Monday, July 14, 2008

+ မီးအိမ်ပိုင်ရှင်လေးကျွန်တော်

တစ်ခါတုန်းက မိတ်ဆွေတချို့က "မင်း ကတော့ ကံကောင်းတယ်ကွာ ကျည်ဝေးရာ တိုင်းတပ်မှာ ပန်ကာလေးနဲ့ ကောင်းလိုက်တာတဲ့ "စစ်သားတွေဆိုရင် လူတွေက စုတ်စုတ်ပြတ်ပြတ်.. ချို့ချို့တဲ့တဲ့ပဲ မြင်ချင်တယ်ထင်တယ်။ ကောင်းကောင်းလေးနေရရင် ပြောချင်လာတယ်။ ကျွန်တော်ပိုင်ဆိုင်တာကတော့ အမေပေးတဲ့ မီးအိမ်အိုလေးနှင့် ရေဒီယိုတစ်လုံးပါ။ အခု ကျွန်တော် စခန်းစစ်ထွက်လာတာ တစ်ပတ်ကျော်ပြီ.. စခန်းအားလုံးလည်း ပြီးသလောက်ရှိပါပြီ။ ပြန်ရတော့မယ်ဆိုတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ပေါ့။ စခန်းစစ်ဆိုပေမယ့် ကျော့ကျော့လေး စစ်ရတာတော့ မဟုတ်ပါ။ စစ်ဆင်ရေးထွက်သကဲ့သို့ အစစအရာရာ တစ်စခန်းပြောင်း တစ်စခန်းသတိထားရပါသည်။ ကျွန်တော်နောက်ဆုံးသွားရမယ့် နေရာကတော့ ကဗျာစာချိုးလေးနဲ့ နေရာပါပဲ... ၁၉ ဖာပွန် တမလွန် ဆိုသော..နေရာလေးပေါ့

အသွားမှာပေါ့ ကလေးတွေပြောသလို နိုး ပလုံ ပလုံပေါ့။ အပြန်မှာပေါ့ အဲဒီမှာ စတွေ့တာပဲ ဆိုတဲ့အတိုင်းပါပဲ ပစ်ခတ်မှုနဲ့ဆုံပါသည်။ ကံကောင်းချင်တော့ အမေ့သားလေး.. အမေပို့သသော မေတ္တာကြောင့် ဘေးမသီရန်မခ အေးဆေးစွာ ပြန်ရောက်လာခဲ့ပါသည်။ တပ်ရောက်သည်နှင့်လည်း မိန်းမယူရန် ဆုံးဖြတ်လိုက်သည်။ အခြားတော့ မဟုတ်ပါ.. ကျွန်တော့ ညီမလေးပြောသော ငှက်ပျောတုံးဖက်ရမှာကို စိုးပါသည်။

ဒါပေမယ့်လည်း ညီမလေးရယ်... အစ်ကိုတို့က စစ်သားတွေပါ။ အစ်ကိုတို့ဘ၀ကို နားလည်ပေးမယ့် အိမ်သူသက်ထားကို ရဖို့ဆိုတာ မဟူရာညမှာ အပ်ပျောက်ရှာရတာပါ။ ဖူးစာဆိုတာ ဦးရာလူ ဆိုတော့ အစ်ကိုတို့စစ်သားတွေက တာဝန်တွေဆိုတာ နေ့ရောညပါလေ.. ဘယ်နားမှာ ဦးချိန်ရမှာတုန်းကွာ။ မိန်းမယူထားသော သူငယ်ချင်းများရဲ့ အိမ်သူသက်ထားများကိုလည်း လေးစားမိတယ်။ သူငယ်ချင်းတွေ ဘ၀ကိုလည်း အားကျရင်း ဘာရယ်မဟုတ် ကျွန်တော့်ဖူးစာရှင်လေးကို ရေဒီယိုလေးကို နားထောင်ရင်း အမေပေးတဲ့ မီးအိမ်အိုလေးဖြင့် မီးခွက်ထွန်းရှာနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

[ရတခမှ အစ်ကိုတစ်ယောက်အကြောင်း တစေ့တစောင်း]

1 comments:

ကိုရင်ညိန်း said...

ဒိုင်အောဂျီးနီးစ် က မီးအိမ်ကိုင်ပြီး အမှန်တရားကိုရှာတယ် ကျွန်တော်တို့ကတော့ မီးအိမ်ကိုင်ပြီး ကြင်သူသက်ထားလိုက်ရှာရတော့မယ်ဗျ... အဟေးဟေး ။ ဗျူဟာမှုးကြီးက ဆရာကြီးတစ်ယောက်ကိုပြောတာ မှတ်မိနေသေးတယ် ရှေ့တန်းမထွက်ခင်ပေါ့ “ဆရာကြီးက အိမ်ထောင်ကျပြီးပြီမို့လား ၊ ဒါဆိုရှေ့တန်းထွက်လို့ရပါပြီ ၊ နေရတာတန်နေပြီတဲ့ ” အဟေးဟေး ကျွန်တော်တိုပတော့ မတန်သေးဘူးဗျ .. နော.. အစ်ကိုရာ

စာရေးသူ၏ကိုယ်ရေးရာဇ၀င်

 
Image Hosted by ImageShack.us