
"ဟုတ်...ဖေဖေ။"
"မင်း...ယောကျာင်္းမဟုတ်ဘူးလား။ မင်းဖြစ်ချင်လှပါတယ်ဆိုတဲ့လမ်းကို ရွေးပြီးတော့မှ မင်းက နောင်တမျက်ရည်ကျတာလား။ စစ်သားလုပ်မည့်သူက ဒီလောက်မပျော့ညံ့သင့်ဘူးလေးကွာ။"
"ဟုတ်ဖေဖေ..သား..အပြစ်လုပ်မိလို့ ဒါဏ်ပေးခံထိထားလို့ပါ။"
"မင်း မှားလို့..မင်း အပြစ်ပေးခံထိတာပဲ။ ဒါကို မျက်ရည်မကျနဲ့လေကွာ။ ဒီမှာ မင်းငိုလို့မင်း အမေက ဖုန်းတောင်မပြောနိုင်တော့ဘူး။ ငိုနေပြီ.. မင်းရဲ့ ဒေါက်တင်ပွဲကို အဖေတို့လာခဲ့ပါတော့မယ်ကွာ။ ဒီမှာက စပါးမရောင်းရသေးတော့ ငွေမပေါ်သေးဘူးကွ။ ဒါပေမယ့် စိတ်ချ..သား။ အဖေတို့ အရောက်လာခဲ့မယ်..ဟုတ်ပလား။ တိတ်တော့။ ယောကျာင်္းက မျက်ရည်ကျတာ ပျော့ညံ့လို့ကွ။ ဖေဖေတို့မျိုးရိုးမှာ မင်းက ပထမဆုံးစစ်ဗိုလ်ကြီးဖြစ်မယ့်ကောင်ကွ။ အားတင်းထားစမ်းပါကွာ။"
"ဟုတ်...ဖေဖေနှင့် မေမေ ကျန်းမာရေး ဂရုစိုက်နော်။"

ဖုန်းလေးကျသွားပါပြီ...ကျွန်တော်လည်း အပြစ်ဒါဏ်ကို လုပ်ဆောင်ရန်သွားရပါတော့မယ်။ သို့သော် ဖုန်းမလာခင်ကခြေလှမ်းနှင့် ယခုခြေလှမ်းတို့မှာ ကွာခြားသွားလေသည်။ ဖေဖေနှင့် မေမေသည် ကျွန်တော်ဗိုလ်လောင်း ပထမနှစ်ကျောင်းသားဘ၀ကို အားပေးခဲ့ကြသော နောင်တစ်ခေတ်၏အောင်စစ်သည်၏ သားကောင်းမိဘများဖြစ်သည်။ ယခုဆိုလျှင် ကျွန်တော့်၏ကျောင်းသားဘ၀သည် ပျော်ရွှင်မှုများဖြင့်သာ ခုတ်မောင်းနေပါသည်။

(ညီလေးဗိုလ်လောင်း အပတ်စဉ်[၅၃] ပထမနှစ်ကျောင်းသားလေး ... အောင်မြင်စွာဖြင့် ထူးချွန်ဆုတစ်ခုကို ရယူနိုင်ပါစေလို့ ဆုတောင်းရင်း ညီလေးရဲ့ အမှတ်တရညလေးအကြောင်းကို တင်ပြရေးသားမှုကို နားလည်ပေးပါ။)

1 comments:

ကိုရင်ညိန်း said...

တစ်ကယ်ပါဗျာ.. ဒေါက်တင်ပွဲ မတိုင်ခင် ညလေးကို သတိရလို့ မျက်ရည်တောင်လည်တယ်ဗျာ ... ကောင်းတယ်ဗျာ... အားပေးလျက်ပါဗျာ..

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us